ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“မဂ္ဂသစ္စာ”

“မဂ္ဂသစ္စာ”

မဂ္ဂသစ္စာဆိုတာ သံသရာဝဋ်ဆင်းရဲတွေ ဖြစ်နေတာကို ဘယ်ပုံဘယ်နည်းနဲ့ ပျောက်အောင်လုပ်ရင် ပျောက်တယ်ဆိုတဲ့ နည်းပညာဖြစ်ပါတယ်။ ပျောက်ကြောင်း (၄)ပါး ရှိသည်။ ထိုအကြောင်း(၄)ပါးမှာ –

ပထမဦးဆုံးဖြစ်သော နည်းပညာက အကြောင်းတရားတွေ ဘယ်လိုရှိနေတယ်ဆိုတဲ့ သဘောကို ရှင်းပြ တယ်။

(၁) ဟေတုဋ္ဌ – ရှင်းပြခြင်း

(၂) နိယျာနဋ္ဌ – ထွက်မြောက်ခြင်း

ဒီလမ်းဒီခရီးဒီနည်းနဲ့ သွားရင် သံသရာဝဋ်ဆင်းရဲက ထွက်ရမည့် တံခါးပေါက်ကို ညွှန်ပြတယ်။ လွတ်ကင်းထွက်မြောက်ကြောင်း အမှန်ဖြစ်သော နည်းပညာက ဒီနည်းလမ်းအတိုင်း ကျင့်ရင် ထွက်မြောက် မယ်တဲ့။

(၃) အဓိပတေယျဋ္ဌ – အကြီးအမှူး

မဂ္ဂသစ္စာမှာ သီလ၊ သမာဓိ၊ ပညာသုံးခုသည် သံသရာမှ ထွက်ကြောင်းတရားထဲမှာ အကြီးအကဲ အဓိပတိဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး မှာပါတဲ့ အခြေခံအကျဆုံး သဘာဝတရားတွေ ဖြစ်တယ်တဲ့။

(၄) ဒဿနဋ္ဌ – မြင်အောင်ပြခြင်း

နိဗ္ဗာန်ကိုမြင်အောင်ပြတယ်။ သောတာပတ္တိမဂ်က သောတာပတ္တိမဂ်နဲ့ မြင်တဲ့ နိဗ္ဗာန်၊ သကဒါဂါမိမဂ်က သကဒါဂါမိမဂ်နဲ့ မြင်တဲ့ နိဗ္ဗာန်၊ အနာဂါမိမဂ်က အနာဂါမိမဂ်နဲ့ မြင်တဲ့ နိဗ္ဗာန်၊ အရဟတ္တမဂ်က၊ အရဟတ္တမဂ်နဲ့ မြင်တဲ့ နိဗ္ဗာန်ကို သူ့အဆင့်နဲ့ သူမြင်အောင် ဒီနည်းပညာက ပြပါတယ်။ ဒဿနဋ္ဌ ထဲမှာ မြင်အောင်ပြနိုင်တဲ့ စွမ်းအားလည်းပါပါတယ်။

နိရောဓသစ္စာရဲ့သဘောက တရားများအားထုတ်ရင် သမာဓိအားနှင့် သံသရာဝဋ် ဆင်းရဲကို သေသေချာ ချာ မြင်လာပြီ။ မြင်လာတဲ့အခါ သံသရာဝဋ်ဆင်းရဲကို အဟုတ်ကြောက် တကယ်ကြောက်တယ်။ လေယာဉ်ပျံ ပေါ်မှာ မမောင်းတတ်ဘဲ တစ်ယောက်တည်းကျန်နေတဲ့ သူက သေခြင်းတရားနှင့် ရင်ဆိုင်နေရပြီ ဆိုတော့ အဟုတ်သိ၊ အဟုတ်တကယ် ကြောက်သလိုပါပဲ။ တရားအားထုတ်လို့ နိဗ္ဗိန္ဒဉာဏ် ရပြီဆိုရင် သံသရာကို ငြီးငွေ့ ပြီး သံသရာဘေးကို အဟုတ်ကြောက်တယ်။ ကြောက်သော်ငြားလည်း ဒီဘေးက လွတ်အောင် ထွက်မြောက်နိုင် တဲ့ နည်းလမ်းကို ကြိုးစားရှာဖွေရတယ်။ ဒါကို မဂ်ပညာနှင့် ရှာခြင်း၊ မဂ်ပညာက ရိုးရိုး သာမန်ရှိနေသော ဉာဏ်နှင့် စိတ်၏စွမ်းအား နှစ်ခုထက်ပိုလွန်တဲ့ စွမ်းအား ဒါဘယ်လိုတုံး၊ မဂ်စွမ်းအား ဘယ်လိုထူးတုံး၊ လောကီဥပ မာနဲ့ပြောရင် ရှိနေတဲ့ အလင်းရောင်ဟာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို မြင်အောင်စွမ်းဆောင်နိုင်သည်ထက် ပို၍ အလုပ် မလုပ်နိုင်ပါ။

သို့သော် ဒီအလင်းဓာတ်ကို သိပ္ပံပညာရှင်တွေက စွမ်းအားတက်လာအောင် ပြုပြင်လိုက်တယ်။ ဒီအလင်း ရဲ့ အနေအထားတွေ ပြောင်းအောင်လုပ်ပေးလိုက်တော့ လေဆာရောင်ခြည်ခေါ်တဲ့ ရောင်ခြည်သစ်ဖြစ်လာတယ်။ သာမန်အလင်းရောင်နှင့် မတူတော့ဘဲ စွမ်းအားထက်တယ်။ အခုခေတ်မှာ ဦးနှောက်ထဲမှာရှိတဲ့ ကြူမာခေါ်တဲ့ အသားပိုလေးတွေကို ခွဲစိတ်စရာမလိုတော့ဘဲ အပေါက်သေးသေးလေး ဖောက်ပြီး လေဆာရောင်ခြည်နဲ့ ဖျက် ဆီးကုသပေးနိုင်ပါပြီ။ နေကလာတဲ့ အလင်းရောင် အလင်းလှိုင်းထဲမှာ ရောင်စဉ် (၇) မျိုးရှိပါရှိပြီး အရောင်တစ် မျိုးနှင့် တစ်မျိုး လှိုင်းအလျားချင်း မတူပါ။ ရောင်စဉ် (၇) မျိုးထဲက သီးသီးသန့်သန့် အရောင်တစ်မျိုးကိုသာ ယူပြီး (၆) ခုကို ဖယ်လိုက်တဲ့အခါ လှိုင်းတိုတာ ရှည်တာတွေ မရောတော့ပါ။ အလင်း၏ စွမ်းအင်ကို တက်အောင် လုပ်တဲ့နေရာမှာ တစ်မျိုးထဲက အားပိုကောင်းတယ်။ မိမိ၏စိတ်ဟာ အာရုံ (၆)ပါးထဲမှာနေရင် အားမကောင်းပါ။ ဝိညာဏဓာတ်၏စွမ်းအား – အာရုံ (၆) ပါးလုံးကို မယူတော့ဘဲ အာရုံတစ်ခုတည်းယူပြီး သန့်ထုတ်လိုက်တဲ့အခါ အလင်းရောင် (၇)ရောင်ထဲက တစ်ခုကို ယူပြီး သန့်ထုတ်လိုက်သလို နာမ်ဓာတ်က တစ်ခုတည်းသော အာရုံပေါ် မှာ စွဲစွဲမြဲမြဲ နေရင် စွမ်းအားပိုတက်လာတယ်။

