ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“ မဂ္ဂင်(၈)ပါး”

“ မဂ္ဂင်(၈)ပါး”

မြတ်စွာဘုရား ဟောကြားတော်မူသော မဂ္ဂင်(၈)ပါး တရားဒေသနာဟာ အလွန် အရေးကြီးတာပါ။ ဘုရားရှင်ဟာ ပထမဦးဆုံး ပဥ္စဝဂ္ဂီ (၅)ဦးကို ဟောတာလည်း ဒီမဂ္ဂင်(၈)ပါး တရားပါပဲ။ မဂ္ဂင်(၈)ပါး တရားဆိုတာ အလုပ်နဲ့ ပတ်သက်တဲ့ လုပ်နည်း၊ ဝိပဿနာတရားကို တက်လှမ်းဖို့ လောကုတ္တရာတရားကို နားလည်လုပ်ကိုင်ဖို့ နည်းပေးတာပါ။

ပထမ သစ္စာတရားကို ဟောတဲ့အခါ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ၊ ဒုက္ခဆိုတာ အဟုတ်ရှိတယ်၊ ဒုက္ခဖြစ်စေတဲ့ အကြောင်းတရားလည်း အဟုတ်ရှိတယ်လို့ပြောတဲ့ တရား(၂)ပါး၊ ဒီဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို လောကီသစ္စာ(၂)ပါး ခေါ်ပါတယ်။ လောကအတွင်းမှာနေကြတဲ့ လူသားတိုင်းမှာ ဒုက္ခရှိနေတယ်၊ ဒုက္ခဖြစ်စေတဲ့ အကြောင်းတရားကလည်း အမြဲလုပ်ပေးနေတယ်ဆိုတာ သိတာ၊ ဒီဒုက္ခသစ္စာကို သေသေချာချာနားလည်မှ သံသာရဝဋ္ဋဒုက္ခ ဆိုတာကို နားလည်လို့၊ သံသရာဝဋ်ဆင်းရဲဆိုတာကို သိလို့ ဒီရုပ်နာမ်တို့ ဖြစ်ခြင်းပျက်ခြင်းနဲ့ နှိပ်စက်တာ ခံနေရတယ်လို့ သိတာ၊ ရုပ်နာမ်တို့ ဖြစ်ခြင်းပျက်ခြင်းနဲ့ နှိပ်စက်နေတာကို သင်္ခါရဒုက္ခ ခေါ်တယ်။

သင်္ခါရဒုက္ခဆိုတာ သက်ရှိသတ္တဝါတို့ ရှင်ရာရှင်ကြောင်းအတွက် အမြဲတမ်း လုပ်ဆောင်နေတာ သင်္ခါရဒုက္ခပါ။ ရှင်ရေးကို ဖြစ်ခြင်းပျက်ခြင်းတို့ တန်းစဉ်ပြီး လုပ်နေတဲ့လုပ်ငန်းဟာ တကယ်ဆင်းရဲတာသိမှ သံသရာဝဋ်ဆင်းရဲကို သိတာပါ။ ဒီသံသရာဝဋ်ဆင်းရဲက ထွက်မြောက်ချင်တဲ့ ဆန္ဒတွေ ပေါ်လာပြီဆိုမှ နည်းလမ်းလိုလာပါတယ်။ ထွက်ဖို့ရာအတွက် လုပ်ငန်းစဉ် နည်းပညာက မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ၊ လောကမှ ထွက်မြောက်ဖို့ ဆောင်ရွက်တဲ့ နည်းပညာက မဂ္ဂသစ္စာ၊ လောကမှ ထွက်မြောက်သွားတာက နိရောဓသစ္စာပါ။ ဒီနှစ်ပါးကို လောကုတ္တရာသစ္စာ ခေါ်ပါတယ်။

မဂ္ဂင်(၈)ပါး တရားကို နှလုံးသွင်းမယ်ဆိုရင် သိက္ခာသုံးပါးကို အရင် ပြန်ခွဲတယ်။ မဂ္ဂင်(၈)ပါး သိက္ခာသုံးပါးဆိုတာ

သီလသိက္ခာ = သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ

သမာဓိသိက္ခာ = သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ

ပညာသိက္ခာ = သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဟာ သမ္မာသမာဓိ ရပြီးမှ ရမယ့်တရားလို့ မှတ်ယူထားကြတယ်၊ ဒါ ဟုတ်ပါတယ်။ သို့သော် နေ့စဉ် လူလောကမှာနေတဲ့ လူဟာ ဒီတရားများကို စတော့မယ်ဆိုရင် သမ္မာဓိမဂ္ဂင်ကို မတည်ထောင်နိုင်သေး၊ အနားကိုတောင် မကပ်နိုင်သေးပါ။ ဒီလို သမာဓိမဂ္ဂင် မတည်ထောင်နိုင်သေးခင် အတောအတွင်း သီလမဂ္ဂင်ကို တည်ဆောက်ရမယ်။

သီလမဂ္ဂင် တည်ဆောက်မယ့် ပုဂ္ဂိုလ်က ရုပ်တရားအကြောင်း၊ နာမ်တရားဖြစ်သော စိတ်အကြောင်းတို့ကို သေသေချာချာရှင်းပြတဲ့ ဗဟုသုတရယ်၊ စိတ်နဲ့ကိုယ် ပူးပေါင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတာကို သေသေချာချာရှင်းပြတဲ့ ဗဟုသုတတွေနဲ့ သူ့ရဲ့ ဉာဏ်မျက်စိထဲမှာ အမှန်တရားဖြစ်သော ဗဟုသုတ သုတမယဉာဏ်ပညာ ရရမယ်။ ဒီသုတမယဉာဏ်မှာ အခြေခံကို သဘောပေါက်ပြီ နားလည်ပြီဆိုမှ တဆင့်တက်ပြီး ရထားတဲ့ ရုပ်အကြောင်း၊ နာမ်အကြောင်း၊ ရုပ်နာမ်တို့ ပူးတွဲပြီး အလုပ်လုပ်နေတယ်ဆိုတဲ့အကြောင်း ကိုယ်ပိုင်ဉာဏ်နဲ့ ထပ်တလဲလဲ စဉ်းစားရမယ်။

ဒါကို ဥပမာနဲ့ ခိုင်းနှိုင်းပြရရင်- ကျောင်းသားဘဝက ဂျီဩမေတြီမှာ ပါတဲ့ သီအိုရီကို နားလည်အောင် ကြိုးစားရတယ်။ သီအိုရီကို နားလည်ပြီဆိုတဲ့အခါမှာ သုတမယပညာ ရတာပါ။ ဒီသီအိုရီကို နားလည် မလည်ဆိုတာကို ဘာနဲ့ ပြန်စိစစ်သလဲဆိုတော့ ပုစ္ဆာတွေကို တွက်ခိုင်းတယ်၊ သီအိုရီကို အခြေခံပြီး တွက်ချက်တဲ့အခါ အဖြေမှန်ထွက်ရင် သီအိုရီကို နားလည်သဘောပေါက်တယ်။ ဒီလို ပုစ္ဆာတွက်တတ်တာဟာ စိန္တာမယဉာဏ်ပါ။ သုတမယ ဉာဏ်၊ စိန္တာမယဉာဏ် နှစ်ခုနဲ့ တည်ဆောက်တဲ့အခါ ကိုယ်ခန္ဓာအကြောင်း၊ စိတ်အကြောင်း၊ စိတ်နဲ့ ကိုယ်တွဲပြီး လုပ်ငန်းလုပ်နေတဲ့ အကြောင်းတွေကို သဘောပေါက်တယ်။ ဒီလို သဘောပေါက်ပြီး ဒါကိုပဲ ထပ်တလဲလဲ စဉ်းစားနေ၊ ဆင်ခြင်နေရပါတယ်။

သဘောပေါက်လာတော့ ကိုယ်နဲ့စိတ်အပေါ်မှာ မြင်နေတဲ့ အမြင် မှန်ကန်လာတယ်။ ဒီမှန်ကန်မှုသည် “သမ္မာဒိဋ္ဌိ” ပါ။ ကိုယ်နှင့် စိတ်အပေါ်မှာ အမြင်မှန်ရတော့ ဒီအမြင်မှန်ပေါ်မှာ အခြေခံပြီး အမြဲတမ်း တွေးတောတယ်၊ ဆင်ခြင်တယ်၊ စဉ်းစားတယ်။ ဒီတော့ အတွေး မှန်လာတယ်၊ ဒါသည် “သမ္မာသင်္ကပ္ပ”ပါ။ ဒီလိုအမြင်မှန်၊ အတွေးမှန်တာ သုတမယပညာ၊ စိန္တာမယပညာနဲ့ တည်ထောင်တာပါ။ သမာဓိရပြီးမှ ရတဲ့ မဂ်ပညာ၊ ဖိုလ်ပညာနဲ့က လမ်းအကွာကြီးပါ။ သို့သော် ဒီသုတမယ၊ စိန္တာမယပညာတွေ မပါဘဲ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ လုပ်ငန်းနှစ်ခုကို သေသေချာချာ၊ ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ပါ။ လူတိုင်း ဒီအဆင့်က စရမယ်။

