“ဝိပရိဏာမဒုက္ခနှင့် သင်္ခါရဒုက္ခ”
”သမုဒယသစ္စာ”
”နိရောဓသစ္စာ”
“အဒုက္ခမသုခ”
သုခဝေဒနာနှင့် ဒုက္ခဝေဒနာကြားမှာ သုခလည်းမဟုတ် ဒုက္ခလည်းမဟုတ် အဒုက္ခ အသုခ – နှစ်ခုဆက်တော့ အဒုက္ခမသုခဝေဒနာရော ရူပက္ခန္ဓာမှာ မခံစားရဘူးလား။ ဝေဒနာက အဟုတ်တကယ် ဖြစ်နေပေမယ့် မထင်မရှားလို့ သတိမထားမိတာ၊ သုခနှင့် ဒုက္ခကတော့ ထင်ရှားတယ်။ နှာခေါင်းနှာသီးဖျားက ဝင်ထွက်နေတဲ့ လေလေး ဝင်နေမှန်း လည်းမသိ၊ ထွက်နေမှန်းလည်းမသိ၊ ဘယ်အခါမှသိလဲ တရားထိုင်တဲ့အခါမှ နှာသီးဖျားကို လေလေးထိဝင်တာကို သိအောင်မှတ်၊ ထိထွက်တာကို သိအောင်မှတ်လို့ ဆရာလုပ်သူကပြောတော့ ဒီလေကို သိတယ်။ ကာယပသာဒဆိုတဲ့ နှာသီးဖျားရှိအရေပြားကို ဖောဋ္ဌဗ္ဗသဘော ထိတဲ့အချိန် ဝေဒနာအဖြစ် သေသေချာချာ ရှုပါဆိုမှ သတိထားမိတယ်။ ထိတဲ့အချိန်ဖြစ်နေတဲ့ ဝေဒနာလေးက သုခမဟုတ်၊ ဒုက္ခမဟုတ် ထိကာမတ္တမျှပဲ၊ ဒီဝေဒနာလေးက အဒုက္ခမသုခဝေဒနာပါ။ သတိမမူတော့ ဖြစ်မှန်းပျက်မှန်းမသိ၊ ဒုက္ခနဲ့ သုခကြားမှာအဟုတ်ရှိနေတာ၊ ကာယပသာဒကို လေလေးဖိလို့ ဝေဒနာပေါ်သော်လည်း နာမ်ဓာတ်က အာရုံမယူမိလို့ မသိတာ၊ အဟုတ်ရှိတဲ့ ဝေဒနာပါ။
တံခါး-၅ပေါက်စလုံးမှာ အမြဲတမ်းဖြစ်နေတာ၊ မျက်စိဖွင့်ထားရင် အဆင်းတွေ ဝင်နေရာမှာ ရိုးရိုးမြင်နေကျအဆင်း၊ ရိုးရိုးကြည့်မြဲကြည့်၊ မြင်မြဲမြင် ချမ်းသာသည်လည်း မဟုတ်၊ ဆင်းရဲသည်လည်းမဟုတ်တဲ့ ဝေဒနာမျိုးကို အဒုက္ခမသုခဝေဒနာဖြစ်နေတယ် ခေါ်တာပါ။ အကြားမှာလည်း အသံအမျိုးစုံရှိ၊ ထူးခြားပြီး မခံနိုင်ရင် ဒုက္ခဝေဒနာ၊ သာယာတဲ့ သီချင်းသံဆိုရင် သုခဝေဒနာ၊ ကြားနေကျ ရိုးရိုးအသံတွေက အဒုက္ခမသုခ ဝေဒနာပါ။ အပြင်က ဝင်လာသော အာရုံကို ခံယူသော ကိရိယာပစ္စည်းတွေ သူ့နည်းနဲ့သူ အလုပ် လုပ်နေလို့ ကောင်းတာ၊ မကောင်းတာ ပေါ်ထွက်လာတာ၊ ကောင်းတာနဲ့ မကောင်းတာ ကြားမှာ Neutral တကယ်ရှိတယ်။
ဝေဒနာလေးတွေ ပြင်းထန်လာတဲ့အခါ ကောင်းတာ၊ မကောင်းတာရှိတယ်။ အဟုတ်ဖြစ်နေတော့ မိမိ၏ ရူပက္ခန္ဓာဆိုတဲ့ ရုပ်အကြောင်း၊ နာမက္ခန္ဓာဆိုတဲ့ နာမ်အကြောင်း သေသေချာချာ သိရှိနားလည်သဘောပေါက်ဖို့က တစ်ဆင့်ပါ။ မိမိတို့ နားလည်သဘောပေါက်ထားသော ရုပ်အကြောင်း နာမ်ကြောင်းအပေါ် အခြေခံပြီး ဘုရား၏ အဆုံးအမကို ဆင်ခြင်နိုင်ဖို့ပါ။ သဘာဝအတိုင်း ရုပ်ဓာတ်တွေ နာမ်ဓာတ်တွေ အလုပ်လုပ်နေတယ်ဆိုတာ အခြေခံတွေသင်တာ ဗုဒ္ဓဒေသနာပါ Basic sciences on Buddhist study ခေါ်တယ်။ ဗုဒ္ဓဘာသာရဲ့ အဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တက်၍ လေ့လာမယ်ဆိုရင် ဒီအခြေခံတွေ မသိဘဲပြောရင် စကားမျှသာဖြစ်မယ်။ ရုပ်ဆိုတဲ့ အကြောင်း၊ နာမ်ဆိုတဲ့အကြောင်းကို ထိုက်သင့်သလိုသိပါပြီ။
ရုပ်နာမ်နှစ်ခုတွဲပြီး______
ရူပက္ခန္ဓာ၊ ရုပ်ဓာတ်အစုအဝေး၊ ပထဝီအာပေါ ဝါယော တေဇောမှာ အခဲ၊ အရည်၊ အငွေ့ သုံးခုဟာ ဒြပ် (Matter) ရှိတဲ့ပစ္စည်း၊ သဘာဝတွေပါ။ အပူဓာတ် (heat energy) က စွမ်းအင်ပါ။ Matter and Energy နှစ်မျိုးကို ပြန်ကြည့်ပါ။ အခုခေတ်ရောက်လာတော့ အပူစွမ်းအင် တေဇောဓာတု၊ စွမ်းအင်တွေထဲမှာ လျှပ်စစ်စွမ်းအင်လည်း ရှိတယ်။ ဓာတုစွမ်းအင်လည်း ရှိတယ်။ အပူစွမ်းအင်၊ လျှပ်စစ်စွမ်းအင်၊ ဓာတုစွမ်းအင်တွေ ရူပက္ခန္ဓာမှာ အဟုတ်ရှိ တကယ်ရှိတာ သိဖို့ပါ။ ရူပက္ခန္ဓာမှာ အပ်ကလေးထိုးလိုက်ရင် ကာယပသာဒ ထိပ်က အဖူးလေးနောက်မှာ အာရုံကြောရှိတယ်၊ အရေပြားကနေ ဦးနှောက်အထိ ဓာတ်ကြောက သွားတယ်၊ ဒီမှာ sensory nerve က အကြောလေးတွေက လျှပ်စစ်ဓာတ်ကြိုး လေးတွေနဲ့ တူတယ်၊ လျှပ်စစ်ဓာတ်က သတင်းပေးပို့မှ ဦးနှောက်က လက်ခံလိုက်ရင် နာတယ်လို့ ဒုက္ခဝေဒနာနဲ့ ပြောနိုင်အောင် လျှပ်စစ်စွမ်းအင်နဲ့ ဓာတုစွမ်းအင်တို့တွဲပြီး အလုပ်လုပ်တာပါ။ မနာအောင် ထုံဆေးထိုးလိုက်တော့ လျှပ်စစ်အားနဲ့ သတင်းပို့တဲ့ ကြားထဲမှာရှိတဲ့ ဓာတ်ရည်လေး ဒီဘက်ဆက်ပေးမှ ဦးနှောက်အထိ သွားတာပါ။ ထုံဆေးဆိုတဲ့ ကြားခံဓာတ်ရည်ထည့်ပေးလိုက်တော့ လျှပ်စစ်မကူးနိုင်လို့ သတင်းမပို့နိုင်တာကြောင့် ဝေဒနာကို တားဆီးနိုင်တာပါ။