အခု ဒီမျက်နှာပြင်ပေါ်မှာ အလင်းလှိုင်းက plain နဲ့ သွားနေတာပါ။ အာကာသထဲ သွားတော့ ဒေါင်လိုက် မျက်နှာပြင်ပေါ်မှာ သွားရင် အလင်းရောင်သွားနေတာကို ထိပ်တည့်တည့်က ကြည့်ရင် အလင်းရောင်လှိုင်း သွား ရင် အလင်းရောင်သွားရာ မျက်နှာပြင်တွေ ၃၆၀ ဒီဂရီ ရှိနေတယ်။ ဒီလို ၃၆၀ လုံးမသွားနဲ့ single plain ဒေါင် လိုက်ဆိုရင် ဒေါင်လိုက်၊ အလျားလိုက်ဆိုရင် အလျားလိုက်သွားအောင် လုပ်တာ ဒုတိယအဆင့်ပါ။ အလုံးနဲ့ မျက် နှာပြင်တစ်ခုကို ထိုးဖောက်တာနဲ့ အပြားနဲ့ ထိုးဖောက်တာဆိုရင် အပြားနဲ့ ထိုးဖောက်တာက ပိုလွယ်သွားတယ်။ ဒေါင်လိုက်ပြားပြားလေးဆိုတော့ ဖောက်ရတာ ပိုလွယ်တယ်။ ဒီတစ် ဆင့်တက် လေဆာရောင်ခြည်လုပ်တဲ့ အလုပ်တွေ simulation တွေလုပ်တော့ Amplify ဆိုတာ အဆတိုးလာအောင်၊ အားပိုပြင်းလာအောင် လုပ်တာပါ။ မြစ်ထဲမှာ ရေပန်းရိုးရိုးထွက်နေတဲ့ Energy variation ကို ပိုပြီးစွမ်းအားထွက်လာအောင် Amplify လုပ်လိုက်တော့ စွမ်းအားက ပိုထွက်လာတယ်။ ဒီအလင်းရောင်ကို သုံးတာ လေဆာရောင်ခြည်သုံးတယ်လေ။

စိတ္တံ ပညဉ္စ ဘာဝယံ၊ မဂ်အဆင့်တက်မယ်ဆိုရင် ရိုးရိုးအလင်းရောင်နဲ့ ကြည့်လို့မရ၊ အလင်းရောင်ကို အဆင့်မြှင့်ဖို့ ပြုပြင်ရတော့မယ်။ အာရုံ (၆)ပါးထဲမသွားနဲ့၊ ပထမအာရုံ တစ်ခုတည်းမှာပဲ တည်နေအောင်လုပ်၊ သမာဓိလုပ်ငန်း – နှာသီးဖျားမှာ ထွက်လေဝင်လေ လေးကို သိအောင်လုပ်၊ နှာသီးဖျားမှာပဲ နေပြီဆိုရင် ရောင်ခြည် (၇) သွယ်ထဲက တစ်ခုကို ခွဲထုတ်လိုက်တာနဲ့ တူတယ်။ ဒီရှိနေတာလေးကို သိတဲ့ကိစ္စမှာ ဝေဒနာ ခေါ်တဲ့ ခံစားမှုနဲ့ သိနေရင် ဝေဒနာကို အာရုံပြုတဲ့အခါ ဝေဒနာလေးပဲ သိတယ်။ အဒုက္ခ မသုခဝေဒနာလေး။ သို့သော် ဝေဒနာကိုအာရုံမပြုဘူး။ သိခြင်းသဘော ဝိညာဏ၏အစွမ်းကို အာရုံပြုမယ်ဆိုရင် ဒီ (၂) ခုကွဲသွားပြီ။ ဝေဒနာကို နှလုံးသွင်းရင် ဝေဒနာကိုပဲ ရှုပါ။ ဝိညာဏ်ကို နှလုံးသွင်းရင်လည်း ဝိညာဏ်ကိုပဲ ရှုပါ။ သင်္ခါရကို နှလုံးသွင်း ရင်လည်း သင်္ခါရကို ယူပါ။ တစ်ခုပဲ ရှုပါယူပါဆိုတာ plain တွေ အများကြီးရှိတဲ့ အထဲမှာ single plain ကိုယူပါ။ သူက အဝိဇ္ဇာဆိုတဲ့ ကိလေသာ အမှောင်ထုကို ထိုးထွင်းချင်တာ၊ ထိုးထွင်းနိုင်သော စွမ်းအား penetration power ပြားပြားလေးဖြစ်အောင် တစ်ခုထဲ သီးသီးသန့်သန့် ဖြစ်အောင် ဒီဉာဏ်နဲ့ ပြုပြင်ပြီး အဆင့်ဆင့် ပွားလိုက်တယ်။ ဝိညာဏ်၏ စွမ်းအားကိုလည်း ပွား၊ ပညာ၏ စွမ်းအားကိုလည်း ပွားလိုက်တယ်။ အပြားလေးဖြစ်အောင် one plain ထဲသွားအောင် ပထမရှိနေတဲ့ အာရုံအမျိုးမျိုးထဲက တစ်ခုတည်းယူတယ်။ နောက်တစ်နေရာထဲ တိုးသွားအောင် လုပ်တယ်။ ဒါတွေဟာ နာမက္ခန္ဓာမှာ ဝိပဿနာပွားနေတဲ့ ယောဂီရဲ့ လုပ်ငန်းတွေပါ။ ဒီရောက်တော့ လောကီနယ်မှာ မျက်စိနဲ့ မြင်နေရတဲ့ အမြင်တွေပေါ်မှာ အလင်းကပေးနေတဲ့ သိနေရတဲ့ အသိမျိုးနဲ့ လေဆာရောင်ခြည်တီထွင်တဲ့ သိပ္ပံပညာရှင်ရဲ့ ဉာဏ်ထဲမှာ သီးခြားမြင်အောင် လုပ်ပေးသော အလင်းဓာတ်ဟာ ဘယ်လိုလုပ်နေရတာတုံးလို့ သူသိအောင်စဉ်းစားရတယ်။ သာမန်နေ့စဉ် တွေ့နေရသော အမြင်ဓာတ်တို့၏ အကြောင်းထက် ပိုလွန်သော အလင်း၏ အဓိပ္ပါယ်ကိုတက်လှမ်းပြီး စဉ်းစားတာပါ။ တက်တယ်ဆိုတာ ဉာဏ်အလွှာတက်သွားတာ၊ ဒါ လောကီနယ် သာမန်တွေ့နေကျ အာရုံထက် ပို၍အဆင့်မြင့်သော ပရမတ္ထနယ်ကို တက်တာပါ။ နာမ်ဓာတ်ကိုလည်း သမာဓိအား ပွားရတယ်။ one dimension ။ Multi- plain က single plane သွားတယ်။ ဒီလို တစ်ဆင့်ပြီးတစ်ဆင့် ဉာဏ်ကိုလည်းသုံး၊ နာမ်စွမ်းအားကို တက်လာအောင်လည်း လုပ်တယ်။ ဒီကျမှ သူရဲ့ သိပုံက မတူတော့ဘူး။