ဒီလို စတဲ့အခါ ဘာတွေကွာခြားသလဲဆိုရင် လောကမှာရှိတဲ့ လူတိုင်းက မိမိလုပ်သမျှ အလုပ်တွေကို ငါလုပ်တယ်လို့ ယုံကြည်ထားပြီး ယုံကြည်မှုက စွဲမြဲနေတယ်၊ ဒီခံယူချက်က သူ့မှာ သိတတ်တဲ့ အရွယ်ကတည်းက ဒီလိုသင်ယူလာခဲ့လို့ ဒီလိုတွေးတယ်၊ ဒီလို ပြန်ဆိုတတ်တာပါ။ ရိုးရိုးပုထုဇဉ်မှာ လုပ်တာကို ငါလုပ်တယ်၊ ပြောတာကို ငါပြောတယ်၊ တွေးတာကို ငါတွေးတယ်ဆိုသော အသိဟာ လောကမှာ လူရယ်လို့ဖြစ်လာပြီး၊ လူကြီးလူကောင်း ဖြစ်တာ ဒီနည်းသုံးမျိုးကို သုံးတာပဲမဟုတ်လား။ တွေးတဲ့အလုပ်၊ ပြောတဲ့အလုပ်၊ လုပ်တဲ့အလုပ်တွေကို ငါတွေးတယ်၊ ငါပြောတယ်၊ ငါလုပ်တယ်လို့ ဒီလို နေနေတာဟာ သဘာဝကျသည် မကျသည် စိစစ်တဲ့နည်းကို ဘယ်သူကမှ သင်ကြားမပေးတော့ ဒီလိုပဲ ငါနဲ့သာ နေကြရတာ၊ အတ္တဝါဒ ခိုင်မာသည်ထက် ခိုင်မာအောင်သာ သင်ပေးတဲ့ ဝါဒတွေ ရှိကြတယ်။ ဒီဝါဒဟာ မဟုတ်ဘူးလို့ သေသေချာချာရှင်းပြတဲ့ ပုဂ္ဂိုလ်က သမ္မာသမ္ဗုဒ္ဓပါ။ ပထမအဆင့် နှုတ်နဲ့ ရှင်းပြပြီး ဒုတိယအဆင့်က ကိုယ်တိုင်နားလည်အောင် ပြုလုပ်ရတယ်၊ ပြီးတော့ ဒီအတိုင်း မပြီးသေးဘူး၊ ဒါကို လုပ်ငန်းအဖြစ်နဲ့ သေသေချာချာ အားထုတ်ရတဲ့ တရားဆိုတာကို ညွှန်ပြသူက သမ္မာသမ္ဗုဒ္ဓသာ ဖြစ်ပါတယ်။

အခြားတရား၊ အခြားအတွေးအခေါ် ပညာများက ဆရာများ ပြောပြတာကို နားထောင်ပြီး သူပြောတာ သဘောကျ ကျေနပ်ရင် လက်ခံ၊ မကျေနပ်ရင် ပယ်၊ ဒါက ဒိပြင်ဌာနတွေမှာ လုပ်တဲ့အလုပ်ပါ။ ဗုဒ္ဓဘာသာက ကျေနပ်နှစ်သက်ရုံ၊ လက်ခံရုံသဘောနှင့် မပြီးပါ၊ လက်တွေ့ကျင့်ကြံ အားထုတ်ရတဲ့ တရားဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ဖို့ နည်းပညာ လမ်းစဉ်ကို မဂ္ဂင် ခေါ်တယ်။ မဂ္ဂဆိုတာလမ်း၊ ဒီလမ်းဟာ ဘယ်လို ခင်းထားတယ်၊ ဘယ်လို တက်လှမ်းရမယ်ဆိုတာ သေသေချာချာ သင်ယူရပါတယ်။ ဘယ်အလုပ်မဆို စနစ်တကျ လုပ်တော့မယ်ဆိုလျှင် လမ်းစဉ်က တိကျမှန်ကန်မှ လိုရာပန်းတိုင်ကို ရောက်ပါတယ်။ မြန်မာနိုင်ငံမှာ အစဉ်အလာ ရွတ်ဆိုတာက သီလ၊ သမာဓိ၊ ပညာဆိုပြီး ပညာကို နောက်ကထားပါတယ်။ ဒီမဂ္ဂင်ရှစ်ပါးမှာတော့ ပညာက ရှေ့ဆုံးက လာပါတယ်။ ဒါကို သေသေချာချာ ပိုင်းခြားသိရမယ်။

မဂ္ဂင်(၈)ပါး အကျင့်ကိုကျင့်ဖို့ တက်လှမ်းတော့မယ်ဆိုရင် အမြင်မှန်ကို တည်ဆောက်ရမယ်။ အမြင်မှန်ကို တည်ဆောက်တော့ ခန္ဓာကိုယ်နှင့် ပတ်သက်လို့ လူတိုင်း အဆင်းဆိုတဲ့ ဝဏ္ဏ၊ ပုံသဏ္ဍာန်ဆိုတဲ့ သဏ္ဌာန၊ ကိုယ်လုံးကိုယ်ထည်ဆိုတဲ့ ဃန၊ ယောက်ျားလေးလည်း ယောကျ်ားလေးရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့၊ မိန်းကလေးလည်း မိန်းကလေးရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ သူ့ရဲ့ အဆင်းနဲ့ သဏ္ဌာန်ကိုပဲကြည့်ပြီး ပုံသဏ္ဍာန်နှင့် ကိုယ်လုံးကိုယ်ထည်ကို မြင်စိတ်က ပြောတာပါ။ မြင်စိတ်ပြောတာကို အခြေခံပြီး အတွင်းစိတ်က ယောက်ျားလေးလို့၊ မိန်းမလို့၊ ချောတယ်လို့၊ ရုပ်ဆိုးတယ်လို့၊ ချစ်စရာကောင်းတယ်လို့၊ ချစ်စရာ မကောင်းဘူးလို့ ပြောတာပါ။ ဒီလို အလုပ်လုပ်နေတဲ့ အတွင်းစိတ်ကို မနောဝိဉာဏ်လို့ ခေါ်တယ်။

ဒီမနောဝိဉာဏ် အလုပ်လုပ်နေတဲ့ အကြောင်းအရာကို ဘယ်လို ထင်နေတုန်း၊ ငါမြင်တယ်၊ ငါသိတယ်၊ ငါကြားတယ်၊ ငါမကြိုက်ဘူးလို့ ဖြစ်နေတာဟာ စိတ်တို့ရဲ့ လုပ်ငန်းစဉ်ပါ။ ဒါတွေကို သိအောင် ခွဲခြားပြောတဲ့ နည်းပညာက ဒီဒေသနာမှာပဲ ရှိပါတယ်။ ဘုရားက ပထမအဆင့်အနေနဲ့ အမှန်တရားကို သိချင်ရင် ရှိနေတဲ့ အဆင်း၊ ရှိနေတဲ့ သဏ္ဌာန်၊ ရှိနေတဲ့ ဃန၊ ဒါတွေအပေါ်မှာ တဆင့်တက်၊ ဒီရုပ်ခန္ဓာပေါ်မှာ အရေပြားဖုံးထားတာ အမှန်ပဲ၊ ဒီအရေပြားအောက်မှာ အသားတွေရှိတယ်၊ အသားအောက်မှာ အရိုးတွေရှိတယ်၊ အရိုးအိမ်အတွင်းမှာ အဆုတ်ရှိတယ်၊ နှလုံးရှိတယ်၊ ဝမ်းခေါင်းအတွင်းမှာ အစာအိမ်ရှိတယ်၊ အူရှိတယ်၊ ဒါတွေဟာ အမှန်တရားတွေပါ။ ဒါတွေကို မြင်ဖူး၊ ကြားဖူး၊ ဒီမြင်ဖူး၊ ကြားဖူးထားတဲ့ သဘာဝအစစ်တွေကို ဉာဏ်နှင့် ထိုးထွင်းကြည့်လိုက်ပါ။ ထိုးထွင်းကြည့်တော့ အသားအရိုးတွေကိုမြင်တော့ အစက မြင်ထားတဲ့ အဆင်း၊ သဏ္ဌာန်၊ ဃနတွေကိုမှီပြီး ချစ်စရာ မုန်းစရာလို့ ပြောတဲ့အစွဲဟာ အရိုးကိုမြင်တယ်၊ အသားကိုမြင်တယ်ဆိုတော့ ချစ်စရာ မုန်းစရာလို့ မပေါ်နိုင်တော့ ပါ။ ချစ်စရာ မုန်းစရာလို့ မြင်တဲ့အမြင်ကို အသားကိုမြင်တဲ့ ဉာဏ်၊ အရိုးကိုမြင်တဲ့ ဉာဏ်က ဖယ်ပေးတယ်။ ဒါတွေဟာ ပထမ ဉာဏ်နဲ့ တက်ရမယ်။