ခန္ဓာကိုယ်ကြီးတစ်ခုလုံး အလုပ်လုပ်နိုင်ဖို့ လျှပ်စစ်စွမ်းအင်နဲ့ ဓာတုစွမ်းအင်တွေ လုပ်နေလို့ နာမ်ဓာတ်က ဝေဒနာအဖြစ် ထုတ်ဖော်ပြောနိုင်တာပါ။ ဘာဝေဒနာဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်နဲ့ ဓာတုစွမ်းအင်တို့ လုပ်တာ၊ ရှေးတုန်းက အပူစွမ်းအင်ကို ထင်ရှားလို့ ကိုင်ပြောခဲ့တာ၊ အခု လျှပ်စစ်စွမ်းအင်နဲ့ ဓာတုစွမ်းအင်တွေကို တိတိကျကျသိလာတော့ ထည့်သွင်းပြောရတယ်။ ရူပက္ခန္ဓာတည်ဆောက်ထားတာ ဘာစက်တုံး ဇီဝအီလက်ထရွန်းနစ် စက် ( Bio Electronic Machine ) က လျှပ်စစ်စွမ်းအားတွေ၊ ဓာတုစွမ်းအားတွေ၊ အပူစွမ်းအားတွေ ထုတ်ပေးနေတာပါ။ ရူပက္ခန္ဓာ စက်ယန္တရားကြီး ဘယ်လောက် ပြည့်ပြည့်ဝဝ ဆောင်ရွက်နေတယ်ဆိုတာ သိလာမယ်။ Electronic control နဲ့ ရူပက္ခန္ဓာက လုပ်နေတာပါ။
ဥပမာအားဖြင့် နှလုံးလေးရှင်တာ အမိဝမ်းတွင်းကနေ လှုပ်လာတာ ခုအထိမရပ် မနား ချက်မှန်မှန်လှုပ်ဖို့ Bio Electronic Machine control နဲ့အုပ်ချုပ်ပေးတဲ့ Autonomic nervous system က ဆောင်ရွက်ပေးတာပါ။ မောတယ်ဆိုတဲ့သဘောကို အသက်ရှူပိုမြန်တာ၊ သတိထားမှ နှလုံးပိုခုန်တာ၊ လုပ်ငန်းလုပ်ရသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်များ ပိုထွက်လို့ အမြန်ထုတ်ပေးလိုက်တဲ့ အောက်ဆီဂျင်များများယူဖို့ ဒီအတွက် မြန်မြန်အသက်ရှူ၊ ဒီလို မြန်အောင် နှေးအောင် လုပ်ပေးတာ Autonomic nervous system ပါ။ ကမ္မသတ္တိ လုပ်ပေးသောကမ္မဇရုပ်ဖြစ်သော ဒီနှလုံးသားကို အခုခေတ် သေတဲ့သူရဲ့ နှလုံးကို ပြောင်းထည့်၊ လူနဲ့ ဆင်တူတဲ့တိရစ္ဆာန်ရဲ့ နှလုံးပြောင်းထည့်၊ နောက်အခုစက်နဲ့ လုပ်ထားတဲ့ နှလုံးစက်ကို ထည့်ပြီးအလုပ်လုပ်တယ်။ တစ်မိနစ်ကို အကြိမ် ၇၀ လှုပ်ဖို့ ခလုတ်ပြင်ထားတဲ့ အကြိမ်အတိုင်း လုပ်တယ်၊ မောလို့ပိုမတက်၊ မလှုပ်နိုင်ပါ။ အဓိက ထိန်းချုပ်နေတာက ကမ္မသတ္တိပါ။ လူလုပ်ထားတဲ့ electric machine တွေထက် ပိုပြီးတော့ Bio Electronic Machine က တိကျပြည့်စုံတယ်။
ပိုသိမ်မွေ့တာက နာမ်ခန္ဓာပါ၊ ရုပ်ခန္ဓာထက်ပို၍ သိမ်မွေ့ပါတယ်။ နာမက္ခန္ဓာ၊ နာမ်အစုအဝေးမှာ နာမ်ဓာတ်(၄)ပါး အခြေခံပါတယ်။ သိမှုအစုအဝေး၊ မှတ်မှုအစုအဝေး၊ ခံစားမှုအစုအဝေး၊ လှုပ်ရှားလှုံ့ဆော်မှု အစုအဝေးတို့ နာမ်ဓာတ်ခေါ်တဲ့ သဘာဝတရားမှာ ပါတယ်။ ဝိညာဏ်၊ သညာ၊ ဝေဒနာ၊ သင်္ခါရဟူ၍ (၄)မျိုးပါဝင်ပြီး ဖြစ်ရင် အတူဖြစ်၊ ပျက်ရင်အတူပျက်၊ ဖြစ်တဲ့နေရာ တစ်နေရာတည်း (၄)မျိုးစလုံးဖြစ်တယ်။ နာမ်ခန္ဓာရဲ့ သဘာဝကို ဒေသနာပါတဲ့အတိုင်း ဆက်လက်လေ့လာမယ်။ ရုပ်ကခိုင်းလည်း နာမ်ဓာတ်ထဲမှာပါတဲ့ ဝေဒနာက သတင်းပို့တာပဲ၊ စိတ်မှာဖြစ်တဲ့ ဝေဒနာကိုလည်း သူပဲ သတင်းပို့တယ်။ ရူပက္ခန္ဓာရဲ့ကိစ္စရော နာမက္ခန္ဓာရဲ့ ကိစ္စပါ ဝေဒနာက္ခန္ဓာက သတင်းပို့ရတယ်။ သေသေချာချာ နှလုံးသွင်းနိုင်အောင် နာမ်ခန္ဓာလေးပါးမှာ ဝေဒနာက္ခန္ဓာသည် ရုပ်က သတင်းပို့တာကို သူကပြောသလို နာမ်က သတင်းပို့တာကိုလည်း သူကပြောရတယ်။
ရူပက္ခန္ဓာနဲ့ နာမက္ခန္ဓာမှာဖြစ်သော ဝေဒနာတွေက –
ရုပ်မှာ သုခဝေဒနာဖြစ်တော့ နာမ်မှာ သောမနဿဝေဒနာဖြစ်တယ်။
ရုပ်မှာ ဒုက္ခဝေဒနာဖြစ်တော့ နာမ်မှာ ဒေါမနဿဝေဒနာဖြစ်တယ်။
ရုပ်မှာ အဒုက္ခမသုခဝေဒနာဖြစ်တော့ နာမ်မှာ ဥပေက္ခာဝေဒနာဖြစ်တယ်။
ရုပ်နဲ့ ဆက်သွယ်ဖြစ်တဲ့ ဝေဒနာ၊ နာမ်နဲ့ဆက်သွယ်ဖြစ်တဲ့ ဝေဒနာ တစ်ခုနဲ့တစ်ခု ဝေဒနာချင်း မတူပါ။
ဝဋ်သုံးပါးစက်တွေလည်တဲ့အခါ ဝိပါကဝဋ်မှာ မြင်စိတ်က အမြင်ဓာတ်၊ ကြားစိတ်က အကြားဓာတ်ဖြစ်တယ်။ ဒီမှာပါတဲ့ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ အဒုက္ခမသုခဝေဒနာတွေက ဝိပါကဝဋ်မှာ အလုပ်လုပ်နေတယ်။ ကိလေသစက်က ဥပါဒါနက္ခန္ဓာက အတ္တဆိုတဲ့ ငါကို ထုတ်ပေးလိုက်တော့ ကမ္မဝဋ်မှာဖြစ်တဲ့ မနောဝိညာဉ်ဓာတ်မှာ ဝေဒနာပါတယ်။ ပါတော့ ဒီဝေဒနာကို ဒုက္ခဝေဒနာတုန်းက နာတယ်ရိုးရိုးပြောတယ်၊ ကိလေသစက်က ပေးလိုက်တဲ့ အတ္တ ငါနဲ့ တွဲလိုက်တော့ ကမ္မဝဋ်မှာ ငါနာတယ် ဖြစ်တယ်။ နာပုံကို မနောဝိညာဏ် ခံစားတာနဲ့ ကာယဝိညာဏ် ခံစားတာ ဘယ်လိုကွာတုန်း သိလား၊ ရင်ဘတ်နည်းနည်း နာတယ်၊ အောင့်တယ်လို့ ကာယဝိညာဏ်ကပြော၊ မနောဝိညာဏ်က ငါနာတယ်။
ဒီနေရာနာတာ နှလုံးကဖြစ်တာလား၊ ဗဟုသုတတွေများတိုင်း ခံစားရတာကို ပိုပြီး ပူပန်လာတယ်၊ အကျယ်ချဲ့လာတယ်၊ သောကတွေဖြစ်လာတယ်။ ဒီမှာ ခံစားရတာ ငါနာတယ်၊ ငါ့ရောဂါသာမန်မှ ဟုတ်ရဲ့လား မနောဝိညာဏ်မှာ ဖြစ်တော့ ပြန်ဆိုမှုတွေ များလာလို့ ဝေဒနာက ပိုပြင်းတယ်။ ဝေဒနာကို ကာယပသာဒမှာ ဖြစ်တဲ့အကြောင်းအရာက သူဖြစ်တဲ့အတိုင်းအတာ ပြောတယ်။ မနောဝိညာဏ်နယ်ရောက်လာလို့ ကမ္မဝဋ်မှာ မနောကံက ဖြစ်လာတော့ စိုးရိမ်မှု၊ ကြောင့်ကြမှုတွေရောက်တဲ့ ဝေဒနာတွေ ပိုပြင်းထန်လာတယ်။ ကိလေသဝဋ်က အတ္တက ငါ့ရောဂါ ငါနာတာလို့ စွဲရင် ပို၍ ပူပန်ကြောင့်ကြလာတယ်။ ကိလေသဝဋ်က လှည့်ပေးလိုက်တော့ ပိုပင်ပန်းတယ်။ ရူပက္ခန္ဓာနဲ့ နာမက္ခန္ဓာတို့ ပူးတွဲအလုပ်လုပ်တော့ ကိလေသဝဋ်က မနောဝိညာဏ်က ငါနာတယ်၊ ငါ့ရောဂါဖြစ်လာ စွဲလာတော့ ပိုပူပန်တယ်။ ဝိပါကဝဋ်ကပေးတဲ့ အတိုင်းထားရင် ပိုပြီးတော့ မပင်ပန်းပါဘူး။
ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာတို့ဖြစ်တဲ့အကြောင်း ရုပ်နဲ့နာမ်ခန္ဓာငါးပါးဘယ်လို ရှိနေတုန်း။ ရူပက္ခန္ဓာကြီးက ဆံပင်က ခြေဖျားအထိ ထင်ရှားရှိတယ်။ သိ၊ မှတ်၊ ခံစား၊ လှုပ်ရှား အားထုတ်မှုဆိုတဲ့ နာမ်ခန္ဓာလေးပါးက အမြဲမရှိပါ။ ဆေးထိုးဖို့ အပ်နဲ့ထောက်ရင် ထိုးတဲ့နေရာလေးမှာ ရုပ်ရော နာမ်ပါရှိတာပါ။ အပ်ဖျားထောက်ထားတဲ့နေရာမှာ နာမ်က ရောက်လာတာ၊ နာမက္ခန္ဓာ ဝေဒနာက္ခန္ဓာလာပေါ်တာ၊ အဲဒီအချိန် အဲဒီနေရာမှာသာ ခန္ဓာငါးပါး ပေါ်တာပါ။ နာမ်က နေရာလေးနဲ့ အချိန်လေး လိုက်လို့ရှိတာပါ။ အပ်ဖြုတ်လိုက်ရင် အဲဒီနေရာမှာရှိတဲ့ နာမ်တရားက ပျောက်သွားပါပြီ။
တရားထိုင်တဲ့အခါ ရှုမှတ်နေတော့ နှာသီးဖျားမှာ လေထိနေတဲ့အခါ ခန္ဓာငါးပါး ရှိနေရာက ဒူးနာလာတော့ ဒူးနာတဲ့အချိန် ဒူးနာတဲ့နေရာမှာ ခန္ဓာငါးပါးရောက်တာ၊ တစ်ခါဇက်အောင့်တော့ နာမ်ခန္ဓာဟာ ဇက်ကို ရောက်သွားပြီ။ လိုရာလိုရာ လှည့်ပြီး နာမ်ခန္ဓာက သွားနေတယ်။ နေရာအချိန်မတူပါ။ ရူပက္ခန္ဓာတစ်ခုလုံးမှာ လိုရာလိုရာ အကြောင်းကြားတဲ့နေရာမှာ နာမ်ကလိုက်သတင်းပို့နေတယ်။ ဝေဒနာနဲ့ သတင်းပို့တယ်။ ဝေဒနာက အသိသာဆုံးက အမြဲတမ်းနေရာပြောင်း၊ အချိန်ပြောင်း၊ အဖြစ်လည်း အမျိုးမျိုးပြောင်း၊ ဒုက္ခ- အဒုက္ခမသုခ ဝေဒနာတွေနဲ့ သတင်းပို့ပုံချင်းလည်း မတူပါ။ နာမ်ခန္ဓာလေးပါးတို့ အမြဲတမ်းပြောင်းနေရွေ့နေတာ ထင်ရှားတယ်။ မမြဲတာ အနိစ္စ၊ ဝေဒနာအနိစ္စ၊ မမြဲဘူးဆိုတာတွေ မှတ်နိုင်အောင် ကြိုးစားရမယ်။ ဒုက္ခဝေဒနာ၊ သုခဝေဒနာလည်း မမြဲဘူးဆိုတာကို နှလုံးသွင်းတတ်အောင် ကြိုးစားပါ။
သာဓု သာဓု သာဓု
“ဝိပရိဏာမဒုက္ခနှင့် သင်္ခါရဒုက္ခ”
“ဝိပရိဏမဒုက္ခ”
ဒုက္ခသစ္စာနှင့် ပတ်သက်၍ ခံစားမှုနှင့်သိရသော ဒုက္ခအကြောင်း၊ ခန္ဓာကိုယ်မှာ ဖြစ်သော ကာယိကဝိညာဏ်၊ စိတ်မှာ ဝမ်းနည်းမှုထင်ရှားဖြစ်ပေါ်လာသော စေတသိက ဝိညာဏ်တွေဟာ ခံစားမှုနဲ့ သိရသော ဒုက္ခဝေဒနာ၊ ဒေါမနဿဝေဒနာတို့ ထင်ရှားဖြစ်ပေါ် လာတာပါ။ ဝေဒနာအဖြစ်နဲ့ ထင်ရှားဖြစ်ပေါ်မလာဘဲ အဟုတ်တကယ် ဒုက္ခသဘောအဖြစ် တကယ်ရှိနေတဲ့ “ဝိပရိဏာမဒုက္ခ” အကြောင်းလေ့လာမယ်။ ရုပ်နာမ်တို့ဖြစ်ပျက် ပြောင်းလဲနေ၍ ဖြစ်ပေါ်နေသော ဆင်းရဲ ဝိပရိဏာမဒုက္ခခေါ်တယ်။ ရုပ်မှာ ကာယိကဒုက္ခ၊ နာမ်မှာပူလောင်နေလို့ သန္တာပဒုက္ခဖြစ်ပါတယ်။ ရုပ်တရား၊ နာမ်တရားတွေ သဘာဝအလိုက် ဖြစ်နေပျက်နေခြင်းကြောင့်ဖြစ်တဲ့ ဒုက္ခဟာ ဝိပရိဏာမဒုက္ခပါ။
ရူပက္ခန္ဓာမှာ ကလာပ်စည်း ကုဋေတစ်သိန်းကျော်၊ သန်းပေါင်းတစ်သန်းကျော် (Trillion of cells) နှင့် တည်ဆောက်ထားတာပါ။ ဒီကလာပ်စည်းတွေထဲမှာ တစ်စက္ကန့်အတွင်း ကလာပ်စည်းပေါင်း ငါးကုဋေ၊ သန်းပေါင်းငါးဆယ်ဟာ ပျက်နေ၊ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ခေတ်ပညာ ဇီဝကမ္မပညာ ( physiology ) က ရုပ်တရားတွေ ခန္ဓာကို အတွင်းဖြစ်နေတဲ့ သဘော၊ ပျက်နေတဲ့သဘောကို တွက်ပြတာပါ။ စဉ်ဆက်မပြတ် စက္ကန့်တိုင်းဖြစ်နေ၊ ပျက်နေတဲ့ သဘောကို တွက်ပြတာပါ။ စဉ်ဆက်မပြတ် စက္ကန့်တိုင်းဖြစ်နေ၊ ပျက်နေတဲ့သဘောကို ဝိပရိဏာမဒုက္ခခေါ်ပါတယ်။
ထို့အတူ နာမက္ခန္ဓာမှာ နာမ်ဓာတ်များက မျက်စိတမှိတ်အတွင်း ကုဋေတစ်သိန်းကျော် ဖြစ်နေ၊ ပျက်နေတယ်။ ရူပက္ခန္ဓာကြီးဟာလည်း မရပ်မနား ဖြစ်နေရတယ်၊ ပျက်နေရတယ်ဆို တာကို နားလည်ရမယ်။ ဒီအကြောင်းအရာတွေဟာ သဘာဝတရားတွေ၊ ဒီသဘာဝတရားတွေကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓကဟောခဲ့လို့ ဒီလို ဖောက်ပြန်ပြောင်းလဲနေတဲ့ သဘာဝတွေ ဟုတ်မှန်ကြောင်း သိပ္ပံပညာ ထွန်းကားလာတော့ ဖြစ်ခြင်း၊ ပျက်ခြင်းနဲ့ ဖြစ်ပျက်နေတာ သိရလို့ တရားတော်ဟာ ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားတဲ့ သဘာဝတရားတွေလို့ ပိုသိလာရတယ်။ နားလည်လာရတယ်။ ရုပ်ခန္ဓာမှာ ကလာပ်စည်း ကုဋေ တစ်သိန်းကျော်ရှိတာပါ။ ဒါဘယ်ကစခဲ့တုန်း။ ပဋိသန္ဓေတည်တဲ့အချိန်က စခဲ့တာပါ။ သတ္တဝါအစ၊ လူအစက အမိမျိုးဥထဲကို အဖမျိုးဥက ဝင်၊ ရုပ်မျိုးဥနှစ်ခုပေါင်း၊ ပဋိသန္ဓိဝိညာဏ် စိတ် ပူပေါင်းသော အချိန်မှ (Time of Fertilization) သူတို့ပေါင်းစပ်မှ သတ္တဝါဖြစ်ဖို့ ဗီဇဖြစ်တာ၊ သတ္တဝါရယ်လို့ စဖြစ်တာပါ။ ဒီလို သွားပေါင်းတော့ တစ်ခုတည်းသော ကလာပ်စည်းလေးပါ။
