
မဂ္ဂင် (၈)ပါးမှာ ပညာမဂ္ဂင် (၂)ပါး၊ သီလ မဂ္ဂင် (၃)ပါး၊ သမာဓိမဂ္ဂင် (၃)ပါးနှင့် စသွားရပါတယ်။ ပထမဆုံးဖြစ်တဲ့ အယူမှန်၊ အမြင်မှန် ရမှပါ။ အခြားဘာသာတွေက ပြောနေတဲ့ အယူမှန်၊ အမြင်မှန်မျိုးနှင့် ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတဲ့ အယူမှန်၊ အမြင်မှန် မတူပါ။ အခြေခံအားဖြင့် ရုပ်ခန္ဓာ အဟုတ်ရှိတယ်၊ နာမ်ခန္ဓာလည်း အဟုတ်ရှိပါတယ်။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့ ရှင်ရေးအတွက် မရပ်မနား လုပ်နေကြရပါတယ်။
နှလုံးကလည်း စဉ်ဆက်မပြတ် မရပ်မနား ခုန်နေရတယ်။ အဆုတ်ကလည်း စဉ်ဆက်မပြတ် မရပ်မနား ကျုံ့လိုက် ကားလိုက် လုပ်နေရတယ်။ အခြား ကောဋ္ဌာသတွေလည်း အလုပ်လုပ်နေရတယ်။ ဒါဟာ ရူပက္ခန္ဓာ၏ သဘာဝပါ။ ထို့အတူ နာမက္ခန္ဓာ၏ သဘာဝမှာ တွေ့သမျှ ထိသမျှတွေက ပေါ်လာတဲ့ ခံစားမှုဝေဒနာ အမျိုးမျိုးနှင့် ခန္ဓာကိုယ်ကို ကူညီနေတာပါ။ ဝေဒနာတွေဟာလည်း ရပ်တယ်လို့မရှိ၊ နားတယ်လို့မရှိဘဲ အမြဲတမ်း ပေါ်နေတာပါ။ ဒီလို ရုပ်နာမ်တို့၏ အလုပ်သင်္ခါရကိုလည်း အခြေခံကျကျ လေ့လာနိုင်အောင် ဒေသနာက ပေးပါတယ်။ ဒါတွေဟာ သုတ မယပညာ၊ ဗဟုသုတအဖြစ်နှင့် ရပါတယ်။ ဒီလို သေသေချာချာ စဉ်းစားဆင်ခြင်တဲ့ အခါ ဒီရုပ်၊ ဒီနာမ်နဲ့ပဲ ဘဝခရီးကို လူတိုင်း လျှောက်နေရတာပါ။ လူသာမက အခြား သက်ရှိသတ္တဝါအားလုံးလည်း ဒီလိုပဲ ဘဝခရီးကို လျှောက်ရတာပါ။ ရှင်ရေးအတွက်ရော လူနှင့်တူအောင် နေနိုင်ရေးအတွက်ပါ စဉ်ဆက်မပြတ် အလုပ်တွေ လုပ်နေရတာပါ။ လုပ်နေရတာဟာ ပင်ပန်းဆင်းရဲပါတယ်။
အသက်ရှူတာ မရပ်အောင်၊ နှလုံးခုန်တာ မရပ်အောင် လုပ်နေရပါတယ်။ ဒါတွေဟာ ပင်ပန်းဆင်းရဲတာ အမှန်လို့ ဒေသနာကပေးလို့ ဒီလို ဆင်ခြင်နိုင်တယ်။ ဆင်ခြင်လျှင် ဆင်းရဲအမှန်ကို သိမှာပါ။ ရုပ်နာမ် (၂)ပါးနှင့် ခရီးသွားနေရသော ပုဂ္ဂိုလ် သတ္တဝါမှန်သမျှသည် ဒီဆင်းရဲက မလွတ်ပါ။ ဒါ အခြေခံအချက်ပါ။ မိမိအပါအဝင် အသက်ရှင်နေသော လူတိုင်း သတ္တဝါတိုင်းမှာ ဒုက္ခရှိပါတယ်။ ဒီဒုက္ခသဘောကို မြင်တော့ သတ္တဝါတိုင်းဟာ ဒုက္ခိတ သတ္တဝါ ပါ။ ဒီဒုက္ခကို သယ်သွားနေရတဲ့ အဖြစ်ကို မသိတဲ့ လူတွေချည်းပဲ။ အခု ဘုရားပေးတဲ့ ပညာရလို့ စဉ်းစားနိုင်လို့ သိတာပါ။ ဒီတော့ ဒုက္ခိတအချင်းချင်း သဘောတူတာ သိတယ်။ သဘောတူတော့ သက်ရှိတိုင်းအပေါ်မှာ စာနာ ထောက်ထားရမည်။ စာနာတတ်ရမည်၊ ကြင်နာတတ်ရမည်။ ဒီလို အသိဉာဏ်ကို သမ္မာဒိဋ္ဌိ ခေါ်ပါတယ်၊ အမြင်မှန်တာပါ။