ပထမ အရိုးရှိတယ် အသားရှိတယ်ဆိုတဲ့ သုတမယပညာ၊ ဒီအသွေးကိုမြင်အောင် အသားကိုမြင်အောင် အရိုးကိုမြင်အောင် ဉာဏ်မျက်စိနဲ့ စဉ်းစားရမယ်၊ ဆင်ခြင်ရပါမယ်။ ဒီလို စဉ်းစားဆင်ခြင်တတ်လာတော့ ပထမအဆင့်အနေနဲ့ ကိုယ်လုံးကိုယ်ထည်ကိုမှီပြီး ဖြစ်နေတဲ့ အလှကို ဖယ်ပေးတယ်။ ချစ်စရာကြိုက်စရာ ဖြစ်နေတာကို တားပေးတယ်။ ဒါဟာ နာမ်ဓာတ်ခေါ်တဲ့ စိတ်တို့၏ လုပ်ငန်းဟာ ဒီလိုလုပ်နေပါတယ်လို့ မသိသူများအဖို့ မြင်ရင် ပုဂ္ဂိုလ်၊ သတ္တဝါလို့ ချက်ချင်းပြောင်းတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမဖြစ်ရင် ချစ်တယ်၊ ကြိုက်တယ်တွေ ဖြစ်တယ်။

ပထမသိတာက သုတမယပညာ၊ ဒါတွေ ဟုတ်၏ မဟုတ်၏ စဉ်းစားတာ စိန္တာမယပညာ၊ ဒီပညာကို ထပ်တလဲလဲ ပွားများစဉ်းစားနေတာ ဘာဝနာမယပညာ၊ စဉ်းစားပါ များလာတော့ လူရဲ့စရိုက်ဟာ ပြောင်းလဲလာတယ်။ ပြောင်းလဲတယ် တိုးတက်တယ်ဆိုတာ သာမန်လောကီသားတို့၏ မြင်ရိုးမြင်စဉ်၊ တွေးရိုးတွေးစဉ်လမ်းက ဖယ်ခွာပြီး ဒီလမ်းထက် အဆင့်မြင့်သော သဘာဝ အဟုတ်ရှိနေသည့် အရှိတရားများအပေါ် စိတ်က ရောက်လွယ်တယ်၊ ထင်လွယ်တယ်၊ မြင်လွယ်တယ်။ ဒီလို ထင်လွယ်မြင်လွယ် ဖြစ်လာတဲ့အခါ ပုဂ္ဂိုလ်ဟာ ဘာကိုမြင်တယ် ပြောတုန်းဆိုရင် ရုပ်တရားကို ရုပ်တရားလို့ မြင်တယ်။ လက်တွေ၊ ခြေတွေလို့ မမြင်ပါ၊ အသားတွေ၊ အရိုးတွေ၊ အသွေးတွေလို့ မြင်တယ်။

တွေးနေ၊ ကြံနေ၊ ချစ်နေ၊ ကြိုက်နေ ဆိုတာ နာမ်ဓာတ်တွေပါ။ သင်ကြားလေ့လာမှုထဲမှာ အမြဲတမ်း သတ္တဝါ၊ ယောကျ်ား၊ မိန်းမနဲ့ သင်ကြားပေးထားလို့ ယုံကြည်ချက်တွေက စွဲမြဲခိုင်မာနေတာ၊ ယောကျ်ားလို့ မိန်းမလို့ အဟုတ်ယုံကြည်ထားတာပါ။ ဒီခိုင်မာတဲ့ ယုံကြည်မှုတွေကို “ဥပါဒါနက္ခန္ဓာ” ခေါ်ပါတယ်။ ဒီဥပါဒါနက္ခန္ဓာရဲ့ တုန့်ပြန်မှု သဘာဝတွေကိုပဲ ငါချစ်တယ်၊ ငါကြိုက်တယ်လို့ ယူဆရုံမဟုတ်၊ တကယ်လက်ခံထားတာ၊ ဒီလက်ခံချက်ကြောင့် ငါက ချစ်ခြင်းကြိုက်ခြင်းတွေတင်မက ငါချစ်တဲ့သူနဲ့ အတူနေရရင် ပျော်တယ်၊ အတူမနေရရင် ဆင်းရဲတယ်၊ မချစ်တဲ့သူနဲ့ အတူနေရရင်လည်း ဆင်းရဲတယ်၊ ဒီဆင်းရဲတို့ရဲ့ အခြေခံဟာ ငါလို့ ယုံကြည်ထားတဲ့ အစွဲ၊ သူလို့ ယုံကြည်ထားတဲ့ အစွဲဆိုတဲ့ စွဲမြဲနေတဲ့ ယုံကြည်ချက်သည်ပင်လျှင် ဒုက္ခရောက်အောင် ဖန်တီးတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ငါရယ်၊ သူရယ်စွဲတယ်၊ ငါလိုချင်တဲ့ ဥစ္စာပစ္စည်းကို မရတော့လည်း ဆင်းရဲတယ်။ ဒီဆင်းရဲမှုတွေ အားလုံးဟာ ငါလို့ ယုံကြည်ထားတဲ့ စွဲမြဲခိုင်မာသော ယုံကြည်ချက်တွေကြောင့် ဖြစ်တာပါ။ စွဲမြဲခိုင်မာနေတဲ့ အကြောင်းတွေက သိတာတွေလည်း စွဲနေတယ်၊ ငါလို့ သိနေတယ်၊ သူလို့ သိနေတယ်၊ ယောက်ျား မိန်းမလို့ သိနေတယ်၊ ဒါတွေ စွဲနေတာကို “ဝိညာဏုပါဒါန်” ခေါ်တယ်။ မှတ်ထားတာတွေကလည်း ဒီလိုပဲ စွဲနေတယ်၊ ဒါကို “သညုပါဒါန်” ခေါ်တယ်။ ခံစားထားတာတွေက သူက ငါ့ကို ဘယ်လို ပြောထားတာ၊ ဘယ်လို နှိပ်စက်ထားတာ စသည်ဖြင့် ခံစားမှုတွေကလည်း ပုဂ္ဂိုလ်၊ သတ္တဝါနဲ့ ခံစားထားတာတွေ စွဲနေတယ်။ ဒါကို “ဝေဒနုပါဒါန်”ခေါ်တယ်။ ငါရအောင် အားထုတ်ထားတာ၊ ငါစုဆောင်း ထားရတဲ့ ပစ္စည်းတွေ၊ ငါ့အားထုတ်မှုတွေကို စွဲနေတာကို “သင်္ခါရုပါဒါန်” ခေါ်တယ်။ ဒါတွေ အားလုံး စိတ်မှာ ဖြစ်နေတာပါ။ ငါ့ရဲ့ကျွမ်းကျင်မှုတွေ ငါဘယ်နှပေါင် အလေးမ,ထားတာ၊ ငါက ဘယ်လောက် မြန်အောင် ပြေးနိုင်တာ၊ ဒီရုပ်တရားကို လေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်မှုတွေကို “ရူပုပါဒါန်” ခေါ်တယ်။ ဒီ(၅)ခု ပေါင်းလိုက်တော့ ပဥ္စဥပါဒါန် (ပဥ္စုပါဒါန်) ခေါ်တယ်။

ဒီအထဲမှာ ဘာလုပ်လုပ် ငါနဲ့သူနဲ့ တည်ဆောက်လိုက်လို့ ငါ့ချစ်သူ၊ ငါ့မုန်းသူဆိုတာ အဟုတ်တကယ် ယုံကြည်ပြီး ခိုင်မာနေတယ်။ ဒီခိုင်မာသော ယုံကြည်ချက်သည် ပင်လျှင် ဒုက္ခဖြစ်စေတာပါ။ ခိုင်မာသော ယုံကြည်ချက် ဖြစ်အောင် တည်ဆောက်ပေးထားတာ အစွဲ(၅)မျိုးပါ၊ ပဥ္စဥပါဒါန်ခေါ်တယ်။ ဒါကြောင့် ဘုရားဟော “ဓမ္မစကြာ” မှာ ပါတယ်။

ပိယေဟိ ဝိပ္ပယော‌ဂေါ ဒုက္ခော – ချစ်တဲ့သူနဲ့ ကွေကွင်းရတာလည်း ဒုက္ခ

အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော – မချစ် မနှစ်သက်သောသူနှင့် အတူနေရတာလည်း ဒုက္ခ

ယံပိစ္ဆံန လဘတိ တံပိဒုက္ခံ – လိုချင်တာ မရတာလည်း ဒုက္ခ

သံခိတ္တေန ပဥ္စုပါဒါနက္ခန္ဓာ ဒုက္ခာ – အားလုံးစုပုံပြီး အနှစ်ထုတ်လိုက်ရင် ပဥ္စုပါဒါနက္ခန္ဓာ ဒုက္ခ