နောက်ကလာပ်စည်း တစ်ခုက နှစ်ခု၊ နှစ်ခုက လေးခု၊ လေးခုက ရှစ်ခု တိုးပွားလာတာ ( cell division, cell reproduction ) တွေ လုပ်နေရပါတယ်။ ဒီလိုတိုးပွားလာရာမှာ ရက်ပေါင်း (၂၈၀) ကျော် ၉လ – ၁၀ လရောက်တော့ လူသားလေးဟာ ရူပက္ခန္ဓာတစ်ခု အပြည့်အဝဖြစ်လာတာပါ။ ဒီအချိန်မှာ ကလာပ်စည်းတွေ သန်းပေါင်းများစွာ တိုးတက်လာပြီ။ မွေးကင်းစမှ ကလေးဘဝ၊ ကလေးဘဝက ကလာပ်စည်းတွေ တဆင့်ကြီးထွားလာတာ အရွယ်ရောက်(အသက် ၁၆၊ ၁၇၊ ၁၈ နှစ်ရောက်လာ) တော့ ခန္ဓာကိုယ်အလေးချိန်တိုး၊ အရပ်မြင့်လာ၊ တိုးပွားလာရာမှာ၊ ဒီအချိန်မှာက ပျက်နေသော ကလာပ်စည်းအရေအတွက်ထက် ဖြစ်နေသော ကလာပ်စည်း အရေအတွက်က ပိုများတယ်။
ဒီလို ကလာပ်စည်းတွေ လူလားမြောက်သည့်တိုင် စက္ကန့်မခြားဖြစ်နေ၊ စက္ကန့်မခြား ပျက်နေတာပါ။ အရွယ်ရောက်တဲ့ အရွယ်မှ အရွယ်အလတ်ဖြစ်သော လူလတ်ပိုင်း (အသက် ၂၀ – ၃၀ – ၄၀) ထိရောက်လာတဲ့အခါမှာ ကိုယ်အလေးချိန် သိပ်မတိုး၊ အရပ်သိပ်ရှည်မလာပါ။ ကလာပ်စည်းဖြစ်တဲ့ အရေအတွက်နှင့် ပျက်တဲ့ အရေအတွက် ညီမျှနေတယ်။ တဖြည်းဖြည်း အိုလာပြီ၊ အရွယ်ကျလာပြီဆိုတဲ့ အချိန်ရောက်တော့ ကလာပ်စည်းပျက်နှုန်းက ကလာပ်စည်းဖြစ်နှုန်းထက် များလာတယ်။ ဒီလုပ်ငန်းတရပ်လုံး လုပ်နေတဲ့စဉ်ဆက်ကို ဝိပရိဏာမ၊ ဒီလို လုပ်နေတာ – ဖြစ် ပျက် လုပ်နေတာဟာ ဒုက္ခပါ။ အိုခြင်းကို နှစ်ပေါင်းများစွာကြာမှ အိုတဲ့လက္ခဏာပြမှ အိုပြီပြောကြတာပါ။ စက္ကန့်မခြား အိုခြင်းတရား ဖြစ်ပွားတာ၊ ကလာပ်စည်းအရေအတွက်သာမက အရည်အသွေးပါ ကျလာတာ၊ ညံ့ဖျင်းလာတာပါ။ ကလာပ်စည်းအရေအတွက်ရော အရည်အသွေးပါကျသွားတာ ဝိပရိဏာမ၊ ဒီသဘောလည်း ဒုက္ခတစ်မျိုးပါ။ ဝိပရိဏာမ၊ ဒီသဘောလည်း ဒုက္ခတစ်မျိုးပါ။ အဟုတ်တကယ်ရှိနေတဲ့ ဒုက္ခပါ။ စိတ်နှင့်ရုပ်မှာ ဖြစ်တဲ့ ဒုက္ခက ဝေဒနာနဲ့ သိတယ်။ ခန္ဓာကိုယ်အတွင်းဖြစ်နေ ပျက်နေတာကို ဘုရားရှင်ပြောပြမှ ဝိပရိဏာမ ဖြစ်နေ၊ ပျက်နေတဲ့သဘော သဘာဝတွေကို မံသစက္ခုနဲ့ မမြင်နိုင်၊ ပညာမျက်စိနဲ့သာ ဝိပရိဏာမ ဒုက္ခကိုမြင်နိုင်တယ်။ ဒီဒုက္ခဟာ အဟုတ်ရှိလို့ ဒုက္ခသစ္စာ အမှန်တရားပါ။
“သင်္ခါရဒုက္ခ”
သင်္ခါရဒုက္ခဆိုတာ ရုပ်နာမ်တို့ ရှင်ရေးအတွက် မသေရာ မသေကြောင်းကို ကာကွယ်နေရတဲ့ ဒုက္ခ ဆင်းရဲသဘောပါ။ အဿာသ ပဿာသ ကာယသင်္ခါရ၊ ထွက်သက်ဝင်သက်က ရုပ်ခန္ဓာရှင်သန်ရေး ဆောင်ရွက်နေရတဲ့ လုပ်ငန်း၊ သေခြင်းကို ကာကွယ်ရတဲ့လုပ်ငန်း အဟုတ်အလုပ်လုပ်နေရတာ သင်္ခါရပါ။ သေခြင်းတရား တစ်ခုတည်းကို သင်္ခါရလို့ပြောနေပေမယ့်လို့ အမှန်စင်စစ်က ရပ်လို့လည်းမရ၊ နားလို့လည်းမရပါ။ ဝင်လေ ထွက်လေ ရှူနေ ရှိုက်နေရတဲ့ အလုပ်တွေလုပ်နေတဲ့ ရူပက္ခန္ဓာက အသက်ရှူနေရတာ၊ အသက်ရှူဖို့အတွက် အဆုတ်နှစ်ခု လေရှူနေရတာကို ပုံပေါ်အောင် ပြတယ်။ တစ်မိနစ်မှာ အကြိမ် (၂၀) လေရှူသွင်းရှူထုတ်လုပ်ရတယ်၊ တစ်ကြိမ်ကို ၃-စက္ကန့် ကြာတယ်။ နံရိုးကားလိုက် ကျုံ့လိုက်လုပ်တော့ အဆုတ်ကလည်း ကားလိုက်၊ ကျုံ့လိုက်၊ ရင်ဝမ်းခြားအသားပြားကလည်း တက်လိုက်-ကျလိုက်နဲ့ အမိဝမ်းကကျွတ်ပြီး အသက်ရှူကတည်းက ယခုအချိန်ထိ မရပ်ပါ။ မိမိအိပ်နေလည်း ရူပက္ခန္ဓာက လေကို ရှူသွင်း ရှူထုတ်လုပ်နေတာ၊ ရပ်မရ နားမရလို့ အလွန်ပင်ပန်းတယ်၊ ဆင်းရဲတယ်။ ရှင်ရေးလုပ်ရတဲ့ သင်္ခါရဒုက္ခဟာ အဟုတ်ရှိ၊ တကယ်ရှိနေတဲ့ ဒုက္ခပါ။