လေဆာရောင်ခြည်က ပြလို့ မြင်ရတဲ့ အဆင်းကျတော့ ရိုးရိုးထက်ပိုပြတ်သား ကြည်လင်လာတယ်။ ရှိနေတဲ့ object ကို သူလိုသလို ခွဲနိုင် စိတ်နိုင်တယ်။ အလင်းကို ပြုပြင်လိုက်လို့ပါ။ ဒီလိုပဲ နာမ်ဓာတ်ဟာ ရိုးရိုး နာမ်ဓာတ်ထက် ပြုပြင်လိုက်တော့ စွမ်းအားတွေ တက်လာတယ်။ တက်လာတဲ့ စွမ်းအားနဲ့ မမြင်နိုင်အောင် ကာထားတဲ့ အမှောင် ဖြစ်သော အဝိဇ္ဇာ၊ သူ့ကို penetrate လုပ်လိုက်တဲ့အခါ ဘာမြင်သွားလဲ၊ အလင်းရသွား တော့ အလင်းက ရောဂါကင်းသော၊ ဆိတ်ငြိမ်သော၊ အဝိဝေကဖြစ်တဲ့ ငြိမ်းချမ်းတယ် နိယျာနဋ္ဌ – လွတ်မြောက် သွားတယ်ဆိုတဲ့ နိဗ္ဗာနဓာတုဆိုတာ ဒီလိုလို့ သေသေချာချာ ထွန်းပြလိုက်တာပါ။ အဆင့်က ၂ဆင့် – ရိုးရိုးပုထုဇဉ် တို့၏ စဉ်းစားဆင်ခြင်ဉာဏ်နှင့် သိသော နိဗ္ဗာန် – အနုမာနနည်းနဲ့ ကြည့်တာ။ မဂ်ပညာနဲ့ သိတယ်ဆိုတာ လေဆာ ရောင် ခြည်နဲ့ တကယ်ထိုးထွင်းပြလိုက်တဲ့အခါ သမာဓိစွမ်းအားနဲ့ မြင်တဲ့ မဂ်ဉာဏ်နဲ့ မြင်တဲ့နိဗ္ဗာန်က တကယ် မြင်တာ ပါ။ ဒီသဘော ၂ ခုကို သေသေချာချာ ကွဲကွဲပြားပြား နှလုံးသွင်းတတ်မှ အခု ဒီကိစ္စတွေကို ကြိုးကြိုးစား စား ဆောင်ရွက်ရမယ်။

ဒီလောက်တောင် ခဲယဉ်းတာကို ဘယ်လုပ်နိုင်မှာတုံးလို့ အားလျော့ပြီး အလွန်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အလုပ်ပဲလို့ ထင်မြင်မယ်။ ဒီတော့ ပုဂ္ဂိုလ်နှစ်မျိုးရှိတယ်။ အခု လူ့ဘဝမှာ ကိုယ့်အိမ်ထောင် ကိုယ့်ဝတ္တရားနဲ့ နေ နေကြတဲ့ အဖြစ်က တစ်မျိုး၊ အိမ်ထောင်သားမွေး လူ့ဘောင်က ခွာလာတဲ့ သံဃာတော်တွေ တောရပ်ခိုမှီးပြီး တရားကို စူးစူးစိုက်စိုက် အားထုတ်နေတဲ့ပုဂ္ဂိုလ်မျိုးက တစ်မျိုးပါ။ ဘုရားရှင် လက်ထက်မှာ ဘုရားဟော တရားကို နှလုံးသွင်းတယ်။ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စတွေ လုပ်ရင်း တရားနှလုံးသွင်းအားထုတ်ရာမှာ အနာဂါမိ မဂ်အထိရတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။

မိမိတို့ လူဘဝမှာနေပြီး လေဆာရောင်ခြည်ရအောင် ကြိုးစားတဲ့ သိပ္ပံပညာရှင်တွေ၏ စွမ်းအားမျိုး အပြည့်အဝမရသော်လည်း အဝိဇ္ဇာဆိုတဲ့ အမှောင်ထုကို ဖယ်ဖို့ အားထုတ်နိုင်တဲ့ နည်းပညာရှိတယ်။ သမထ ဘာဝနာနဲ့ အားထုတ်ပြီးရတဲ့ သမာဓိအားတွေက လေဆာရောင်ခြည်လို အားကောင်းတော့ လွယ်လွယ်ကူကူ ထိုးဖောက် ကြည့်နိုင်တယ်။ သမထတင်မဟုတ်ဘူး၊ ဘုရားရှင်က ဝိပဿနာပေးသေးတယ်။ ဝိပဿနာလမ်းဟာ ပထမဈာန်၊ ဒုတိယဈာန် တွေရအောင် မကြိုးစားရပေမဲ့ ဝိပဿနာပညာကို စွမ်းအား တက်အောင် တဖြည်းဖြည်း ကြိုးစားတဲ့အခါ ဒီဝိပဿနာပညာနှင့်ပင် အဝိဇ္ဇာကို ဖြိုခွဲနိုင်တယ်။ ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုအဆင့်တွေကို ပထမတက်ရမလဲဆိုတာ သိဖို့ အရေးကြီးတဲ့ အချက်တွေ သေသေချာချာ စဉ်းစားဆင်ခြင်ရမယ်။

မိမိတို့ကိုယ်တိုင် ဒီလုပ်ငန်းရဲ့သဘောကို သိလာတဲ့အခါ ဒါဟာ သာမန်လူတို့ ကြိုးစားဖို့ စိတ်မကူးတဲ့ လုပ်ငန်း၊ သာမန်ဆိုတာ လောကီနယ်ထဲမှာ ပျော်မွေ့ပြီး လောကီချမ်းသာကြီးပွားရေးလုပ်နေသူတွေက စိတ် မကူးပါ။ လောကုတ္တရာခေါ်တဲ့ မဂ်တရား ဖိုလ်တရားတွေ သောတာပတ္တိမဂ်ရအောင် ကြိုးစားမယ်ဆိုတဲ့သူဟာ သာမန်ပုဂ္ဂိုလ်ထက် ထူးတဲ့စွမ်းအားရှိလာတယ်။ သတိအား စိုက်ရမယ်၊ ဝီရိယအား စိုက်ရမယ်၊ ပညာအားစိုက်ရ မယ်။ ဒီစွမ်းအားတွေကို စနစ်တကျ အသုံးပြုလာတတ်ရမယ်။ မိမိတို့ လူတစ်ယောက် ၂၄နာရီ တရက်အတွင်းမှာ သူ့အချိန်နဲ့ သူ့ကဏ္ဍနဲ့ စနစ်တကျ အသုံးချတတ်ရင် အကျိုးရှိသော အလုပ်များကို လုပ်တတ်လာရင် ဝိပဿနာ ပညာများကို ပွားများနိုင်ရင် တစတစတိုးပွားလာမယ်။ သာမန်လူတို့ရဲ့ အလုပ်တော့မဟုတ်ပါ၊ တကယ် စနစ် တကျ စည်းကမ်းနဲ့ စနစ်နဲ့ နေတတ်ရမယ်၊ ပြောတတ်ရမယ်။ စည်းမျဉ်းစည်းကမ်းအတွင်း မနေနိုင်သူများက လုပ်လို့မရပါ။ ပထမဦးဆုံး စည်းမျဉ်းစည်းကမ်းထဲမှာ မိမိကို ထားရမယ်။ စည်းကမ်းမရှိရင် လောကမှာ ကြီးပွား ဖို့ မလွယ်၊ ပညာတွေ ထူးထူးချွန်ချွန် တတ်ဖို့လည်း မလွယ်ပါဘူး။ ဘာအလုပ်ကို လုပ်လုပ် အခြေခံစည်းမျဉ်း စည်းကမ်း အရေးကြီးတယ်။ ဘာသာရေးစကားနဲ့ ပြောရင် စည်းမျဉ်းစည်းကမ်းကို “သီလ”လို့ခေါ်တယ်။