စွဲမြဲယုံကြည်နေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခ၊ သူတို့ ဖွဲ့နေသမျှ ဒုက္ခ၊ ဒါကို သေသေချာချာ သိမှပါ။ ဒီဥပါဒါနက္ခန္ဓာ (၅)ပါးဟာ သိထားတာတွေ၊ မှတ်ထားတာတွေ အမျိုးမျိုး၊ သင်ထားတဲ့ ပညာတွေကလည်း ဒီဥပါဒါနက္ခန္ဓာထဲကပဲ လေ့လာထားတာတွေ၊ အသိပညာ အမျိုးမျိုးတွေ၊ အတတ်ပညာ အမျိုးမျိုးတွေ တတ်ထားတော့ ကိုယ်ပိုင် အရည်အချင်းခေါ်တဲ့ ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ထူးခြားမှုတွေကို ဒီဥပါဒါနက္ခန္ဓာ (၅)ပါးနဲ့ပဲ တည်ဆောက်တာပါ။ သူနဲ့ပဲ ဘဝခရီးကို လျှောက်နေတာ၊ ဒီဘဝကို ဥပါဒါနက္ခန္ဓာ (၅)ပါးက အထောက်အကူ ပေးတာပါ။

သိထားတာ၊ နားလည်ထားတာ၊ မှတ်ထားတာ၊ သဘောပေါက်ထားတာဆိုတဲ့ အတွေ့အကြုံတွေ အားလုံးက ဘဝကို အထောက်အကူ ပြုတာပါ။ ဒါကြောင့်မို့ “ ဥပါဒန ပစ္စယာ ဘဝေါ” ဆိုတာ ပြောတာ၊ လုပ်တာ၊ တွေးတာ ကြံတာတွေဟာ ဘဝ၊ ဒီပြောတာ၊ လုပ်တာ၊ တွေးတောကြံတာတွေဟာ တည်ဆောက်ထားတဲ့ စွဲမြဲယုံကြည်ချက် (၅)မျိုးစလုံးက လုပ်ပေးထားတာ၊ ဒီအထဲမှာ အခြေခံက စကားပြောတတ်တာ၊ စာရေးတတ်တာ၊ စာဖတ်တတ်တာ၊ သင်ထားသမျှ ပညာတွေလည်း ဒီဥပါဒါနက္ခန္ဓာထဲမှာ ပါတယ်။ ဘာဖြစ်လို့ ဥပါဒါနက္ခန္ဓာနဲ့ သေသေချာချာ ခိုင်အောင်လုပ်ထားတာတုန်း။ ငါသိထားတာ၊ ငါတတ်ထားတာ ငါ့ပညာတွေစတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးနဲ့ပဲ ဘဝခရီး လျှောက်နေတာ၊ သူကပဲ ဒုက္ခတွေ ပေးနေတာ၊ ဒီလို သေသေချာချာ သုတမယဉာဏ်က ရှင်းပေးလို့ ဟုတ်သလား၊ မဟုတ်ဘူးလားလို့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားနေတာ ပါးစပ်အပြော မဟုတ်ပါဘူး။ ဒီ ဥပါဒါနက္ခန္ဓာထဲမှာ ပါနေတဲ့ ငါအဟုတ်ရှိတယ်လို့ ခိုင်မာစွာ ယုံကြည်ထားတဲ့ ယုံကြည်ချက်သည် အဓိကအားဖြင့် ဒုက္ခပါ။ ဒီခိုင်မြဲတဲ့ ငါရှိနေသမျှ ဒုက္ခက ရှိနေမှာပါ၊ ဒီတော့ ဒီဒုက္ခကို ဖယ်ချင်၊ ရှားချင်ပါတယ်။

ဖယ်ရှားချင်တော့ ငါဆိုသော ငါရဲ့ စွဲမြဲခိုင်မာမှုမှာ ဘာနဲ့တွဲနေတုန်းလို့ အခြေခံ ပြန်ကြည့်ရင် ရုပ်ခန္ဓာကြီးကို “ငါ့ကိုယ်”လို့ စွဲထားတယ်။ သိနေတဲ့ စိတ်ကို “ငါ့စိတ်” လို့ စွဲထားတယ်။ ဒီတော့ ကိုယ်ကြီးဟာ ငါ့ကိုယ် ဟုတ်ရဲ့လားလို့ ဘုရားရှင်က သေသေချာချာ ကြည့်ခိုင်းပါတယ်။ ခန္ဓာကိုယ်ကြီးဟာ ရှိနေတဲ့ ကောဋ္ဌာသတွေ ပူးပေါင်းပြီး အလုပ်လုပ်ကြလို့ ရှင်တာ၊ ရှင်တယ်ဆိုတဲ့ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားနေကြတယ်။ ရှင်တဲ့ အတွေးအတွင်းမှာသာ လူတို့ တွက်ချက်နေတဲ့ တန်ဖိုးတွေ ရှိနေတာပါ။ ရှင်ခြင်းကိစ္စကို ရှင်အောင် ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာ မဟုတ်ပါ။ ခန္ဓာကိုယ်မှာရှိတဲ့ ကောဋ္ဌာသတွေ စုဝေးနေတဲ့ အဖွဲ့အစည်းက ရှင်အောင် လုပ်ပေးနေတာ၊ အသက်မှန်မှန် ရှူနေလို့ နှလုံးမှန်မှန် ခုန်နေလို့ ရှင်နေတာ၊ နှလုံးခုန်အောင် ဘယ်သူမှ မတတ်နိုင်၊ သဘာဝတရားအတိုင်း အလုပ်လုပ်နေတာ၊ ကံအထောက်အပံ့ရလို့ ကမ္မဇရုပ်တွေက မှန်မှန်လုပ်နေနိုင်တာ၊ ဒီလိုလုပ်လို့လည်း ရှင်နေတာလို့ ဉာဏ်ကသွင်းပြီး ဆင်ခြင်ရမယ်၊ စဉ်းစားရမယ်။ ရှင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စဉ်းစားတော့ ရှင်ဖို့ဟာ အလွန်ခက်ပါလားဆိုတာ သိလာတယ်။ သိန်းသန်း ကုဋေချီပြီး စုဝေးနေတဲ့ ကလာပ်စည်းတွေ ရှင်နေလို့ ကောဋ္ဌာသတွေ ရှင်နေတာ၊ ကောဋ္ဌာသတွေ စုဝေးနေတဲ့ အဖွဲ့အစည်းတွေက ရှင်အောင် လုပ်နေလို့ ခန္ဓာကိုယ်ရှင်တာလို့ ဉာဏ်သွင်းပြီး ဆင်ခြင်တော့ အဆင့်ဆင့် ဉာဏ်ဝင်လာတဲ့ အခါ ရှင်ဖို့လုပ်နေတဲ့ လုပ်ငန်းရဲ့ သိမ်မွေ့ပုံ၊ နူးညံ့ပုံ၊ စဉ်ဆက်မပြတ် လုပ်ရပုံ၊ ရှင်အောင်လုပ်ရတဲ့ အလုပ် ခက်ခဲပုံတွေကို ဉာဏ်က အဟုတ်သိလာတယ်။ သိလာတော့ ရှင်ခြင်း လုပ်ရတာ အလွန်ခက်ခဲသလို ရှင်ခြင်း၏ ဆန့်ကျင်ဘက် သေခြင်းက အလွန်လွယ်တယ်၊ သေခြင်းတရားဆိုတဲ့ မရဏတရားဟာ အချိန်မရွေး ပေါ်လာနိုင်တယ်လို့ သဘောပေါက်လာတယ်။

သေခြင်းဆိုတာ လာတာနဲ့ မိမိမျှော်မှန်းထားတဲ့ ဘဝတစ်ခုလုံးရဲ့ တန်ဖိုးအားလုံးဟာ သုညရောက်သွားမယ်။ ရှင်နေတုန်း အတောအတွင်းပဲ တန်ဖိုးတွေရှိနေတာကို သဘောပေါက်လာတယ်။ ရုပ်ခန္ဓာဆိုတာ သဘောတရားအရ သူ့နည်းနဲ့သူ ရှင်အောင်လုပ်နေတာ၊ ဒီအထဲမှာ ငါဆိုသော ငါက ရှင်ရေးကိစ္စကို ပါဝင်ဆောင်ရွက်နိုင်တဲ့ စွမ်းအားမရှိဘူးလို့ သိလာတဲ့အခါ ငါရဲ့အစွမ်းကို သဘောပေါက်လာတယ်။ ငါရဲ့ သဘာဝကို သိလာတယ်။ ဒီတော့ ငါပိုင်တဲ့ ခန္ဓာကိုယ်၊ ငါနိုင်တဲ့ ခန္ဓာကိုယ်လို့ ယုံကြည်ထားတဲ့ ယုံကြည်ချက် စွဲမြဲမှုလေးက အားနည်းလာတယ်။ ယုံကြည်တာကတော့ ယုံကြည်လျှက်ပဲ၊ စွဲမြဲမှုလေး အားလျော့လာတာ၊ လျော့ရုံပဲ လျော့တယ်၊ မပျောက်သေးပါဘူး။