ဒီသမ္မာဒိဋ္ဌိအပေါ်မှာ အခြေခံပြီးတွေးတော့ မြင်သမျှ သတ္တဝါ၊ မြင်သမျှ လူတွေဟာ အသက်ရှင်နေတုန်း ရုန်းကန်နေရတာ၊ ရှင်အောင် မနည်းလုပ်နေရတယ်ဆိုတာ မသိပါလို့ စဉ်းစားတတ်တော့ သိလာလို့ ပို၍ ကြင်နာရတယ်။ ဒီလိုတွေးတာ သမ္မာသင်္ကပ္ပပါ။ ဒီနှစ်ပါး အခြေခံတော့ ပုဂ္ဂိုလ်တွေနှင့် ဆက်သွယ်စကားပြောရာမှာ စာနာတတ်တဲ့ သဘော၊ ကြင်နာတတ်တဲ့သဘောနှင့် ပြောတော့ အပြောတွေ အခြေကျလာတယ်။ သဘာဝအတိုင်း ပြောတတ်လာတယ်။ အပိုတွေ မပြောတော့ပါ။ ပြောတဲ့အခါမှာလည်း နာယူနိုင်လောက်အောင် ပြောတတ်လာပါတယ်။ ဒါဟာ ပညာဦးစီး၍ ပြောတာပါ။ ဒီတော့ သတိနှင့် သမ္ပဇည ဦးစီး၍ ပြောခြင်းအလုပ်ကို လုပ်တာပါ။ သတိ= အောက်မေ့ဆင်ခြင်ခြင်း၊ သမ္ပဇည= ပညာ၊ သမ္ပဇည ပညာဆိုတာ သဘာဝကို အခြေခံ၍ နှလုံးသွင်းတဲ့ ပညာပါ။ ဒီလို နှလုံးသွင်းတော့ စာနာတတ်၊ ကြင်နာတတ်တဲ့ ပညာနှင့်ပြောလို့ အပြောတွေ မှန်တယ်။ ထို့အတူ အလုပ်ကို စာနာတတ်၊ ကြင်နာတတ်တာနဲ့ လုပ်လျှင် အလုပ်တွေကလည်း ကောင်းလာပါတယ်။ အနေလည်း မှန်လာတယ်။ ဒါဟာ သီလမဂ္ဂင် စင်ကြယ်တာပါ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပကို ယထာဘူတဉာဏ်နှင့် တည်ဆောက်ထားတာပါ။ ရုပ်နာမ်ခန္ဓာတို့၏ အဖြစ်မှန်ကို သိအောင် သုတမယ၊ စိန္တာမယနှင့် တည်ဆောက်ထားတာပါ။ ဒီကမှ သမ္မာဝါယမ၊ သမ္မာသတိကို တက်ရမှာပါ။ သမ္မာဝါယမ၊ သမ္မာသတိ တည်ဆောက်ရာမှာ သီလစင်ကြယ်မှ မိမိ၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာများကို ပြန်ပြီးစဉ်းစားတိုင်း မကောင်းမှု အကုသိုလ်ကင်းပြီး ကုသိုလ်များနှင့်နေသော ဘဝကို မြင်ရလျှင် ကြည်နူးတယ်၊ ပီတိဖြစ်တယ်။ မိမိရဲ့သီလ စင်ကြယ်တဲ့အဖြစ်ကို ကျေနပ်တယ်။ ဒီပီတိဟာ သတိအား၊ ဝီရိယအား နှစ်ခုကို မှန်ကန်စွာလုပ်နိုင်ဖို့ သမာဓိကို တည်ထောင်နိုင်ဖို့ အထောက်အပံ့ပေးပါတယ်။ ဒီတရားတွေဟာ အခုပြောသလို လက်တွေ့ကျကျ အဟုတ်အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တိုင်း ဒီနည်းတွေနှင့် သွားတာပါ။