အဆုတ်အလုပ်လုပ်တာက တစ်မိနစ်ကို ရှူသွင်း ရှူထုတ်အကြိမ် (၂၀) လုပ်တယ်။ ဒီလို လေသွင်း လေထုတ်လုပ်နေရတာ ကာယသင်္ခါရပါ။ အလွန်ဆင်းရဲတယ်။ အဲဒီလိုပဲ ခန္ဓာကိုယ်ထဲ သွေးလှည့်ပတ်ဖို့၊ သွေးသားဖို့အတွက် နှလုံးက တစ်မိနစ်အကြိမ် (၇၀) လုပ်နေရတာ၊ ကျန်းမာတဲ့ လူမှာ နှလုံးခုန်နှုန်း အကြိမ် (၇၀)၊ တကြိမ် တစ်ကြိမ် လှုပ်ရတာက ၀.၈ စက္ကန့် လောက်ကြာတယ်။ ဒီနှလုံးခုန်နေရတဲ့ လုပ်ငန်းကိုလည်း ကာယသင်္ခါရ ခေါ်တယ်။ ရှင်ရေးအတွက် ကြိုးပမ်းနေရတာ၊ သေရေးကို ကာကွယ်နေရတာပါ။ ဒီနှလုံးကိုယ်တိုင်က အောက်ဆီဂျင်နှင့် အာဟာရ-ရမှ ရှင်နိုင်၊ အလုပ်လုပ်နိုင်တာပါ။ အသက်ရှူဖို့ ဝိုင်းဝန်းလုပ်ဆောင်နေရတဲ့အဖွဲ့နှင့် ခန္ဓာကိုယ်အတွင်း သွေးများ စဉ်ဆက်မပြတ် လှည့်ပတ်စီးဆင်းနေဖို့ ပူးပေါင်းဆောင်ရွက်နေရတဲ့ အဖွဲ့တွေ အဟုတ် အလုပ်လုပ်နေကြလို့ ရူပက္ခန္ဓာရှင်တယ်ဆိုတဲ့သဘောကို သေသေချာချာ နှလုံးသွင်းရင် နှလုံးလုပ်ငန်းက ပိုပြီး အဆများတာ တွေ့ရပါတယ်။ အဆုတ်နှင့် နှလုံးသွားနှုန်းလာနှုန်း ပြောင်းလဲသွားရင် ရောဂါရလာတာပါ။ အသက်ရှူခြင်းရပ်၊ နှလုံးခုန်ခြင်းရပ်သွားရင် မိနစ်ပိုင်းအတွင်း သေသွားမှာပါ။ ဒီသဘောမှာ ညအိပ်နေလည်း အဆုတ်က အသက်ရှူတာမရပ်၊ နှလုံးခုန်တာလည်း မရပ်ပါ။ ရပ်မရ နားမရတဲ့သဘောနဲ့ ခန္ဓာကိုယ် မှာရှိတဲ့ ကောဋ္ဌာသအဖွွဲ့အစည်းအားလုံး ပူးပေါင်းလုပ်လို့ ရှင်နေတာပါ။ ရှင်ရေးတာဝန် အလွန်ကြီးပါတယ်။ ရုပ်နဲ့စိတ်မှာဖြစ်သလို မနာမကျင်တဲ့အတွက်လည်း မသိသာပါ။
ဒီရှင်ရေးအလုပ်ကို လုပ်နေမှန်းလည်း မသိ၊ သတိမရပါ။ ရှိသမျှခန္ဓာ အစိတ်အပိုင်း အသီးသီးက သူ့တာဝန်လုပ်ငန်းကို ကျရာအစိတ်အပိုင်းက ထမ်းဆောင်နေလို့ ရှင်တယ်၊ ကျန်းမာပါတယ်။ ဝေဒယိတဒုက္ခဟာ အခံခက်တဲ့အခါ နာတဲ့အခါ ပေါ်တယ်၊ စေတသိကဒုက္ခဟာ စိတ်ညစ်တဲ့အခါပေါ်ပါတယ်။ အခုရှင်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ဒုက္ခအမှန်ရှိတာကို သဘောပေါက်ပါပြီ။ ဝိပရိဏာမနဲ့ သင်္ခါရဒုက္ခ အမှန်တကယ်ရှိတယ်။ ခံစားမှုနဲ့ သိတော့ ငါနာတယ်၊ ငါစိတ်ညစ်တယ် စသည်ဖြင့် ပြန်ဆိုတယ်။ နာခြင်းကျင်ခြင်းတို့သည် ရူပက္ခန္ဓာရှိ ဒုက္ခဝေဒနာနဲ့ သတင်းပို့ပေးတာ သဘာဝဒုက္ခပါ။ ဒီဒုက္ခကို ခန္ဓာငါပါးက ကာယပသာဒက ဝေဒနာနဲ့ သတင်းပို့ပေးတာ အမှန်ကို ငါ့ဒုက္ခလို့ ပြန်ဆိုတာပါ။ ဒုက္ခကို ငါသတိမပြု နှလုံးမသွင်း ဂရုမစိုက်သော်လည်း ဒုက္ခကရှိလျက်ပဲ။ ဒီဒုက္ခကို ငါ့ဒုက္ခလို့ မပြန်ဆိုပါ။ သို့သော် ငါ့ဒုက္ခမဟုတ်ပါ။ ရူပက္ခန္ဓာ အမြဲတမ်း ထမ်းဆောင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးဒုက္ခကို သင်္ခါရဒုက္ခခေါ်ပါတယ်။
ကာယိကဒုက္ခနှင့် စေတသိက ဒုက္ခတွေက ခံစားမှုနဲ့ သိရတာ၊ အမြဲတမ်းနာမနေ၊ အမြဲတမ်း စိတ်ညစ်မနေတော့ ဒုက္ခဆိုတာ တစ်ခါတလေမှ ဖြစ်တာပါလို့ထင်တာ၊ ခံစားမှုနဲ့ ဖြစ်တဲ့ဒုက္ခတွေက ရံဖန်ရံခါ ပေါ်တာပါ။ ဝိပရိဏာမဒုက္ခနဲ့ သင်္ခါရဒုက္ခတွေအကြောင်း သေသေချာချာ ဉာဏ်နဲ့ သက်ဝင်ဆင်ခြင်နှလုံးသွင်းတော့ အသံမထွက်၊ စကားမပြောဘဲ အသက်ရှူရေးကိစ္စ၊ သွေးသွားလာလှည့်ပတ်ရေးကိစ္စ၊ အစာချေရေးကိစ္စ၊ ကြေညက်တဲ့ အစာထဲက အာဟာရဓာတ်တွေ အသား၊ အကြော၊ အရိုးရူပက္ခန္ဓာ တည်ဆောက်ရေးအတွက် လုပ်နေတဲ့ကိစ္စ၊ ဒါအပြင် ခန္ဓာကိုယ်ညီညီညွတ်ညွတ် မျှမျှတတ အလုပ်လုပ်နေနိုင်အောင် အာရုံကြောနဲ့ ဦးနှောက်အဖွဲ့အစည်း စဉ်ဆက်မပြတ် ခန္ဓာကိုယ်ရှင်ရေးကို ဝိုင်းဝန်း လုပ်ဆောင်နေရတာဟာ ရပ်လို့မရ နားလို့မရ အစဉ်အမြဲလုပ်ဆောင် နေရသော ဒုက္ခမျိုးကို သင်္ခါရဒုက္ခခေါ်တယ်။ တစ်ခုမှ ရပ်လို့မရ၊ ဒုက္ခက အစဉ်အမြဲရှိပါတယ်။
ခန္ဓာငါးပါးကို စတင်တည်ဆောက်တဲ့ ပဋိသန္ဓိတည်ကတည်းက ဝိပရိဏာမဒုက္ခရော သင်္ခါရဒုက္ခပါ ပါလာတာပါ။ ဒီဒုက္ခ ဘယ်သောအခါမှ ရပ်တယ်လို့မရှိ၊ ဒီဒုက္ခအမြဲရှိတယ်။ ခန္ဓာကိုယ်ရှင်ရေးအတွက် အမြဲရှိနေတဲ့ လုပ်ငန်းတာဝန်ကြောင့် ဖြစ်တဲ့ဒုက္ခပါ။ ငါ့ဒုက္ခလို့ ပြောမရပါ။ ရူပက္ခန္ဓာ ထမ်းနေရတဲ့ဒုက္ခပါ။ တာဝန်အလွန်ကြီးပြီး အစဉ်အမြဲရှိနေတာ၊ ရူပက္ခန္ဓာအပေါ် ကျရောက်နေတဲ့ ဒုက္ခ၊ ဒါကို ငါက ဉာဏ်မျက်စိနဲ့ ကြည့်ပါမှ ဒီဒုက္ခရဲ့တာဝန်ကို ရူပက္ခန္ဓာက ထမ်းနေရတာ၊ ရှင်တယ်ဆိုတဲ့ ကိစ္စမှာ ငါ ပါဝင်ဆောင်ရွက် နိုင်စွမ်းမရှိ၊ ရူပက္ခန္ဓာက သူ့အလုပ် သူလုပ်နေရတာ အမှန်တရားပါ။ ဒီအထဲမှာ ငါမပါဘူး။ ရူပက္ခန္ဓာလုပ်နေသမျှ အလုပ်တွေကို ငါက ဝင်ရောက်မစွက်ဖက်နိုင်ပါ၊ ပါဝင်ဆောင်ရွက်နိုင် စွမ်းမရှိပါ။ ဒီအချက်နှစ်ချက်ကို သိနေအောင်မြင်နေအောင် အမြဲတမ်းရှူမှတ်နေရမယ်။ ဒါဝိပဿနာ ဘာဝနာကို ထပ်တလဲလဲ ပွားနေရမယ်။ ဒီသဘောကို သေသေချာချာ သိတော့ မိမိမှာကဲ့သို့ အခြားသူတွေရဲ့ ရင်ထဲမှာ နှလုံးတွေ ခုန်နေရတာ သူတို့လည်း ဒါကြောင့် ရှင်နေရတာ၊ အသီးသီးသောလူ၊ တိရစ္ဆာန်၊ သတ္တဝါဟူသမျှမှာ ရှင်ရေးအတွက် ထမ်းဆောင်နေရသော ဒုက္ခရှိနေတယ်။ သင်္ခါရ၊ ဝိပရိဏာမဒုက္ခတွေ ရောက်နေလို့ ဒုက္ခိတ သတ္တဝါတွေပါ။