နေ့စဉ်ငါးပါးသီလ စောင့်ကြရတယ်၊ ဥပုသ်နေ့မှာ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး သီလ စောင့်ရတယ်။ အခုပြောနေတဲ့ မဂ်ပညာ ဖိုလ်ပညာကို တက်ဖို့လိုအပ်တဲ့ အခြေခံစည်းမျဉ်းစည်းကမ်း ( Basic discipline )ဟာ ဒီထက်ပိုတယ်။ ဒါနဲ့ မတူခြားနားပါတယ်။ ဥပုသ်နေ့စောင့်တဲ့ သီလက တစ်မျိုး၊ မဂ်ပညာ ဖိုလ်ပညာ တတ်ဖို့ စောင့်ရမယ့် သီလကတစ်မျိုး၊ ဒါကို ကွဲကွဲပြားပြား သိရမယ်။ လယ်တီဆရာတော်ဘုရားကြီးက ငါးပါးသီလ လုံခြုံမှ လူ့လောကထဲမှာ နေလို့ဖြစ်တယ်၊ လူကောင်းသူကောင်း တစ်ယောက်ဖြစ်ဖို့ ငါးပါးသီလလုံရမယ်။ ဒီလို လုံခြုံတဲ့ အဆင့်က ရှစ်ပါးသီလတက်ရင် ညစာမစား၊ ပန်းမပန်၊ နံ့သာမလိမ်း၊ သီချင်းနားမထောင် စသည်တို့ဟာ အခြေခံဖြစ်သော ငါးပါးသီလပေါ်မှာ ထပ်ပြီးဆောင်းလိုက်တဲ့ သီလမို့ အဆောင်းသီလခေါ်တယ်။ ဆောင်းတဲ့ သီလတွေကို စောင့်ထိန်းခြင်းဖြင့် ကောင်းသော အသက်ရှည်ခြင်း၊ အဆင်းလှခြင်းအကျိုးတွေ ပေးမယ်။ လူ့ဘုံ ကနေ နတ်ပြည်ရောက်အောင် ပို့ပေးမယ်ဆိုတဲ့ အကျိုးရမယ်။

အခုက မဂ်ပညာ ဖိုလ်ပညာလိုချင်နေတာ၊ အခြေခံသီလက ဘာတုံး။ မဂ်ပညာ ဖိုလ်ပညာရရန်ဖြစ်သော သီလက အဓိသီလပါ။ ဒါဟာ သာမန် သီလမဟုတ် အဓိသီလသိက္ခာ၊ မဂ္ဂင်ထိုက်သော သီလပါ။ ဒီ သီလမှ မစင်ကြယ်လျှင် နောက်ထပ်တဆင့် ဖြစ်သော သမာဓိမဂ္ဂင်ကို တက်လှမ်းလို့ မရပါ။ မိမိအားထုတ်တဲ့ တရားမှာ တရားထူး၊ တရားမြတ်များမပေါက်ရောက်တာဟာ သီလမစင်ကြယ်လို့ပါ။ သေသေချာချာ နှလုံးသွင်း တတ်လာရင် အခြေခံက စည်းကမ်း၊ သီလအဓိပ္ပါယ်က လူ့မှာရှိတဲ့ လူမြင်နိုင်တဲ့ ကိုယ်အမူအရာနဲ့ နှုတ်အမူအရာ ဒီနှစ်ပါးကို လုံခြုံအောင် စောင့်ရမယ်။ ဒီသီလဟာ အခြေခံသီလပါ။ မှန်ကန်သော ကိုယ်အမူအရာ၊ မှန်ကန်သော နှုတ်အမူအရာ၊ မမှန်ကန်သော ကိုယ်အမူအရာ၊ မမှန်ကန်သော နှုတ်အမူအရာဆိုတာကို သိမှ ဒါကို ကျင့်သုံးနိုင် မှာပါ။ ဒါကို သိလာအောင် ပညာလိုတယ်။ ဒီပညာဟာ အလွန်အရေးကြီးနေတယ်။ ကာယကံ၊ ဝစီကံနှစ်ပါးကို ကြိုးကိုင်နေတာက မနောကမ္မ၊ မနောကံပါ။ မနောကံကို ကြိုးကိုင်ဦးဆောင်နေတာ အသိပညာပါ။ မနောဝိညာဏ ဓာတ်က မနောကမ္မ အလုပ်လုပ်တယ်။ မနောကမ္မ အလုပ်လုပ်တယ်ဆိုတာ စိတ်အလုပ်လုပ်တာပါ။

အဓိကအားဖြင့် ဆရာသမားတွေက စိတ်ကောင်းရှိဖို့လိုတယ် ပြောကြပါတယ်။ မကောင်းတဲ့စိတ်ကို ဖယ်ရှားနိုင်ဖို့ ပညာလိုတယ်။ လူတွေ မွေးလာကတည်းက ကိုယ့်အယူ၊ ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့ ပြောဆိုလုပ် ကိုင်လာကြတာ၊ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်ပြီး ဘဝခရီးတလျှောက်လာကြတာမှာ များသောအားဖြင့် ထိုပုဂ္ဂိုလ်၏ အမြင်က သူ့ကို ဦးဆောင်တယ်။ သူမြင်ထားတာ၊ သူသိထားတာ အခြေခံပြီးမှ သူပြော၊ သူလုပ် တယ်။ ဒီတော့ ပထမအမြင်မှန်ဖို့က အဓိက ကျတယ်။ အမြင်ပေါ်မူတည်ပြီး မနောဝိညာဏ်က အလုပ်လုပ်နေ တာ ကမ္မဝဋ်ကတွေးတယ်၊ ကြံတယ်၊ တွေးကြံထားတဲ့အတိုင်း ပြောတယ်၊ လုပ်တယ်။ မနောဝိညာဏ်ဓာတ်က အမြင်ပေါ်မှာ မူတည်ပြီးတွေးတယ် ကြံတယ်ဆိုတော့ အမြင်မှန်ဖို့က အရေးကြီးနေတာပါ။ အဓိက အမြင်မှန် ဆိုတာ သာမန်ပြောနေတဲ့ အမြင်မှန်နှင့် ဒေသနာက သင်ကြားပေးတဲ့ အမြင်မှန်နှစ်ခုမတူပါ။

သမုတိနယ်က လူတို့ သတ်မှတ်ထားသော အမှန်တရားတို့ထက် နက်နဲသိမ်မွေ့သော သဘာဝ၏ အကြောင်းများကို စဉ်းစားဆင်ခြင်ပြီးမှ မြင်သောအမြင် – ဒီအမြင်အလွန် အရေးကြီးနေတာ၊ အမြင်မှန်နဲ့ အမြင်မှားခွဲခြားဖို့ အချက်က အမြင်မှားအောင်လုပ်နေတာ အတ္တပါ။ ငါပေါ်မှာစွဲနေတဲ့ ငါအစွဲ၊ ဒီငါစွဲ အတ္တအစွဲနဲ့ လောကကိုကြည့်ရင် အမြင်ရဲ့ အမှန်တရားကို အတ္တက ဖုံးကွယ်ထားတယ်။ အမှန်တရားကို မြင်နိုင်ဖို့ အတ္တငါ အစွဲကို ဖယ်နိုင်ဖို့ အရေးကြီးနေတာ၊ ငါစွဲကို ဖယ်နိုင်မှ အမြင်မှန်ရမယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