ဒီလိုပဲ စိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း စိတ်ရဲ့သဘောက သင်ထား၊ လေ့လာထား၊ တစ်သက်လုံး ကျက်လာတာတွေဟာ ငါတတ်အောင်၊ ငါ ဘဝခရီး လျှောက်နိုင်အောင်၊ ငါ အောင်မြင်မှုရအောင်ဆိုတဲ့ နည်းနဲ့ စုဆောင်းခဲ့ရတာပါ။ ဒီစုဆောင်းထားတာတွေနဲ့ ခရီးသွားရင်း အတွေ့အကြုံတွေ ပါလာတယ်၊ ပြီးတော့ ခံစားရမှုတွေ၊ လောဘဖြစ်ခဲ့တာ တွေ၊ ‌ဒေါသဖြစ်ခဲ့တာတွေ၊ ဒါတင်မက ငါကိုယ်တိုင် အားထုတ်ထားရတာတွေ၊ ကြိုးစားခဲ့ရတာတွေ၊ ဒီအတန်းတွေ အောင်အောင် ဘယ်လောက် လုပ်ခဲ့ရတာတွေ အားလုံးကို စွဲနေတယ်၊ ဒီစွဲနေတဲ့ အလွန်ခိုင်မာသော ဥပါဒါနက္ခန္ဓာကြီးနှင့် ပုဂ္ဂိုလ်၊ သတ္တဝါနဲ့ ဘဝခရီးကို လျှောက်နေတာပါ။

ဥပါဒါနက္ခန္ဓာထဲမှာ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါတွေ ပါနေတယ်။ သူတို့လည်း အဟုတ်ရှိတယ်လို့ မှတ်ယူထားတယ်၊ ငါလည်း အဟုတ်ရှိတယ်လို့ စွဲမြဲထားတယ်၊ ဒီစွဲမြဲချက်နဲ့ပဲ ဘဝခရီးလျှောက်ကြတာ၊ ပြီးတော့ အမြဲတမ်း သူတို့နဲ့ ပြိုင်နေဆိုင်နေတယ်၊ သူတို့ကို ရုပ်နာမ်ခန္ဓာလို့ မစဉ်းစားနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ရုပ်နာမ်ခန္ဓာလို့ မစဉ်းစားနိုင်ပါဘူး။ အမြဲတမ်း ဥပါဒါနက္ခန္ဓာက အုပ်စီးနေတာပါ။ ဒါဟာ စိတ်တို့ရဲ့ သဘောသဘာဝတွေ၊ စိတ်နဲ့ ရုပ်တွဲပြီး ဘဝခရီးလျှောက်နေတာလို့ သင်ကြားပေးမယ့် နည်းပညာလည်း မရှိ၊ သင်ပြ ရှင်းပြမယ့် လူလည်း မရှိပါ။

ဘာလို့ ဒီလို စွဲမြဲခိုင်းနေတာလည်းဆိုတော့ ဒုက္ခကို ပယ်ချင်လို့၊ ဘဝဝန်ထုပ်ဝန်ပိုးကို ချချင်လို့ပါ။ ဒီဝန်ထုပ်ကို ဝန်ထုပ်လို့ မသိတဲ့လူတွေက ဘဝခရီးကို ကျေကျေနပ်နပ်နှင့် လျှောက်ကြတယ်။ ဒီထက်ပိုပြီး ဆင်ခြင်စဉ်းစား တတ်တဲ့သူက ဘဝဝန်ထုပ်ဆိုတဲ့ သဘောပေါက်လာတယ်။ ပေါက်လာလို့ လေးမှန်းသိသူက ချနိုင်ရင် ကောင်းမှာပဲဆိုတဲ့ အတွေး ဝင်လာတယ်။ ဒီတော့ ဒါကို ဘယ်နည်းနဲ့ လျှော့ရမှာတုန်း၊ ချဖို့ဆိုတာ မလွယ်သေးဘူး၊ ဘယ်လို လျှော့ရမှာလဲဆိုတာကို မသိတော့ နည်းလမ်းရှာလာတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်တဲ့သူက ရှာတော့ ဗုဒ္ဓဘာသာကပေးတဲ့ နည်းပညာ၊ နည်းပညာဆိုတဲ့ သီအိုရီကို တွေ့လာပါတယ်။

သီအိုရီဆိုတာ ဝိပဿနာတရားပါ။ ဒါက ဝိပဿနာ ဘာဝနာဆိုတဲ့ အလုပ်လုပ်ဖို့ပါ။ အခုပြောနေတဲ့ အခြေခံတရားတွေက ဝိပဿနာပညာတွေပါ။ ဝိပဿနာပညာဆိုတာ ဘဝမှာ လူတိုင်းတွေးနေတဲ့ အတွေး၊ မြင်နေတဲ့ အမြင်ထက် ကျော်လွန်သော အမြင်ဆိုတဲ့ ဝိပဿနာပညာရအောင် ကြိုးစားရတယ်။ ဒါကို အလေ့လုပ်ပြီး ကြိုးစားရမယ်၊ ဆင်ခြင်ရမယ်၊ ဒီတော့ အလေ့အကျင့် အားကောင်းလာတော့ မြင်ရင် ရုပ်တရားတွေ အလုပ်လုပ်နေတာ၊ ဒါ ဥပါဒါနက္ခန္ဓာ ခိုင်းတဲ့အတိုင်း ပြောနေတာ၊ လုပ်နေတာ ဟုတ်လား၊ သူလုပ်နေတာ မဟုတ်၊ ဘယ်သူ လုပ်နေတာတုန်း၊ သူ့ရဲ့ ဥပါဒါနက္ခန္ဓာ ခိုင်းတိုင်း သူ လုပ်နေတာလို့ သိလာတယ်။

ဒေါသတကြီးနဲ့ ကိုယ့်ကို ရန်တွေ့လာရင် ဒီလူ ငါ့ကို ရန်လာတွေ့တယ်လို့ ရိုးရိုး မြင်မယ်။ ဝိပဿနာပညာကို လေ့လာထားသူက ဪ- သူ့မှာ စွဲနေတဲ့ သူ့ဥပါဒါနက္ခန္ဓာက ခိုင်းလို့ ဒီအသံတွေ ထွက်နေတာပါလားလို့ ဒီအပြောမျိုးတွေ ပြောနေတာပါလားလို့ မြင်တတ်သွားပြီ။ ဒါဟာ အလွန်ခက်ခဲတဲ့ နည်းပညာပါ။ ဘယ်လို သိနေတာတုန်း၊ စိတ်တို့၏ သဘောသဘာဝပါ၊ လူတိုင်းမှာရှိနေတဲ့ ဥပါဒါနက္ခန္ဓာကြီးက ခိုင်းတာ ရန်တွေ့ဆိုလည်း တွေ့၊ ရန်ဖြစ်ကြ၊ ထိုးကြ၊ ကြိတ်ကြတာတွေ အားလုံးဟာ ဥပါဒါနက္ခန္ဓာက ခိုင်းတာပါလို့ မြင်လာတဲ့အခါမှာ မိမိကိုလာပြီး အတင်းအဖျင်းတွေ ပြောနေစေဦးတော့ ပုဂ္ဂိုလ်၊ သတ္တဝါအမြင်နဲ့ မြင်ရင်သာ ‌ဒေါသနဲ့ တုန့်ပြန်မယ်။ ပုဂ္ဂိုလ်၊ သတ္တဝါလို့ မမြင်ဘဲ သူရဲ့ ဥပါဒါနက္ခန္ဓာက ခိုင်းလို့ လုပ်နေရတာ၊ သူ့မှာ အမြင်မှန်မရှိဘူးလို့ ကိုယ်က ဉာဏ်နဲ့ ဆင်ခြင်တတ်၊ တွေးတောတတ်လာတဲ့အခါ ပြန်ပြီးတော့ ဒေါသမဖြစ်ပါဘူး။ ဒါက နည်းပညာ။ ‌ဒေါသမဖြစ်တော့ ဘာဖြစ်တုန်း၊ ဒုက္ခမရောက်ပါ။ ဒေါသဖြစ်ရင် မိမိ ဒုက္ခရောက်မယ်။ ဒီ ဒုက္ခကို ပယ်နိုင်ဖို့အတွက် အရင်းအမြစ်ကျအောင် တစ်ဆင့်ပြီးတစ်ဆင့် ဘုရားရှင်က နည်းပညာတွေ ပေးတာပါ။