သူ့မှာလည်းဒုက္ခ၊ မိမိမှာလည်းအဟုတ်တကယ်ရှိတဲ့ ဒုက္ခကို သယ်နေရတဲ့ ပုထုဇဉ် အချင်းချင်းဆိုတာ သိလာရင် ထိုထိုပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံတဲ့အခါ စာနာတတ်၊ ထောက်ထားတတ်မယ်။ သဘာဝတရားမှာ အတူတူဒုက္ခခံနေရရင် မေတ္တာတရား ပွားနိုင်မယ်။ ဒီသင်္ခါရဒုက္ခတွေ နှိပ်စက်တာခံနေရတာချင်းတူတယ်။ လောကီဂုဏ်တွေ ဘယ်လိုကွာခြား၊ ကွာခြား သဘာဝတရားမှာ အတူတူ ဒုက္ခခံနေရတာပါ။ အဆုတ် လုပ်ငန်းတွေ၊ နှလုံး လုပ်ငန်းတွေကို အမြင်စွဲလာမှ ပါရမီရမယ်။ နှလုံးသွင်းပါများရင် အမြင်စွဲလာမယ်၊ အဲဒါ ပါရမီပါ။ ဒါမှ လူ့ဘဝရကျိုးနပ်ပါတယ်။
သာဓု သာဓု သာဓု
“သမုဒယသစ္စာ”
သမုဒယသစ္စာဆိုတာ ဒုက္ခဖြစ်စေသောအကြောင်း အမှန်တရားပါ။ ဒုက္ခသစ္စာဆိုတာ ပိုင်းခြားသိမြင်ရမည့်တရားပါ။ ဒုက္ခသစ္စာဆိုတဲ့ သဘောသဘာဝက ဉာဏ်နှင့်ပိုင်းခြား၍ ဒုက္ခဆိုသော သဘောသဘာဝကို ပြည့်ပြည့်စုံစုံ သိအောင် ဘုရားရှင်ညွှန်ပြထားသော ဒုက္ခ၏ အဓိပ္ပါယ်ကို သဘောပေါက် နားလည်သည့်တိုင်အောင် ကြိုးစားရတယ်။ သမုဒယသစ္စာက ဒုက္ခကို ဖြစ်အောင် လုပ်ပေးနေတဲ့ သဘာဝတရားပါ။ သမုဒယသစ္စာက အကြောင်းတရား ဒုက္ခသစ္စာက အကျိုးတရားပါ။
ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာပါတဲ့ ဝဋ်သုံးပါးလည်တာကို ဝဋ်သုံးပါး သံသရာလည်တယ် ခေါ်ပါတယ်။ သံသရာလည်တဲ့ အကြောင်းတရားဟာ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် လည်နေတာပါ။ ပဋိစ္စသမုပ္ပါဒ်မှာ အင်္ဂါ (၁၂) ပါးနဲ့ ဘဝပစ္စယာ ဇာတိ – ပဋိသန္ဓိခဏမှာ ဇာတိရ – ခန္ဓာငါးပါးရတာ၊ ဇာတိကြောင့် ဇရာနဲ့ မရဏဖြစ်လာတာပါ။ ဒါ့အပြင် သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ပူပန်ခြင်း၊ စိုးရိမ်ခြင်း၊ ဆင်းရဲခြင်း၊ ကြောင့်ကြခြင်း၊ ငိုကြွေးရခြင်းဆိုသော နာမ်ဓာတ်၏ ဒုက္ခတွေဖြစ်တယ်။ အချုပ်ပြောတော့ ဧဝမေတဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဘဝကိုရခြင်း – ရပြီး ဝဋ်သုံးပါး သံသရာလည်ခြင်း၊ ပဋိိစ္စသမုပ္ပါဒ်လည်ခြင်းကြောင့် ဒုက္ခတုံး ဒုက္ခခဲကြီးဖြစ်ဖို့ သမုဒယော – ဖြစ်ဖို့အကြောင်းအရင်း၊ သမုဒယောဟောတိသည် သမုဒသယသစ္စာ၏ အဓိပ္ပါယ်ကို ပြောပါတယ်။ သမုဒယသစ္စာက ပဋိစ္စသမုပ္ပါဒ်စက်ရဟတ် မရပ်မနား လည်နေခြင်း သည်ပင်လျှင် ဒုက္ခတုံး၊ ဒုက္ခခဲကြီးဖြစ်ဖို့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
ဒီပဋိစ္စသမုပ္ပါဒ်စက် လည်နေလို့၊ တစ်နည်း – ဝဋ်သုံးပါးလည်နေလို့၊ တစ်နည်း – သံသရာလည်နေလို့ ဒုက္ခတွေ ဖြစ်နေတာပါ။ ဒုက္ခဖြစ်ကြောင်းတရားဆိုသည်မှာ ဝဋ်သုံးပါး သံသရာလည်နေလို့၊ ဝိပါကဝဋ်၊ ကိလေသဝဋ်၊ ကမ္မဝဋ်ဆိုတဲ့ ဝဋ်သုံးပါးသံသရာမှာ လည်နေလို့ ဒုက္ခပေါ်လာတာပါ။ ဝဋ်သုံးပါးလည်နေလို့ ဝဋ်သုံးပါးမှာ ဇာတိရပြီဆိုရင် ဇရာပေါ်လာတာပါ။ ဇာရာနဲ့ မရဏဆိုသော သဘာဝတရား (၂)ပါးသည် ရူပက္ခန္ဓာမှာ ထင်ထင်ရှားရှား တွေ့တယ်။
သောက၊ ပရိဒေဝ၊ ဥပါယာသ – သောကဖြစ် ပူပန်ကြောင့်ကြ ပင်ပန်းငိုကြွေး ရတာ နာမက္ခန္ဓာမှာ ဖြစ်တာပါ။ ရူပက္ခန္ဓာနှင် နာမက္ခန္ဓာ (၂)ပါးစလုံးမှာ ဒုက္ခတွေပေါ်နေတာ ဇာတိ ရလို့ – ဒီဇာတိသည် ခန္ဓာငါးပါးကို တည်ထောင်ပေးတာပါ။ ဇာတိရောက်ပြီဆိုတာနဲ့ ရုပ်နဲ့ နာမ် (၂)ခုစလာပြီ။ ဒီမှာ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခတွေ တက်လာပြီ၊ သေသေချာချာ သိရမှာက ဝဋ်သုံးပါးစက်လည်နေတာကို ဆင်ခြင်ရာမှာ စက်တစ်ခုလည်အောင် အကြောင်းတွေ ရှိတယ်။ ဒီအကြောင်းတွေ သိရမယ်။
သမုဒယသစ္စာကိုလည်း (၄) မျိုး၊ (၄) ပိုင်းခွဲ၍ ဆင်ခြင်ရမယ်။ ဒီ (၄)နည်းကို သေသေချာချာ သိရမယ်။ အသက်ရှင်နေတဲ့အခါ ရုပ်နာမ် (၂)ပါး ခန္ဓာ (၄)ပါး ထင်ရှားရှိနေပြီ။ (၂၄)နာရီအတွင်း ရူပက္ခန္ဓာကြီး လည်ရာလည်ကြောင်းအတွက် အဆုတ်က အသက်ရှူနှလုံး နှလုံးက သွေးလှည့်ပတ်ဖို့ လုပ်ပေးနေရတာ အမှန်ပါ။ ရူပက္ခန္ဓာရှင်အောင် လုပ်ပေးနေတဲ့ အရာတွေ – နေ့စဉ်နဲ့အမျှ အိပ်တဲ့ကိစ္စက ရှင်ရေးလုပ်တာပါ။ နိူးတာနဲ့ အာဟာရကိစ္စ – အလုပ်အလွေးနဲ့ အစာကျွေး၊ ရေလည်းတိုက်ရတယ်။ ဒီအလုပ်တွေ တကယ်လုပ်ရတယ်။ သိတတ်တဲ့အရွယ်ကစ မိမိဖာသာစားတယ်၊ ငါဆာလို့ ငါစားတယ်၊ ငါစားလို့ကောင်းတယ်၊ ငါအရသာရှိတယ်နဲ့ပဲ စားလာတာပါ။ ဒီစားခြင်းသောက်ခြင်း ကိစ္စနှစ်ခုကို စနစ်တကျ ဝေဖန်ရမယ်။ စားရတာဟာ ဆာလို့၊ ဆာမှစားတာပါ၊ ဒီမှာဆာတာကို သိတယ်။