ရူပက္ခန္ဓာကို ငါ့ကိုယ်လို့ မျက်စိနဲ့ မြင်ထားတဲ့အတိုင်း အမြဲတမ်း မှတ်ထားတာ၊ လက်ခံထားတာပါ။ ဒီငါ့ကိုယ်ဟာ အရေပြားဖုံးနေလို့ ဒီအဆင်းသဏ္ဌာန်ပေါ်နေတာ၊ အရေကိုခွာလိုက်ရင် အဟုတ်ရှိနေတဲ့ အတွင်းခန္ဓာ ဘယ်လိုတုံး၊ ပုံကိုကြည့်ပါ၊ ဒါဟာ အရေပြားအောက်မှာရှိနေတဲ့ အတွင်းခန္ဓာပုံပန်းသဏ္ဌာန်ရူပါရုံပါ။ ဘယ်သူရဲ့ ရူပက္ခန္ဓာ ဖြစ်ဖြစ် ဒီအဆင်း ဒီသဏ္ဌာန်ရှိမှာက ယေဘုံယျအားဖြင့် အမှန်ပါပဲ။ ငါ့ကိုယ်လို့စွဲထားတဲ့ အတွင်းက အဟုတ်ရှိနေတဲ့ အမှန်တရား၊ အရှိတရားနဲ့ အပြင်က မြင်နေရတဲ့ပုံကို ယှဉ်ကြည့်ပါ။ အဟုတ်ရှိနေတဲ့ သဘာဝကိုကြည့်ပါ။

အရေပြားကို ခွာလိုက်ရင် သွေးကြော၊ သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ အာရုံကြောတွေက အစိတ် စိတ်အမွှာမွှာဖုံးအုပ်ထားတယ်။ ပြီးတော့ အသားတွေ၊ ကြွက်သားတွေ၊ မိမိမျက်နှာအလှ ဖန်းတီးထားတဲ့ နှာခေါင်းတို့ မျက်စိတို့ဆိုတာ အရေခွာလိုက်တာနဲ့ တပြိုင်နက်လှတယ်ဆိုတဲ့ သဘောရှိသေးလား၊ ဒါဟာ မိမိ ရူပက္ခန္ဓာအတွင်းမှာ အဟုတ်တကယ်ရှိနေတာ၊ ဒါကို ရိုးရိုးမျက်စိနဲ့ မမြင်ပါ။ အခုလိုဟာတွေ မြင်ဖူးရင် မိမိကိုယ် ကို မိမိပြန်ပြီး နှလုံးသွင်းရင် သိလာပါတယ်။ ဒီလိုသိလာရင် ဉာဏ်မျက်စိနှင့် ရူပက္ခန္ဓာကို ရှုတတ်ဆင်ခြင်တတ်တဲ့ ဉာဏ်ပညာရလာပါပြီ။ ပထမ ကိုယ့်ရုပ်ခန္ဓာ အပေါ်ယံကရှိနေတဲ့ အသား၊ အရိုး၊ အကြောတွေ အဟုတ်ရှိနေတာ ကို မိမိဉာဏ်နဲ့ကြည့်ရင် ဒါဟာ လူတစ်ယောက်ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခွာလိုက်ရင် ဒါက အဆုတ်နှစ်ခု၊ အသည်း၊ အစာအိမ်၊ အူသိမ်၊ အူမတွေပါ။ ဒီမိမိဝမ်းဗိုက်ထဲ၊ ရင်ခေါင်းထဲမှာ အဟုတ်ရှိနေတဲ့ သူတို့ရဲ့ အရောင်အ ဆင်း၊ အနေအထား၊ အသွင်သဏ္ဌာန်ကို ကြည့်ရင် ဒါငါ့ကိုယ်နှင့် ပတ်သက်၍ မြင်လာတဲ့ အဟုတ်တကယ်ရှိသော သဘာဝအရှိတရားကို မြင်တာပါ။

ဒီတော့ ချစ်စရာလို့မြင်နေတဲ့ ပိယရူပံဟာ အရေပြားကို ခွာလိုက်တာနဲ့ ပျောက်သွားပြီ။ ချစ်စရာကောင်း တာလေးကို ကြည့်ပြီး သာယာစရာကောင်းတဲ့ ရုပ် သာတရူပံဆိုပြီး စွဲနေတာ၊ ဒီနှစ်မျိုးစလုံး ပီယရူပံနဲ့ သာတရူပံ တို့ဟာ အရေပြားဖုံးထားတဲ့ ကိုယ်ပေါ်မှာစွဲနေတာ၊ ဒီအစွဲကို သေသေချာချာ ခွာဖို့က အခုမြင်တဲ့ အဟုတ်တ ကယ်ရှိတဲ့ ရူပါရုံတွေကို အာရုံရအောင် ယူပြီးတော့ မိမိကိုယ်တွင်းရှိ အသွင်သဏ္ဌာန်ကို ကြည့်လိုက်ရင် မြင် နေကျ ပီယရူပ၊ သာတရူပဆိုတာ မရှိတော့ပါ။ မရှိတော့ဘူးဆိုရင် အမြင်ပြောင်းလာပြီ။ ယောက်ျားလေးက မိန်းကလေးကို မြင်ရင်ချစ်စရာ သာယာစရာလို့ ထင်တာ၊ မိန်းကလေးက ယောကျ်ားလေးကိုမြင်ရင် ချစ်စရာ သာယာစရာလို့ထင်တာဟာ အပေါ်ယံအရေပြား ဖုံးထားတဲ့အပေါ်မှာသာ ထင်မှတ်နေပေမယ့် အရေပြားကို ခွာလိုက်ရင် ဒီယောကျ်ား ဒီမိန်းမဆိုတာဟာ အသား၊ အကြော၊ အဆီ၊ အဆုတ်၊ နှလုံး၊ အစာအိမ်၊ အူသိမ်၊ အူမတွေနဲ့ ထူထောင်ထားတဲ့ ရူပက္ခန္ဓာပါလားလို့ သိလာမယ်။ ဒီတော့ အမြင်တစ်ခုနဲ့တစ်ခု မတူတော့ပါ။ အခု သဘာဝကို ကြည့်တတ်တဲ့ဉာဏ်မျက်စိကမှ အမှန်ကိုပေးပါတယ်။ သဘာဝကိုတွေ့တော့ ချစ်ဖွယ်၊ သာယာဖွယ် ဆိုတာတွေ ပျောက်ကင်းလာတာနှင့်အမျှ အမြင်တွေမှန်လာပြီ။ ဒီသဘောတွေကို ဗုဒ္ဓနည်းစနစ်နဲ့ ရူပက္ခန္ဓာ ပေါ်မှီပြီး အမြင်မှန်ဖို့ သင်ပေးနေတာပါ။

ချစ်စရာ သာယာစရာကောင်းတယ်လို့ စွဲနေတဲ့အခါ တဏှာလောဘတွေ မနောဝိညာဏ်မှာ တိုးပွားလာ တာပါ။ ပီယရူပ၊ သာတရူပလို့မြင်တော့ အတွေးကလှတယ်လို့ တဏှာလောဘက တွေးခိုင်းလို့ – တဏှာလောဘ ဦးဆောင်ပြောတဲ့ စကားတွေ၊ အလုပ်တွေက မမှန်ပါ။ အပြောမမှန် အလုပ်မမှန်တာဟာ အမြင်မမှန်၊ အတွေး မမှန်၊ အသိမမှန်တဲ့အပေါ်မှာ မူတည်နေတာပါ။ ဒီတော့ ဘုရားရှင်က အပေါ်ယံမကြည့်ဘဲ ဒီရူပက္ခန္ဓာကို ထွင်း ဖောက်ကြည့်နိုင်တဲ့ ဉာဏ်မျက်စိကို သုံးပြီးကြည့်ရင် အတွင်းသဏ္ဌာန်တွေက တင့်တယ်စရာမရှိ၊ သာယာစရာ လည်းမရှိပါလို့ မြင်လာရင် ဒီအမြင်ကို မှီတွေးရင် အတွေးမှန်မယ်၊ အတွေးမှန်ရင် အပြောမှန်၊ အလုပ်လည်းမှန် မယ်လို့ သင်ပေးပါတယ်။ ဒီလို ငါ့ကိုယ်ခန္ဓာက ဒီသွေးတွေ ဒီသားတွေနဲ့တည်ဆောက်ထားတာ ရူပက္ခန္ဓာပေါ်မှာ တွယ်တာလောက်၊ သာယာလောက်စရာမရှိ၊ သူတကာတို့ရဲ့ ရူပက္ခန္ဓာမှာလည်း တွယ်တာလောက်အောင် မရှိပါဘူး။ ငါ့ကိုယ်ခန္ဓာ၊ သူ့ကိုယ်ခန္ဓာရဲ့ အပေါ်မှာ စွဲနေတဲ့အစွဲတွေကို ပညာမျက်စိနဲ့ ကြည့်လို့ မြင်လာပြီဆိုရင် အမြင်မှန်ဘက် တဖြည်းဖြည်း နီးလာပြီ။

သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်ကို မြင်နေတဲ့ ရူပါရုံ – လူပုဂ္ဂိုလ်တွေ၊ သတ္တဝါတွေမြင်ရင် ချစ်စရာ ခင်စရာ လို့ထင်နေတာ အပေါ်ယံဖုံးထားတဲ့ အရေပြားလောက်ပဲ၊ သူ့အောက်ကို တစ်လွှာခွာကြည့်တာနဲ့ တင့်တယ်တယ်၊ သာယာတယ်ဆိုတာ မရှိပါ၊ သဘာဝက ဒီလိုပါ။ ဒီလို မြင်တတ်လာရင် “သမ္မာဒိဋ္ဌိ”ရလာပြီ။ အမြင်မှန်ကို အခြေပြုပြီးတွေးတော့ အတွေးမှန် “သမ္မာသင်္ကပ္ပ” ပါ။ ဒါဟာ ပညာမဂ္ဂင် နှစ်ပါးပါ။ ဘုရားဟော တရားတွေ နားလည် သဘောပေါက်လာရင် သမ္မာဒိဋ္ဌိဖြစ်ဖို့ အခြေခံလိုတာတွေ သိလာပြီ။ တဏှာလောဘ ဦးဆောင်လို့ မိမိစကားပြောရင် ကိုယ့်ကိုယ်ကိုလည်း ငါလို့စွဲ၊ ကိုယ့်ချစ်သူကိုလည်း သူလို့ စွဲနေတာ၊ သူက မိန်းမ၊ ငါက ယောက်ျားစတဲ့ ယောက်ျားမိန်းမ အစွဲတွေက အလွန်ခိုင်မာနေတာ ဖြစ်တော့ အမှန်စကားကို မပြောနိုင်ပါ။ ဝဋ်သုံးပါးစက်လည်တော့ ကိလေသစက်ထဲမှာ ဥပါဒါနက္ခန္ဓာက တည်ဆောက်ပေးတဲ့ ငါ၊ သူ၊ ယောက်ျား၊ မိန်းမဆိုတာ အလွန်အရေးကြီးတဲ့စကားပါ။ ဘုရားကပြောတယ်။ ယောကျ်ား၏စိတ်နှလုံးတွင် အဆွဲဆောင် နိုင်ဆုံးက မိန်းမတို့၏ ရူပါရုံ၊ အသံအားလုံးတွင် ယောကျ်ားတို့၏ နှလုံးကို ဆွဲဆောင်နိုင်သော အသံသည် မိန်းမတို့ အသံ၊ အတွေ့အထိမှာ ယောက်ျားတို့၏နှလုံးကို ဆွဲဆောင်နိုင်ဆုံးက မိန်းမတို့၏ အတွေ့အထိ၊ သူ့စိတ်ထဲက မိန်းမလို့ သတ်မှတ်ပြီး ဥပါဒါနက္ခန္ဓာက လုပ်ပေးတာ။ ထို့အတူ မိန်းမတို့၏ စိတ်ထဲမှာလည်း ယောက်ျားတို့ရဲ့ အဆင်း၊ အသံ၊ အတွေ့အထိဟာ အလွန်ပြင်းတဲ့ဆွဲအားတွေ၊ ဒီထက် ပြင်းတာမရှိပါ။

ယောက်ျား၊ မိန်းမလို့စွဲပြီး အမြင်တွေနဲ့ပြောရင် အမှန်ကိုမရောက်နိုင်ပါ၊ ပြောရင် မမှန်ရတဲ့အကြောင်းရင်းက ဥပါဒါနက္ခန္ဓာက လုပ်ပေး ထားတဲ့ ငါ၊ သူ၊ ယောက်ျား၊ မိန်းမလို့ စွဲနေတဲ့ အစွဲက အပြော၊ အလုပ်တွေကို မမှန်အောင် ဖန်တီးပေးနေလို့ ဖြစ်ပါတယ်။

သမ္မာဒိဋ္ဌိအမြင်မှန်နဲ့ကြည့်တော့ သူလို့လည်း မစွဲတော့ဘူး၊ ငါလို့လည်း မစွဲချင်တော့ဘူး၊ တည်ဆောက် ထားတဲ့ ရူပက္ခန္ဓာအချင်းချင်းကိစ္စရှိလို့ မပြောရင်မပြီးဘူး၊ ပြောကိုပြောရမယ်ဆိုတဲ့အခါ အပြောမှန်ဖို့အတွက် ဘာကို အခြေခံရမှာတုံး၊ အမြင်မှန်ဖို့၊ ဒီရူပက္ခန္ဓာကြီးဟာ သွေး၊ သား၊ အရိုး၊ အကြော၊ နှလုံး၊ အဆုတ်နဲ့ သူတို့ပုံက ဒီအတိုင်းပဲဆိုတာ အာရုံထဲမှာမြင်နေရင် ဪ ဒီရူပက္ခန္ဓာနဲ့ ဟိုရူပက္ခန္ဓာတို့ လိုအပ်သောကိစ္စ ပြီးမြောက်ဖို့ အတွက် ပြောရတဲ့ စကားလို့ သိလာတဲ့အခါ လောဘခိုင်းတဲ့ စကား၊ ဒေါသခိုင်းတဲ့ စကား၊ အပိုတွေ ပြောဦးမလား၊ မပြောနိုင်တော့ပါဘူး။ ကိုယ့်မိတ်ဆွေတွေနဲ့ ပြောရင်လည်း ကိုယ့်အတ္တ၊ ကိုယ့် မာနနဲ့ ယှဉ်ပြိုင်တုပ မပြော တော့ပါ။ အပြောမှန် အလုပ်မှန်ဖို့ အခြေခံစည်းမျဉ်းစည်းကမ်းလို့ ဘုရားက ပြောထားတယ်။ အပြောမမှန် အလုပ်မမှန်အောင် ဖျက်ဆီးနေတာ အတ္တနဲ့ အတ္တနိယပါ။ အခြေခံရမှာက အမြင်မှန် အတွေးမှန်အောင် ခန္ဓာငါးပါး၊ ရုပ်နာမ်တရား၊ ရူပက္ခန္ဓာကို မြင်ရင် ဒီအသွေးဒီအသားတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာ၊ သူတို့ မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်သေးလို့ ရှင်နေတာ၊ ငါက ဘာမှပါဝင်လုပ်ကိုင် နိုင်စွမ်းမရှိဘူးဆိုတာ အမြင်မှန်၊ ဒီအမြင်မှန်နဲ့ မြင်လာပြီဆိုတော့ သူလည်းအကျိုးရှိ၊ ကိုယ်လည်းအကျိုးရှိ၊ ကိစ္စလည်းပြီးမြောက်မယ့် စကားပဲ ပြောလိုက် တယ်။ မလိုတာတွေ အပိုတွေ လျှောက်မပြောတော့ပါ။ ဒီစည်းမျဉ်းစည်းကမ်း ဘယ်လောက်ကြီးတယ်၊ ဘယ်လောက်နက်နဲတယ်ဆိုတာ သဘောပေါက်လာတယ်။ မိမိမှာ ရူပက္ခန္ဓာရဲ့ ဝန်၊ သံသရာဝန်ကို ထမ်းဆောင်နေ ရတဲ့ ဒုက္ခအပြည့်နဲ့လူ၊ နားထောင်နေတဲ့ ဇနီး သားသမီးကလည်း ဒီခန္ဓာဝန်ကို ထမ်းဆောင်နေရသော၊ ဒုက္ခ အပြည့်နဲ့လူ – ဒုက္ခသည် အချင်းချင်း ကြင်နာရမယ်။ မေတ္တာထားရမယ်၊ ကရုဏာစိတ်၊ မေတ္တာ စိတ်တွေ ထားနိုင်ဖို့က အတ္တဒိဋ္ဌိပယ်မှ အတ္တရှိနေသေးသမျှ မေတ္တာနဲ့ ကရုဏာနဲ့ ပြောဖို့ခက်တယ်။ အခုပြောတာက ကိုယ်ကျင့်တရား ကောင်းအောင်ပြောနေတဲ့ကိစ္စ မဟုတ်တော့ဘဲ မြင့်သော မဂ်တရားကို တက်လှမ်းနိုင်ဖို့ အခြေခံစည်းမျဉ်းစည်းကမ်းကို တည်ဆောက်တဲ့အနေနဲ့ ပြောနေတာပါ။