ဒီတော့ ပထမအဆင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဖြစ်ဖို့ ရုပ်နာမ်ခန္ဓာကွဲအောင် စဉ်းစားပါ။ သင်္ခါရဒုက္ခကို မြင်အောင်ကြည့်ပါ။ ဒါဟာ သုတမယ၊ စိန္တာမယနဲ့ ရတဲ့ပညာ။ ဒါကို အခြေခံပြီး နေတတ်ရင် သမ္မာအာဇီဝလည်း ဖြစ်ပါတယ်။ အနေမှန်တဲ့ ဘဝလည်း ရပါတယ်။ ဒီနည်းနှင့် သမာဓိလည်း တည်ရမည်။ သမာဓိအားကို သုံးပြီး ဝိပဿနာကိုလည်း ပွားများရတယ်။ အဟုတ်တကယ် မိမိမှာရှိနေတဲ့ ဒိဋ္ဌိဆိုသော ယုံကြည်မှု၏ ရပ်တည်ပုံက ဥပါဒါန်အဖြစ် အစွဲနှင့် ရပ်တည်တာပါ။ သူ့ထက် အခြေခံကျသော အနုသယဒိဋ္ဌိ။ ဒိဋ္ဌိက ဥပါဒါန်အဖြစ်နှင့်လည်း ရှိတယ်၊ အနုသယအဖြစ်နဲ့လည်း ရှိပါတယ်။ ဒီယုံကြည်မှုသဘောကို ပထမ ဥပါဒါန်အဆင့် ပယ်ရတယ်။ နောက်အဆင့် အနုသယဒိဋ္ဌိကို ပယ်ရတယ်။ အနုသယ ဒိဋ္ဌိဆိုတာ အလွန်နက်ရှိုင်းတဲ့ နေရာမှာ ရပ်တည်နေတာပါ။ ဒါကို ပယ်နိုင်ဖို့ကျတော့ ဝိပဿနာပညာနှင့် သမထဘာဝနာကပေးသော “ဥပစာရသမာဓိ” ထိအောင် တည်ထောင်မှ ဥပစာရ သမာဓိဉာဏ်အား၊ ဝိပဿနာ ဉာဏ်အားနှစ်ခုပေါင်းမှ အရေးအကြီးဆုံးဖြစ်တဲ့ ဒိဋ္ဌာနုသယကို ပယ်နိုင်တာပါ။ ယုံနေတဲ့ မျိုးစေ့ကိုပါ ဖယ်နိုင်တာပါ။ ဒါဟာ လုပ်ငန်းသဘောတွေပါ။ ဒီလုပ်ငန်းသဘောတွေကို သိပြီဆိုရင် ဒီတရားအလုပ်တွေဟာ အမြဲတမ်းလုပ်နေရမည့် အလုပ်တွေ ဖြစ်ပါတယ်။ အခြေခံလည်း သိပြီ၊ မဂ္ဂင်(၈)ပါးရဲ့ သဘာဝလည်း သိပါပြီ။
ဝိပဿနာဉာဏ် ဘယ်ပုံဘယ်နည်း ပွားရမည်။ မိမိချေဖျက်ရမည့် အတ္တဒိဋ္ဌိဥပါဒါန် နှင့် အနုသယဓာတ်ကိုပါ ဖယ်နိုင်မှ မျိုးစေ့ကုန်တာပါ။ မျိုးကုန်မှ ဒိဋ္ဌိက နောက်ထပ် မပေါ်နိုင်မှာပါ။ သောတာပန်ဆိုတဲ့ မဟာသောတာပန် ဖြစ်ဖို့ဟာ အနုသယဓာတ်ခံ၊ အနုသယ ကိလေသာ၊ ယုံကြည်တတ်တဲ့ ဒိဋ္ဌိ၊ ဒိဋ္ဌာနုသယအထိ ပယ်ရတာပါ။ ဒီသဘောတွေကို သုတမယပညာနှင့် ရပါပြီ။ ကိုယ်တိုင်ပွားများရမှာပါ။ ဒီဘဝ ဒီခန္ဓာ ရတုန်းမှာ ဒီအလုပ်ကိုပဲ ကြိုးစားပြီး လုပ်ကြပါ။
သာဓု သာဓု သာဓု