ရုပ်ခန္ဓာကြီးကို ငါ့ကိုယ် ငါ့ခန္ဓာလို့ စွဲနေတဲ့ အခြေခံအသိ၊ စိတ်ကို စွဲနေတဲ့ အခြေခံကို ဥပါဒါနက္ခန္ဓာခေါ်တယ်။ သူက အလွန်ခိုင်မာပြီး အစဉ်အမြဲ တိုးပွားနေတယ်။ ဒါကို ပထမအဆင့် အားလျော့အောင် ပညာနဲ့ လေ့လာတာပါ။ လေ့လာတာများလာတော့ ဒီပုဂ္ဂိုလ်က အမြင်ကျယ်လာတယ်၊ အမြင် ထူးလာတယ်။ မြင်ရင် ပုဂ္ဂိုလ်သတ္တဝါလို့ မမြင်တတ်တော့ပဲ ရုပ်တွေစုဝေးနေတာ၊ နာမ်ဓာတ်တွေ စုဝေးနေတာလို့၊ ဒါတွေကို ရုပ်ခန္ဓာ၊ နာမ်ခန္ဓာလို့ သူက မြင်လာပြီး ဒီလို မြင်လာတာကို အမြင်မှန် “သမ္မာဒိဋ္ဌိမဂ္ဂင်” ခေါ်ပါတယ်။

ဒီသမ္မာဒိဋ္ဌိဟာ သုတမယ၊ ဒိဋ္ဌမယပညာနဲ့ တည်ဆောက်ထားတာပဲ ရှိသေးတယ်။ ဒီလို မြင်လာတဲ့အခါ လာပြီးတော့ ပြောဆို ဆဲနေစေဦးတော့ စိန္တာမယပညာက ဘယ်လိုတွေ့တုန်း၊ ပုဂ္ဂိုလ် သတ္တဝါလာပြီး ဆဲနေဆိုနေတာ မဟုတ်ဘူး၊ သူ့ဥပါဒါန်နဲ့ သူ့အစွဲက ခိုင်းလို့ လုပ်နေတာပါလားလို့ စိန္တာမယဉာဏ်နဲ့ တွေးတော့ အတွေးက မှန်နေတယ်။ သမ္မာဒိဋ္ဌိအပေါ် အခြေခံပြီး တွေးတော့ အတွေးမှန်လာတယ်၊ ဒါ “သမ္မာသင်္ကပ္ပမဂ္ဂင်” ပါ။

ဒီ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စွမ်းအားမကောင်းရင် မြင်တာနဲ့ ဒေါသနဲ့ တုန့်ပြန်မယ်။ ဒါကို ထိန်းနိုင်ဖို့ လေ့ကျင့်ပေးတယ်။ ခဏခဏ ထပ်တလဲလဲ စဉ်းစားပေးတယ်။ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ စွမ်းအားတွေကို ကြိုးစားပြီး အသုံးပြုပေးတယ်။

ဒီလို မြင်တတ် ကြားတတ်လာပြီ။ မြင်တာ ကြားတာကို ဒေါသမဖြစ်ဘဲ နေတတ်လာပြီ၊ တဖြည်းဖြည်း အားထုတ်ပါ များလာတော့ ပုဂ္ဂိုလ်သတ္တဝါ သူငါလို့ မမြင်တော့ဘဲ ရုပ်တရားနှင့် နာမ်တရားတို့ ပူးပေါင်းဆောင်ရွက်နေတာပါလားလို့ မြင်တတ်နေပြီ။ ဒီလို မြင်တတ်နေတဲ့သူက ဒီလောကထဲ လျှောက်နေပေမယ်လို့ သူတကာတို့ အတ္တရှေ့ဆောင်ပြီး လောဘတွေ ဒေါသတွေနဲ့ လုပ်နေကြတဲ့ အလုပ်ဟာ အထက်တန်း ဖြစ်သော လောကုတ္တရာ နယ်ကို တက်လှမ်းဖို့ အတားအဆီးတွေသာ ဖြစ်တယ်။ အောက်ကို ဆွဲချနေတာတွေသာ ဖြစ်တယ်။ အထက်တန်းကို မရောက်နိုင်ဘူးလို့ သိမြင်လာပါတယ်။

ဒီလို ပုဂ္ဂိုလ် သတ္တဝါမပါဘဲ မြင်နေသိနေတော့ ပုဂ္ဂိုလ်သတ္တဝါနဲ့ ပြောနေဆိုနေကြတဲ့ လူတွေပြောနေတဲ့ လောဘစကား၊ ဒေါသစကား၊ ဣဿာစကား၊ မစ္ဆရိယစကားမျိုးတွေကို ပြောချင်သေးသလား၊ မပြောချင်တော့ဘူး၊ ဘာဖြစ်လို့တုန်း၊ အသိပညာက အလွန်ကြီးမားလာတော့ မပြောချင်ရင် မပြောတော့သလို ဒီလို အသိုင်းအဝိုင်းနဲ့ ဝေးအောင် လုပ်လာတယ်။ မကြားရအောင် မဟုတ်၊ ကြားလည်းဘဲ မလှုပ်ရှားတော့၊ ပြန်ပြီး မတုန့်ပြန်ချင်တော့လို့ပါ။ သာမန်လူတို့ ပြောနေတဲ့ စကားမျိုးကို မပြောချင်တော့တာပါ။ လောဘစကား၊ ဒေါသစကား၊ ပြိုင်လို ယှဉ်လိုတဲ့ စကား၊ ဣဿာ မစ္ဆရိယစကားမျိုးတွေဟာ အောက်တန်းကျတယ်၊ ကိလေသာတွေ ဖုံးလွှမ်းနေတဲ့ သူတို့ရဲ့ စရိုက်ကြမ်းတွေလို့ သိလာတော့ မလိုတာကို မပြောတော့ဘဲ လိုအပ်တာကို ပြောမယ်၊ ချိုချိုသာသာပြောမယ်၊ ကြင်ကြင်နာနာ ပြောမယ်၊ ကောင်းတဲ့စကားကိုပဲ ပြောမယ်။ ပုဂ္ဂိုလ်သတ္တဝါကို ပြောနေတာ မဟုတ်ဘဲ လိုအပ်တဲ့ အကြောင်းအရာကို လိုအပ်သလို သိအောင် နားလည်အောင် ဆောင်ရွက်တဲ့ သဘောမျှ ပြောခြင်းသာ ဖြစ်ပါတယ်။ ဒါ အလွန်ကြီးမားတဲ့ အတွင်းသဏ္ဍာန်က တည်ဆောက်ထားတဲ့ ရုပ်တရားနှင့် နာမ်တရားကို ကွဲပြားခြားနားပြီး သိနေတဲ့ “ နာမရူပပရိစ္ဆေဒဉာဏ်” ကြီးက ဒီအသိမျိုးနဲ့ ရှေ့ဆောင်ပြီး အပြောကို ကိုင်တွယ်ပေးတာ ဖြစ်ပါတယ်။

ဒီလို ဉာဏ်ပညာကြီးက ဦးဆောင်မှ အပြောမှန်လာတယ်။ ဒီ ဉာဏ်ပညာကြီးက ရုပ်နာမ်အစုအဝေးလို့ သိနေတဲ့ ဉာဏ်ပညာ၊ သူကလည်း သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပနဲ့ လာတာပါ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပကို သုတမယပညာ၊ စိန္တာမယပညာနဲ့ တည်ထောင်ရုံ ရှိသေးတယ် အကျိုးတွေ ဘယ်လောက်ပေးသလဲ။ ဒီလို မြင်တတ်နေတဲ့သူက အပြောမှန် အောင်ပဲ ပြောတော့တယ်။ အပိုအလိုတွေကို မပြောတော့ဘူး။ ဒီလို အပြောမှန်ခြင်းသည် “သမ္မာဝါစာမဂ္ဂင်” ပါ။

သမ္မာသမာဓိကို အပြောမှန်တဲ့ လမ်းစဉ်၊ သမ္မာဝါစာနဲ့ တက်ရတာပါ။ သမ္မာဝါစာ မဂ္ဂင်အတွက် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပနဲ့ လာရတာ၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကို တွဲအောင် ကြည့်နေတဲ့ နည်းပညာ၊ ဒီနည်းအတိုင်းပဲ လုပ်စရာရှိတဲ့ ကိစ္စတွေဖြစ်တဲ့ ဘဝရှင်သန်ရေး အတွက် စားသောက်ဖို့ ရှာရာမှာ အပိုမလုပ်တော့ဘဲ လိုတာလေးဘဲ လုပ်တယ်။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်ဇနီးတို့ မှီခိုနေတာကို ကျွေးမွေးရမယ်။ သို့သော် လောကမှာ ထောင်လွှားဖို့၊ တုဖို့၊ ပြိုင်ဖို့ဆိုတာတွေ လုပ်ဖို့ မဟုတ်တော့ဘူးဆိုတာ အလိုလိုသိနေပြီ၊ ဒါတွေရဲ့ ဘေးဒုက္ခကို သိနေပြီ။ ဘေးရန် အန္တရာယ်ကို သိနေလို့ မလုပ်ချင်တော့ပါ။ လုပ်ရမှာ ကြောက်ပါတယ်။ ဒီလို သေသေချာချာသိပြီး လုပ်လာလို့ရှိရင် “ သမ္မာကမ္မန္တမဂ္ဂင်” ဆိုတဲ့ မှန်ကန်သော အလုပ်နှင့် လျှောက်နေတာ၊ ဘယ်ကို သွားဖို့တုန်း။ သမ္မာသမာဓိကို တက်ဖို့ပါ။ ဒီလို အပြောလည်း မှန်နေပြီ၊ အလုပ်ကလည်း မှန်နေပြီ၊ အမြဲတမ်း ပညာရှေ့ဆောင်တဲ့ လူရဲ့ အနေကို ဘာခေါ်တုန်း။ အနေမှန်တယ် ခေါ်တယ်။ အဲဒါဟာ “သမ္မာအာဇီဝမဂ္ဂင်” ဖြစ်ပါတယ်။