ဆာနေတဲ့အချိန်ဖြစ်နေတာ ဝေဒနာ (နာမ်ဓာတ်က ဒုက္ခဝေဒနာနဲ့ ပြောတယ်)၊ သူဘာလို့ ပြောရတာတုံး အစာအိမ်ထဲမှာ အစာမရှိလို့ – အစာမရှိရင် ခန္ဓာကိုယ်က လုပ်နေကျစက်ရဟတ်က အစာအိမ်ထဲကို အစာရောက်ရင် ချေဖျက်ဖို့ ဓာတ်ရည်တွေ ခန္ဓာကိုယ်က ထုတ်တယ်၊ အစာအိမ်က ထွက်လာတဲ့ ဓာတ်ရည်အချဉ်ရေက အစာအိမ်၏ နံရံအတွင်းမှာ ဖုံးအုပ်ထားတဲ့ အရေကို တိုက်ခိုက်တော့ ကာယပသာဒဆိုတဲ့ ကိုယ်အကြည်ရုပ်တွေသည် အချဉ်ရေ၏ တိုက်ခိုက်မှုခံရတော့ ဒုက္ခရောက်နေပြီ။ အကြောင်းအရင်း အစာအိမ်ထဲမှာ အစာမရှိခြင်း၊ ဒါကို sensory nerves က ချက်ချင်းအကြောင်းကြားသောအခါ ရုပ်က နာမ်ဓာတ်ကို ပြောခိုင်းလို့ နာမ်ဓာတ်က ဆာတယ်ပြောတာပါ။ ဒါသည် နံပါတ် (၁) အကြောင်းအရင်းက အစာအိမ်ထဲမှာ အစာမရှိခြင်းသည် အကြောင်းအရင်းပါ။ အစာမရှိသော သဘာဝ – အစာမရှိခြင်း “နိဒါနဋ္ဌ”၊ ဆာတယ်ဆိုတာကို နာမ်က ဒုက္ခဝေဒနာနဲ့ ပြောတာ၊ ဆာတယ်ဆိုတဲ့ ဝေဒနာက စားဖို့တိုက်တွန်းနေတာ သူက အလွန်အပြင်းထန်တယ်၊ အတင်း သဘာဝတရားက တိုက်တွန်းခြင်း လုပ်နေတာ “ အာယူဟနဋ္ဌ” ပါ။ ဒီနှစ်ခုကို သေသေချာချာ စဉ်းစားပါ။
ရူပက္ခန္ဓာကြီး ရှင်သန်ရေးအလုပ်လုပ်နေတာကို ဇီဝကမ္မလိုအပ်ချက် ( ရှင်ရေးလုပ်ငန်းအတွက် လိုအပ်ချက်) ပါ။ ဒီအကြောင်းအရာကို သေသေချာချာ ပြန်ကြည့်ရင် အစာမရှိခြင်းနှင့် အစာစားဖို့ ဆာလောင်ခြင်းနဲ့ တိုက်တွန်းခြင်း ဒီနှစ်ခုသည် ရူပက္ခန္ဓာစက်ကြီးလည်ဖို့ အဟုတ်တကယ် အလုပ်လုပ်ဖို့ပါ။ လူ့ဘဝတည်ပေးလိုက်က တည်းက ဗီဇပါလာတယ်။ ဒီစက်ကိရိယာတွေပါလာလို့ ဗီဇက ခိုင်းတဲ့အတိုင်း ရူပက္ခန္ဓာက လုပ်နေရတာပါ။ ဒီ စက်လည်ဖို့ တနေ့တာအတွက် အစာစား၊ အရည်သောက်၊ မရှိခြင်းနဲ့ တိုက်တွန်းခြင်း – ဇီဝကမ္မလိုအပ်ချက်၊ ဒါသဘာဝတရားပါပဲ။
အစာလည်းကျွေး၊ ရေလည်းတိုက်လို့ ကြေညက်ပြီး အသုံးမလို အစာက ဝမ်းအဖြစ်၊ ရေက ဆီးအဖြစ် ဖြစ်လာတော့ အစာဟောင်းအိမ်ထဲမှာ အစာဟောင်းတွေပြည့်လျှံလာနေ၊ ဆီးအိမ်ထဲမှာ ပြည့်လျှံလာနေတဲ့အခါ စွန့်ထုတ်ဖို့ ဒုက္ခဝေဒနာနဲ့ သတင်းပို့လို့ အတင်းတိုက်တွန်းလို့ စွန့်ရပါတယ်။ ပြည့်လာနေတော့ ထုတ်ရခြင်းသည် စက်ယန္တရားကြီး လည်ဖို့ အကြောင်းရင်း “နိဒါနဋ္ဌ”ပါ။ မထုတ်ရင် မဖြစ်ပါ၊ ဒီစက်က မှန်မှန်ကန်ကန် ထုတ်နိုင်မှ ရူပက္ခန္ဓာရှင်ရေးကို ၂၄ နာရီအတွင်း လုပ်နေရတာပါ။ ဒီအကြောင်းတွေ ပေါ်လာရင် တိုက်တွန်းတာ “အာယူဟနဋ္ဌ”ပါ။
ဒီရူပက္ခန္ဓာ စက်ယန္တရားကြီးလည်ဖို့၊ နာမက္ခန္ဓာစက် ယန္တရားကြီးလည်ဖို့၊ သူလည်မှ ခန္ဓာကိုယ်နဲ့ ဝဋ်သုံးပါးသံသရာစက်လည်အောင် လုပ်ပေးရာမှာ အကြောင်းရင်းရှိတယ်၊ တိုက်တွန်းမှုရှိတယ်။ သမုဒယသစ္စာ၏ ဒုက္ခဖြစ်ဖို့ အကြောင်းအရင်းထဲမှာ အခြေခံ အကြောင်းနှစ်ခု – နိဒါနဋ္ဌဆိုတာ အခြေအနေအရ ပြည့်နေရင်လည်း အကြောင်းနဲ့ မရှိရင်လည်း မရှိသလိုအကြောင်းနဲ့ တိုက်တွန်းတယ်။ဝေဒနာနဲ့ ဒီနှစ်ပါးစလုံးစက်လည်ဖို့ လုပ်ပေးနေတဲ့ အကြောင်းတရားနှစ်ပါးပါ။
သမုဒယသစ္စာ၏ အခြေခံက သံသရာစက်လည်၊ ဝဋ်သုံးပါးစက်လည်၊ ပဋိစ္စသမုပ္ပါဒ်စက် လည်နေလို့ ဒီစက်လည်အောင် ရှင်ရေးလုပ်ငန်းကို မလုပ်မနေရ မွေးကတည်းက ဒီအလုပ်တွေလုပ်နေတာ ဒီလုပ်ငန်းတွေ ဘယ်ပုံဘယ်နည်း ဆက်စပ်ပြီး ဒီရုပ်ဒီနာမ် ခန္ဓာငါးပါး အလုပ်လုပ်နေတယ်ဆိုတာ ဘုရားရှင်က ပိုင်ခြားခွဲဝေပြမှ သဘောကို နားလည်ရတယ်။ ဒီတော့ ဒုက္ခဆိုတာ အဟုတ်ရှိတယ်။ ဒုက္ခဖြစ်စေသော အကြောင်းရင်းလည်း အမှန်ရှိတယ်။ အကြောင်းရင်းမှန်ကို ခွဲခြားကြည့်မယ်ဆိုရင် နိဒါနဋ္ဌ – သူ့အကြောင်းနဲ့သူ အခြေခံအကြောင်းအရင်းရှိတယ်။ အာယူဟနဋ္ဌဆိုတဲ့ တိုက်တွန်းမှု ရှိတယ်။ တိုက်တွန်းမှုစွမ်းအား အားဘယ်လောက်ကြီးတယ်ဆိုတာ “ဒါကို” မလွန်ဆန် နိုင်ပါဘူး။ ဇီဝကမ္မ လိုအပ်ချက်တွေဟာ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်အောင် လုပ်ဆောင်ပေးနေတဲ့ သမုဒယသစ္စာ၏ အခြေခံသဘာဝတရား (၂)ပါးဖြစ်တယ်။ ဒါဟာ (၂၄) နာရီအတွင်း ဒီလိုလုပ်နေလို့ ပဋိစ္စသမုပ္ပါဒ်စက်ကြီး၊ ဝဋ်သုံးပါး၊ သံသရာလည်နေတာပါ။ ဒီလို လည်နေခြင်းသည်ပင် ဒုက္ခဖြစ်သောကြောင်းတရား၊ သံသရာလည်အောင် လုပ်ပေးနေရတဲ့ အကြောင်းတရားဖြစ်ပါတယ်။ စား၊ စွန့် လည်နေတာ (၂၄)နာရီမှာ လည်တာကို မြင်သာပြီ။