မိမိကိုယ်၊ မိမိအိမ် သန့်ရှင်းဖို့ နေ့စဉ် ကြိုးစားရတယ်။ ဒီသန့်ရှင်းမှုမျိုးနဲ့ ဆေးရုံခွဲစိတ်ခန်း သန့်ရှင်းမှုမျိုး မတူပါ။ ဆေးရုံခွဲစိတ်ခန်း ဝင်မည့် လူနာ သန့်ရှင်းရတယ်၊ ဆရာဝန်ခန္ဓာကိုယ်ရော သူဝတ်မယ့် အဝတ်၊ ခွဲစိတ် မယ့် ကိရိယာတွေ သန့်ရှင်းရတယ်။ အခန်းကလည်း အထူးသန့်ရှင်းရမယ်။ ဒီသန့်ရှင်းမှုကို ချီးကျူးစေလိုတဲ့ ကိုယ်ကျင့်တရားနဲ့ ဆိုင်သလား၊ ခွဲစိတ်တဲ့အခါ ရောဂါပိုးမွှားမဝင်အောင် လုပ်နေရတဲ့ သန့်ရှင်းမှုပါ။ ဒါက မသန့်ရှင်းရင် မဖြစ်လို့ သန့်ရှင်းအောင်လုပ်ရတာပါ။ ဒီမှာ အိမ်သန့်ရှင်းမှုနဲ့ ခွဲစိတ်ခန်းသန့်ရှင်းမှုနှစ်ခုမှာ အရည်အသွေးချင်း ကွာသွားတယ်။

ခွဲစိတ်ခန်း သန့်ရှင်းရေးလိုအပ်သလို မဂ်ပညာ ဖိုလ်ပညာကို တက်နိုင်ဖို့အတွက် လိုအပ်နေတဲ့ အမှန် တရား၊ အပြောမှန်တယ်ဆိုတာ မလိုတာ မပြော၊ လိုတာလေးပဲ ပြောမယ်။ ဒါဘာကိုဆိုလိုသလဲ၊ ပြောနေတဲ့ စကားပေါ်မှာ သာယာပြီး စကားလုံးတွေထုတ်ပြီးတော့ ပြောနေတတ်တဲ့သဘောကို ပြောနေတာ၊ ဒီလို လူတိုင်းသာယာပြီး ပြောနေတာတွေ အများကြီးပါ၊ ပြောတာကို သာယာသလို နားထောင်တဲ့ သူကလည်း သာယာတယ်။ ဒါမျိုးတွေ အကျိုးမရှိတဲ့စကားတွေ ပြောနေရင် ဘာအနှောင့်အယှက်ဖြစ်လဲ သိလား၊ စကားပြောရတာ ဝိတက်ဝိစာရနဲ့ ပြောမှ စကားတွေထွက်တာ၊ ဒီစကားတွေ ထွက်နေသေးသမျှ သမ္မာဒိဋ္ဌိအမြင် ဖြစ်သော ရူပက္ခန္ဓာကို ရှုမှတ်ဖို့ အနှောင့်အယှက်အတားအဆီးတွေ ဖြစ်နေပြီ။ အပြောမမှန်ဘဲ မလိုတာတွေ ပြောတဲ့ စကားထဲမှာပါနေတဲ့ ဝိတက်နဲ့ ဝိစာရဆိုတဲ့ စရိုက်က အရေးကြီးတဲ့ ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းရင် သူတို့လာနှောင့်ယှက်တယ်။ ဒါကြောင့် ရူပက္ခန္ဓာမှာ အဟုတ်ရှိနေတဲ့ အရိုး၊ အရေ၊ အသားစသည်တို့ကို ရှုနေမယ့်ယောဂီဟာ အပြောမမှန်ခြင်း၊ အပြောကိုသာယာတွယ်တာနေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးရန်ကို ကာကွယ်နိုင်မှ သန့်ရှင်းရေးလုပ်ငန်းကို ခွဲစိတ်ခန်းထဲလုပ်ရသလို နေ့စဉ်ပြောနေတာ မလိုတာတွေ အပိုတွေ ပြောလေ သမာဓိတည်ထောင်ရာမှာ ခက်လေဖြစ်မယ်။ သမာဓိအားနည်းရင် အမှန်တရားကို ကြည့်လို့ မမြင်နိုင်ပါဘူး။

သမ္မာဝါစာ မဂ္ဂင်အရေးကြီးတယ်။ မုသာဝါဒမပြောရုံနဲ့ မှန်တာတွေ ချည်းလျှောက်ပြောနေဖို့ မလိုပါ။ မှန်တယ်ဆိုတိုင်း မပြောနဲ့၊ လိုတာပဲပြောပါ။ ဒီရူပက္ခန္ဓာနဲ့ ဟိုရူပက္ခန္ဓာ ဆက်ဆံတဲ့အခါ တစ်ယောက်အကျိုး ရှိမလား၊ နှစ်ယောက်အကျိုးရှိမလား၊ အများအကျိုးရှိ မလား၊ ဒါပဲပြော၊ ကျန်တာတွေမပြောနဲ့၊ ဒါကို သမ္မာဝါစာ၊ အခြေခံစည်းမျဉ်းပါ။ ဥပေါသထသီလနဲ့ တူသလား ညစာမစား၊ သီချင်းမဆို၊ နံ့သာမလိမ်း၊ မြင့်မြတ်သောနေရာ မနေမအိပ်သော်လည်း ပါးစပ်က တောင်ပြောမြောက်ပြော ပြော၊ ဒီ အဆောင်းသီလကို စောင့်ရတာ အလွန် ကောင်း၊ သမ္မဝါစာလည်းပါမယ်ဆိုရင် အတိုင်းထက်အလွန် ကောင်းတယ်။ ဟိုကိစ္စတွေထက် သမ္မာဝါစာဖြစ်ဖို့ အရေးကြီးပါတယ်။