အနေမှန်တဲ့နည်းနဲ့ ဘဝကိုလျှောက်တော့ ဒီလမ်းသုံးဆင့်က သီလမဂ္ဂင်ကို ခိုင်မာအောင် တည်ဆောက်ရတယ်။ ဒီသီလမဂ္ဂင်ကိုမှ တည်ဆောက်မထားရင် နာမ်ဓာတ်၏ တည်ငြိမ်မှုဆိုတဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ လုပ်ငန်း သမ္မာသမာဓိမဂ္ဂင်ကို တက်ဖို့ မလွယ်ပါ။ အမြဲတမ်း လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယက အတ္တက ခိုင်းတာတွေကို လုပ်နေတဲ့ လူရဲ့ နာမ်ဓာတ်ဟာ သိမ်မွေ့သော မှန်ကန်သောတရား သမ္မာသမာဓိဖြစ်အောင် လုပ်ဖို့ မလွယ်ပါဘူး။

ဒါကြောင့် သီလမဂ္ဂင်ကို ပထမ သေသေချာချာ တည်ဆောက်ရတယ်။ သီလမဂ္ဂင် ဆိုတာ အခြားသီလတို့နဲ့ မတူပါ၊ ဥပမာ- ဥပုသ်နေ့ရောက်ရင် ရှစ်ပါးသီလ စောင့်ရတယ်။ ဒီမှာ ငါးပါးသီလအပြင် ပန်းမပန်ဘူး၊ နံ့သာမလိမ်းဘူး၊ သီချင်းမဆိုဘူး၊ ရုပ်ရှင်မကြည့်ဘူးဆိုတဲ့ သီလမျိုးက အဆောင်းသီလခေါ်တယ်။ လယ်တီဆရာတော် ဘုရားကြီးက အဆောင်းသီလတွေကို စောင့်တာဟာ ကောင်းသောအကျင့်မြတ် မှန်တယ်။ သို့သော်လည်း ဒီ သမ္မာသမာဓိမဂ္ဂင်ရောက်အောင် တည်ဆောက်ရမယ့်သူရဲ့ သမ္မာဝါစာမဂ္ဂင်၊ သမ္မာသမ္မန္တ မဂ္ဂင်တို့ဟာ ဒီဟာထက် အဆများစွာ အရှိန်ပိုကြီးတယ်။ မြင့်မားတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူက သမ္မာဒိဋ္ဌိမဂ္ဂင်၊ သမ္မာသင်္ကပ္ပမဂ္ဂင်နဲ့ လာရတာ၊ ဒါက ဘာလဲ၊ ရုပ်နာမ်တို့ ခန္ဓာဖွဲ့ပြီး အလုပ်လုပ်နေတယ်ဆိုတာကို အမြဲတမ်း နှလုံးသွင်းနေတဲ့ နည်းပညာဖြစ်လို့ပါ။

ဒါနဲ့ တည်ဆောက်ထားလို့ လောက၏ ဘေးဒုက္ခကို မြင်နေလို့ ဣဿာ မစ္ဆရိယတွေ၊ မာန်မာနတွေ၊ လောဘတွေက အမြဲတမ်း ပုဂ္ဂိုလ်သတ္တဝါကို နှိပ်စက်နေတာလို့ သိနေတော့ အပိုမပြောချင်၊ မလုပ်ချင်၊ မပါဝင်ချင်ဘူး။ ဒီလိုနေတတ်လာမှ အနေမှန်တာ၊ အဲဒီလို အပြောမှန်၊ အလုပ်မှန်၊ အနေမှန်တဲ့ လူစားမျိုးကမှ သမ္မာသမာဓိကို တက်လှမ်းနိုင်တာပါ။ သမ္မာသမာဓိ ဖြစ်ချင်တော့ ဘာလုပ်ရမှာတုန်း၊ သမ္မာဝါယမ- ဘာတွေ အားထုတ်နေတာတုန်း။ ရုပ်နာမ် ကို ရုပ်နာမ်မှန်းသိအောင် ကပ်ပြီးတော့ လက်တွေ့လုပ်နေတာ၊ ပထမတုန်းက စဉ်းစားရုံ စဉ်းစားတာ၊ အခုလက်တွေ့ ရုပ်နာမ်ကို ကွဲအောင်လုပ်နေတာ၊ ဒီလို အားထုတ်ရတယ်။ အားထုတ်ဖို့ ဘာနဲ့ ကပ်ပြီး လုပ်ရမှာတုန်း။ သမ္မာသတိမဂ္ဂင် နှင့်ပါ။ သမ္မာဝါယမမဂ္ဂင်နှင့် သမ္မာသတိမဂ္ဂင်က ဘယ်လိုတုန်း သိလား၊ ဘာနဲ့ ကွဲရမှာတုန်း။ ရုပ်တရားနဲ့ နာမ်တရားပါ။

အခုစကားတွေ ပြောနေတာ ရုပ်နဲ့နာမ်၊ စိတ်က ရှေ့ဆောင်ပြီး ပြောခိုင်းလို့ နှုတ်ကလိုက်ပြီး ပြောနေတာ၊ ဒါ ဘာလို့ လိုက်ပြောတတ်တာတုန်း။ မွေးကတည်းက သင်ကြားလာလို့ စကားပြောတတ်တာ၊ ရှေ့ဆောင်နေတဲ့ စိတ်က မနောကမ္မ၊ နောက်က ကပ်လိုက်ပြီးတော့ ပြောနေတာက ဝစီကမ္မပါ။ တကယ် အလုပ်လုပ်နေတာ မနောကမ္မနဲ့ ဝစီကမ္မနှစ်ခုလို့ သိလား၊ မသိပါဘူး။ ဒီတော့ ပြောနေတုန်းမှာ သိရမယ်။ မနောကမ္မက အဆုံးအဖြတ်ပေးလာပြီ။ ပေးတဲ့အခါ စကားဟာ လိုအပ်နေပြီ ပြောရတော့မယ်။ ပြောရင်လည်း သူအကျိုးရှိအောင် ညင်ညင်သာသာ၊ ကောင်းကောင်းမွန်မွန် ပြောရမယ်လို့ ကြိုတင်ပြီး မနောကမ္မ က ဝိဇ္ဇာဆိုတဲ့ ဉာဏ်ပညာယှဉ်လို့ ဉာဏ်ပညာနဲ့ အဝိဇ္ဇာကို ဖယ်ထားပြီး ပြောတယ်။ ပြောတဲ့အခါမှာလည်း စိတ်ကခိုင်းတာကို နှုတ်က လိုက်ပြောနေတယ်လို့ သိနေတယ်။ ဒီလိုသိနေတော့ ရုပ်၏အလုပ်နှင့် နာမ်၏အလုပ်တို့ကို ကွဲအောင် ရှုမှတ်ပြီးတော့မှ ပြောတယ်။ ပထမအဆင့် မနောကမ္မနှင့် လုပ်နေတုန်းက ပညာရှေ့ဆောင်တယ်။ ရှေ့ဆောင်တာကို သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ အလုံးစုံသော အတွေးအခေါ်တို့ကို ဉာဏ်က ရှေ့ဆောင်တယ် သဗ္ဗဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏ်ရှေ့ဆောင်ပြီး ပြောရင်လည်း သဗ္ဗံဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ ဉာဏ်ရှေ့ဆောင် ပြောတယ်၊ ပြီးတော့ ပြောနေတဲ့အခါ ရုပ်နာမ်တို့ အလုပ်လုပ်နေတာ သိနေတယ်။ ဒါကို ဉာဏာနုပရိဝတ္တံ ဉာဏ်နဲ့ကပ်ပြီး အလုပ်လုပ်ရင်းပြေတာ၊ ဒီလို သိပြီးမှ ပြောတော့ အမှားမပါ၊ အမှားနည်းတယ်။ သူ့အကျိုး၊ ကိုယ်အကျိုးရှိတဲ့ စကားတွေ ပြောတယ်။ အပိုမပြောဘူး၊ ဒီလို သိနေရမယ်။

အခု အစာစားတာ ကြည့်ရအောင်။ စားတဲ့အခါ အစာကို ပါးစပ်က ဝါးတယ်၊ ဒါ ကာယကမ္မပါ။ ဝါးနေတာကို ဘယ်သူခိုင်းလဲ။ မနောကမ္မက ခိုင်းလို့ အစာတွေကို ဝါးနေတာလို့ မသိပါ။ ဝါးရင် စိတ်က ခိုင်းလို့ ရုပ်က လုပ်နေတာလို့ သိနေရမယ်။ သိနေဖို့က သတိကပ်ပြီး အားထုတ်နေမှ အလုပ်ကို သိနေတာပါ။ ဒီလို လုပ်နေတာဟာ “ဝိပဿနာဘာဝနာ” ခေါ်တယ်။ စားတုန်းမှာလည်း စိတ်ကခိုင်းလို့ ဝါးနေတာလို့ သိနေတာမဟုတ်လား။ ဝါးဖတ်ကလေးက လျှာရည်နဲ့ ရောပြီး လျှာပေါ်ရောက်တဲ့အခါ ချိုတာ၊ ချဉ်တာကို သိတယ်။ ရုပ်တရားဖြစ်သော လျှာမှာရှိသည့် ဇိဝှာပသာဒ ရုပ်လေးတွေက ပြောလို့သိတာ၊ ခံစားမှုနဲ့ သိတာ၊ ဝေဒနာ၊ ဗောဋ္ဌဗ္ဗအာရုံလေး ဖြစ်နေတယ်လို့လည်း ကပ်ပြီးသိနေရမယ်။ ဒါလေးတွေ အဟုတ်ဖြစ်နေတာကို သိနေရမယ်။

စားနေတဲ့အခါ ပညာမပါရင် စားနေစဉ်မှာလည်း သမ္မာကမ္မန္တ မဖြစ်ပါ။ ပညာပါမှ ပညာဦးစီးမှ ဖြစ်တာပါ။ ပညာဦးစီးမှဆိုတာ စိတ်က ဝါးခိုင်းလို့ ပါးစပ်က ဝါးနေတာမှာ ဝါးနေတုန်းကို ဝါးနေမှန်းသိရုံတင်မက စိတ်က ဝါးခိုင်းလို့ ရုပ်ကဝါးနေတာပါလို့ကို သိနေရမယ်။ ဒီမှာ ရုပ်နဲ့ နာမ် ကွဲကို ကွဲရမယ်။ ဝါးဖတ်နဲ့ လျှာက ရုပ်တရား၊ သူတို့နှစ်ခုထိမှ ချဉ်ခြင်း၊ ချိုခြင်းဆိုသော ဝေဒနာပေါ်တာ၊ ရသာရုံပေါ်တာပါ။ ဒီနေရာမှာ ရုပ်တရားနှစ်ခု ဦးဆောင်လို့ အရသာပေါ်တာပါ။ အရသာဆိုတဲ့ ဝေဒနာလေးဟာ နာမ်ဓာတ်၊ ဒီနာမ်ဓာတ်က ဘယ်သူ့မှီပြီး ပေါ်တာတုန်း၊ ရုပ်တရားနှစ်ခုထိလို့ အရသာပေါ်တာပါ။ ဒီနေရာမှာ ရုပ်နဲ့နာမ် ကွဲအောင်ဆိုတာ ဘယ်သူက ရှေ့ဆောင်လို့ ဘယ်သူလုပ်တယ်ဆိုတာ ကြည့်ပါ၊ ဝါးတုန်းက စိတ်ကဦးဆောင်ပြီး ရုပ်က လိုက်လုပ်ရတယ်။ အရသာပေါ်တဲ့အခါမှာ ရုပ်တရားက ထိလို့ အရသာသိစိတ်ဆိုတဲ့ နာမ်ဓာတ်ပေါ်တယ်။ ဒီမှာ ရုပ်အခြေခံပြီးတော့ နာမ်ဓာတ်ဝေဒနာ ပေါ်တယ်။ နောက် ဒီဝေဒနာ ခံစားမှုကို ငါအရသာရှိတယ်လို့ ဖြစ်တော့ ကိလေသစက် လည်တယ်။ ပြီးတော့ ထပ်ပြီး ဝါးခိုင်းတော့ ထပ်ဝါးတယ်။ ကမ္မစက် လည်တယ်။ ဒါဘာတွေတုန်း။

သမ္မာကမ္မန္တ မဂ္ဂင်ကို အခြေခံပြီး ရုပ်နာမ်တို့ အဟုတ် အလုပ်လုပ်နေတာ၊ နာမ်ဓာတ်က သူ့ဟာသူ အလိုလို ပေါ်လာတာ၊ ဘယ်သူက ပေါ်ခိုင်းလို့မှ မဟုတ်ပါ။ ဒီသဘောတွေကို “အဖြစ်နှင့်အသိ” ကပ်နေရမယ်။ ကပ်နိုင်အောင် ဘာက ရှေ့ဆောင်ရမှာတုန်း၊ သတိနှင့် ဝီရိယက ရှေ့ဆောင်ရမယ်။ အဲဒီအခါ ဉာဏ်နဲ့ကူပြီး ဖြေရှင်းရမယ်။ ဒီအလုပ်တွေဟာ ဘာတွေတုန်း။ “ဝိပဿနာဘာဝနာ” ။ ဒီ ဝိပဿနာဘာဝနာဆိုတာ ဘယ်မှ သွားနေစရာ မလိုပါဘူး။ ဒီမှာတင် ပြောနေရင်း၊ ထမင်းစားနေရင်း ဒါကို သိပြီး ပွားများနေရမယ်။

လက်သွားဆေးပြီ ဆိုတာ ကြည့်ရအောင်။ လက်ကို ရေဆေး၊ ဆပ်ပြာနဲ့ လက်နဲ့ ပွတ်တိုက်ပြီ။ လက်က မစင်သေးဘူး၊ မစင်သေးဘူးလို့ ပြောနေတာ ဘယ်သူက ပြောတာတုန်း၊ ရုပ်ကပြောနေတာ၊ မစင်သေးဘူးဆိုတာ ဖုသန သဘော တွေ့ထိမှုသဘောက ရုပ်တရား၊ ဆပ်ပြာနဲ့ လက်နဲ့ ထိနေတဲ့အခါ ဖုသနသဘောလေးက မစင်သေးဘူး ပြောတိုင်း စိတ်က ရုပ်ကို ပွတ်ခိုင်းတယ်။ စိတ်က ပွတ်ခိုင်းလို့ လက်က လိုက်ပွတ်နေတာ၊ ဒီမှာ နှစ်ခုကွဲရမယ်၊ ချောနေတယ် မစင်သေးဘူးပြောတာ ရုပ်တရားက ပြောတာ၊ ရုပ်ကပြောတိုင်း စိတ်က ပွတ်ခိုင်းတယ်၊ ပွတ်နေတဲ့ လက်ကလေးတွေကို စိတ်က ခိုင်းတာ၊ ထိတဲ့အထိလေးတွေက မစင်သေးဘူး၊ စင်တယ်လို့ ကာယပသာဒရုပ်က သတင်းပို့ပြီး ပြောတာ၊ ဒီမှာ ရုပ်နဲ့ နာမ်တို့ အလုပ်လုပ်နေတာကို သေသေချာချာ သိရမယ်။

ဒါပေမဲ့ အားထုတ်မှ သိရမယ်၊ သိမယ်။ အားမထုတ်ရင် မသိပါ။ ပြီးတော့လည်း သတိပါမှ ဟုတ်ကဲ့လား။ ဒီလို အားထုတ်နေဆဲကိုပဲ “သမ္မာဝါယမ မဂ္ဂင် နှင့် သမ္မာသတိ မဂ္ဂင်” ပါ။ ဒီလို ထပ်တလဲလဲလုပ်မှ အပြင်မရောက်ဘဲ စိတ်က ဒီအထဲမှာတင် နေတာ၊ ဒီလိုနေလာတော့ စိတ်ရဲ့ တည်ငြိမ်မှုဆိုတာ ရလာတယ်။ ဒါ “သမ္မာဓိမဂ္ဂင်” ဖြစ်ပါတယ်။ ဒီ မဂ္ဂင်သုံးပါးဟာ အခြေခံအကျဆုံး ဖြစ်ပါတယ်။ အခုလို ဘုရားရှင်ရဲ့ ဒေသနာတော်ကို ကြားနာရပြီး နိဗ္ဗာန်မဂ်ဖိုလ်သို့ တက်လှမ်းနိုင်အောင် ကြိုးပမ်းနိုင်ကြသော ပုဂ္ဂိုလ်ထူးများ ဖြစ်နိုင်ကြပါစေ။

သာဓု သာဓု သာဓု