လုပ်နေတဲ့ စီးပွားရှာတဲ့အလုပ်၊ သုံးစွဲတဲ့ အလုပ်တွေ မလုပ်ရင် မပြီးတဲ့ ကိစ္စလုပ်ပါ။ အပိုတွေ မလုပ်နဲ့။ ရူပက္ခန္ဓာလိုအပ်ချက် ကျွေးစရာရှိရင် ခန္ဓာကိုယ်ကို သင့်တင့်လျှောက် ပတ်အောင်ကျွေး၊ လောဘတောင်းတိုင်း ပိုမကျွေးနဲ့၊ အပိုဆောင်းပြီး စားသင့်တာထက်ပို မစားနဲ့၊ ဝတ်တာလည်း သင့်တင့်ရုံ၊ အပူအအေးဒဏ်ကာကွယ်ရုံ၊ လူ့လောကမှာ တင့်တယ်တယ်ဆိုရုံ ဝတ်၊ အပိုတွေမဆောင်းနဲ့၊ အပိုဆောင်းတယ်ဆိုတာ သူလည်းပုဂ္ဂိုလ် ငါလည်း ပုဂ္ဂိုလ်လို့ စွဲနေတဲ့ အတ္တဒိဋ္ဌိရဲ့ မိတ်ဆွေကောင်းဟာ မာန – မာနဆိုတာ ထောင်လွှားတာအပြင် သူနဲ့ကိုယ်နဲ့ တုတယ် ယှဉ်တယ်၊ နှိုင်းတယ်။ အတ္တက ခိုင်းသမျှ မာနက စီစဉ်သမျှကို လိုက်လုပ်နေရရင် စီးပွားဥစ္စာလည်း ရှာလို့မဆုံးဘူး။ သုံးစရာတွေကလည်း မြောက်မြားစွာဖြစ်မနေဘူးလား။ ဒီလို သဘောမျိုးဟာ အလုပ်မှန် မဟုတ်ပါ။ စားဝတ်နေရေးအတွက် လိုအပ်တာလေးကို လိုအပ်သလို သုံးပါ။ လိုအပ်တာလောက် ရှာပါ။ အခြေခံစည်းမျဉ်း စည်းကမ်းဆိုတာ ဗုဒ္ဓချပေးတာ။ အခုခေတ်လူတွေပြောနေတဲ့ Economy ဖြစ်ရမယ်။ အနည်းဆုံးသုံး၍ အများဆုံးအကျိုးရှိတဲ့ အလုပ်မျိုးကို ဉာဏ်နှင့်ဆင်ခြင်ပြီး လုပ်ပါ၊ သုံးပါဆိုတာ Buddhist way ပါ။

အတ္တဒိဋ္ဌိပေါ်မှာ တည်နေတာ၊ ခန္ဓာကိုယ်ကို အမွှမ်းတင်နေရင် အဝတ်နဲ့ အစားနဲ့ အနေနဲ့ မဆုံးနိုင်ပါ။ ဘယ်လောက်ကောင်းတဲ့ အိမ်ထဲမှာတင်ထားတင်ထား ဒီအမျိုးသမီး၊ ဒီအမျိုးသားဟာ ဒီသွေး၊ ဒီသား၊ အဆုတ် အသည်းပဲ၊ ဒီထက်ပိုပြီးလည်း မလှဘူး။ ဘယ်လောက်ကောင်းတဲ့ ကုလားထိုင်ပေါ်ထိုင်နေထိုင်နေ ခန္ဓာကိုယ်ဟာ ဒီအတိုင်းပဲဆိုတာ ပညာမျက်စိရှိတဲ့ လူကမြင်တယ်။ မြင်နေရင် ဒီလိုထိုင်နိုင်တာ အထင်ကြီးဦးမလား။ ကိုယ်တိုင်ကရော ဒီလိုထိုင်နိုင်အောင်ကြိုးစားဦးမလား၊ ဒီသဘော ဘယ်မှာတည်နေတာတုံး၊ ဒီလိုအမြင်မှန်မှ အတွေးမှန် သမ္မာသင်္ကပ္ပ ဖြစ်မယ်။ အတွေးမှန်မှ အပြောမှန် အလုပ်မှန်မယ်၊ သမ္မာကမ္မန္တမဂ္ဂင်ပါ။ အပြောမှန် အလုပ်မှန်တာ စနစ်တကျ သိသွားရင် ဒါမှ အနေမှန်တယ်ခေါ်ရမယ်။ အနေမှန်တယ်ဆိုတဲ့ စကားကို သမ္မာ အာဇီဝမဂ္ဂင်ခေါ်တယ်။ အပြောမှန် အလုပ်မှန်မှ အနေမှန်တယ်။

ကုန်သွယ်လယ်လုပ်ရုံနဲ့ အနေမှန် သမ္မာအာဇီဝ မဖြစ်ပါ။ အပြောမှန် အလုပ်မှန်ဆိုတာ ဘယ်လောက်နက် နဲ သိမ်မွေ့တယ်ဆိုတာ မဂ္ဂင်ထိုက်သော သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဖြစ်မှ သီလမဂ္ဂင်ပါ။ ပညာမဂ္ဂင် ကို အခုကြားနေရတဲ့ သုတမယပညာနဲ့ ရပြီးရင် စိန္တာမယပညာနဲ့ ထက်ထက်မြက်မြက် စဉ်းစားလာတဲ့အခါ ရုပ် ခန္ဓာပေါ်မှာ ဒီအရေတွေ ဒီအသားတွေ ဒီအသွေးတွေအဖြစ် မြင်နေပြီ – ဒါ စိန္တာမယပညာနဲ့ မြင်တာပါ။

လူတစ်ယောက်တွေ့ရင် လောဘဒေါသတွေ မြင်သိလာမယ်။ သိလာရင် နာမက္ခန္ဓာ အကြောင်းလည်း သိလာမယ်။ ရူပက္ခန္ဓာနဲ့ နာမက္ခန္ဓာတို့ကို သဘောပေါက်ပြီး တဆင့်တိုးလာတဲ့အခါ ငါ့ကိုယ် ငါ့ခန္ဓာလို့စွဲနေတဲ့ အတ္တဒိဋ္ဌိကို ဖယ်ရှားလာပြီ။ အပြောမှန် အလုပ်မှန် အနေမှန် အမြင်မှန် အတွေးမှန်ဖို့ ကြိုးစားရမယ်။ သမ္မာဝါယမ အားထုတ်မှု မှန်ရမယ်။ ဒါကို အောက်မေ့ဆင်ခြင်မှု သတိပါမှ သမ္မာသတိမဂ္ဂင် ဒီနှစ်ခုပေါင်း အားထုတ်ရင် တည်ငြိမ် တည်ကြည်လာမယ်။ သမာဓိမဂ္ဂင်။ အခု အိမ်မှာ လုပ်နိုင်သောလုပ်ငန်းစဉ်ရပြီ။ နိုးနေချိန်၊ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာတို့၏ အစစ်အမှန်သဘောတွေကို ဉာဏ်နှင့်မြင်အောင် နှလုံးသွင်းနေ – သမ္မာဝါယမခေါ်တယ်။ သမ္မာသတိနဲ့ ဒီမဂ္ဂင်သုံးပါး သီလ၊ သမာဓိ၊ ပညာ၊ မဂ္ဂင်သုံးပါးကို အားထုတ်နိုင်ရန် ပထမအဆင့် သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိပယ်မယ်။ ဒီဘဝကုန်ရင် အပါယ်မကျနိုင် ပထမအဆင့် စူဠသောတာပန်ပါ။

သာဓု¬¬¬___________သာဓု__________သာဓု