ဇာတိရလာပြီ၊ ကလေးမွေးလာပြီဆိုကတည်းက ရူပက္ခန္ဓာဟာ ဗီဇကချပေးတဲ့ နိယာမအတိုင်း လမ်းကြောင်းကို မလွဲမသွေ လျှောက်ရတယ်။ လူဖြစ်လာရင် လူ့ဘဝလမ်းကြောင်း၊ ခွေးကြောင်ဖြစ်လာရင်လည်း သူ့ဘဝလမ်းကြောင်းအလိုက် သူ့သက်တမ်းနဲ့ သူ့လုပ်ငန်းတွေ ရှိလာတာပါ။ လူ့ဗီဇခေါ်တဲ့ ဗီဇရုပ်တွေ စီမံကွပ်ကဲပေးတဲ့အတိုင်း လုပ်ဆောင်နေရတာ၊ ဗီဇရုပ်တွေခိုင်းသမျှ၊ စီမံသမျှကို ရူပက္ခန္ဓာက လိုက်လုပ်နေရတယ်။ လူဟာ မွေးကင်းစမှာ ပက်လက် ကလေးနေရ၊ အမိအဖကကျွေးမွေးပေးရတယ်၊ နောက်ဝမ်းရားထိုး၊ လေးဘက်ထောက်၊ မတ်တပ်ရပ်၊ လမ်းလျှောက်တယ်၊ physical development – ရူပက္ခန္ဓာကြီးပွားလာတယ်။ သင်ကြားမှု လေ့ကျင့်မှုကြောင့် နာမက္ခန္ဓာလည်း တဖြည်းဖြည်း ကြီးပွားလာပါတယ်။ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာတာ (၁၆) နှစ်၊ (၁၇) နှစ်အရွယ်ရောက်လာတော့ အပျို၊ လူပျိုဘော်ဝင်လာပြီး၊ ယောကျာ်းလေး မိန်းကလေး၏ ရုပ်သွင်ပြင် ပြည့်ပြည့်ဝဝဖြစ်လာပြီ။ ရူပက္ခန္ဓာ အနေအထားပြောင်းလဲလာပြီ။ ရူပက္ခန္ဓာထဲမှာ တပ်ဆင်ပေးလိုက်သော ကိရိယာများက အရွယ်မရောက်သေးခင်က ပြည့်ပြည့်ဝဝ အလုပ် မလုပ်သေးပါ။
အခုလို အရွယ်ရောက်လာတော့ အတွင်းမှာ တပ်ဆင်ပေးလိုက်တဲ့ ဓာတ်ရည်အိတ် (gland) တွေက (sex hormone) မျိုးဆက်ပြန့်ပွားဖို့ လုပ်ငန်းတွေဆောင်ရွက်ရန် ဓာတ်တွေထုတ်လုပ်လာပြီ။ ဒီဟော်မုန်းဓာတ်တွေ ထုတ်လုပ် လာပြီဆိုကတည်းက ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာကို တိုက်တွန်းလာပြီ။ ဒီဟော်မုန်းတွေ ထွက်ပေါ်လာခြင်းသည် အကြောင်းရင်း – သဘာဝတရားက လူသားမျိုးဆက် မပျောက်ရေးအတွက် ဗီဇ (gene) က တိုက်တွန်းတော့ sex hormone တွေ အလုပ်လုပ် လာတော့၊ sex hormone တွေထွက်ပေါ်လာခြင်းသည် အကြောင်းရင်း “နိဒါနဋ္ဌ”။ သူတို့ အတင်းတိုက်တွန်းလို့ သင်ကြားပေးထားတဲ့ လူ့ယဉ်ကျေးမှုတွေက ရှိနေတဲ့ ဆန္ဒ အာသီသတွေကို ချုပ်ကိုင်ပေးထားသော်လည်း၊ သူ့စည်းသူ့ကမ်းနဲ့ လူ့အဖွဲ့အစည်းတွေက ဘယ်လိုပဲ နည်းတွေပေးပေး နောက်ဆုံးယောကျ်ားလေးနဲ့ မိန်းကလေး အိမ်ထောင်ပြုရတယ်။ ဒါဟာ အရွယ်ရောက်လာရင် ရှောင်လို့မရပါ။
ဒီမှာ တိုက်တွန်းမှု “အာယူဟနဋ္ဌ” အလွန်ပြင်းထန်တယ်။ ဒီဇီဝကမ္မလုပ်ငန်းလိုအပ်ချက် မျိုးဆက်ပြန့်ပွားရေးကလည်း ဒီအတိုင်း ကျင့်သုံးတော့ သံသရာဝဋ်လည်အောင် လုပ်နေတာပါ။ သူတို့ ယောကျာ်းလေးနဲ့ မိန်းကလေး အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုလိုက်တော့ သားရယ် သမီးရယ် ပေါ်လာတယ်။ သားတွေ သမီးတွေက ငါ့သွေးသားတွေ၊ ငါရယ် ငါ့သား ငါ့သမီးရယ်၊ ငါဆိုတာ အတ္တ – အတ္တက ပေါက်ဖွားလာလို့ ဖြစ်လာတဲ့ သားနှင့်သမီး အတ္တနိယတွေပါ။ အတ္တနှင့် အတ္တနိယကို ခွဲခွါမရအောင် ထပ်တလဲလဲ ရစ်ပတ်ထားတဲ့ သံယောဇဉ် နှောင်ကြိုးဆိုတဲ့ သဘာဝ အဟုတ်ရှိတယ်။ “သံယောဂဋ္ဌ” သံယောဇဉ်ကြိုးတွေနဲ့ အထပ်ထပ် ရစ်ပတ် ချည်နှောင်ပေးတာပါ။ ဒါဟာ တတိယအကြောင်း “သံယောဂဋ္ဌ”ပါ။ မိမိအတ္တနဲ့ အပြင်ကရှိတဲ့ သားသမီးကို ချည်နှောင်ပေးတာ ဒုက္ခဖြစ်ကြောင်း၊ သံသရာလည်စေကြောင်း တတိယအချက် အဟုတ်ရှိတယ်။ သူလုပ်ပေးလို့ သံသရာပိုအားကောင်းပြီး လည်လာတယ်။ အပြင်လောကနဲ့ မိမိအတ္တချည်နှောင်တာပါ။ အရှင်းဆုံးနဲ့ အလွယ်ကူဆုံး နားလည်အောင်ပြောနေတာ၊ အိမ်ထောင်ပြုကတည်းက ငါ့ဇနီး ငါ့ခင်ပွန်း – သံယောဂဋ္ဌနဲ့ ချည်နှောင်တာ၊ ငါ့သားသမီးအပြင် ငါ့ဆွေမျိုး၊ ငါ့မိတ်ဆွေတွေနဲ့ ရစ်ပတ်ထားတယ်။ ငါ့အိမ် ငါ့ကား ငါ့ရွှေငွေ၊ ငါ့ပစ္စည်းဥစ္စာ ငါ့ဟာတွေ အတ္တနိယ ( အတ္တက သူပိုင်တယ်လို့ စွဲမက်လက်ခံထားလို့ အတ္တနိယ) ခေါ်တယ်။ နောက်တစ်မျိုးက ကြောင့်ကြစိုက်ရတဲ့ကိစ္စတွေ၊ “ဗလိဗောဓဋ္ဌ” – ကြောင့်ကြစိုက်ရတာကို ခေါ်တယ်။
မိမိခန္ဓာကိုယ်ပေါ်မှာ အတ္တနိယပေါ်မှာ ကြောင့်ကြစိုက်ရတယ်။ နေထိုင်စားသောက် ကျန်းမာအောင် ကြောင့်ကြစိုက်နေရတာ၊ ကိုယ်ရည်ကိုယ်သွေး – ငါ့ဂုဏ်၊ ငါ့ပညာ၊ ငါ့အဆင့်တန်း ယုတ်လျော့မသွားအောင်လည်း ကြောင့်ကြစိုက်ရတယ်။ လယ်တီဆရာတော်ကြီးက ကိုယ့်ဂုဏ်သိက္ခာတွေကိုသာ ကြောင့်ကြစိုက်ရတာ မထင်နဲ့၊ မိုက်ဂုဏ်ကိုလည်း ကြောင့်ကြစိုက်ရသေးတယ်။ ပြိုင်ဖက်မရှိ ထိုးသတ်နိုင်တဲ့ လက်ဝှေ့ချန်ပီယံ – သူ့ဂုဏ်က နှိပ်စက်ဖို့ဂုဏ်၊ ဆုကိုသိမ်းပိုက်ထားလို့ ( ပညာမျက်စိနဲ့ကြည့်ရင် ) မိုက်ဂုဏ်ကို မလျော့အောင် ကြောင့်ကြရတာဟူသမျှ “ဗလိဗောဇဋ္ဌ” ပါ။ ကြောင့်ကြစိုက်လေလေ – သံသရာဝဋ် လည်လေလေ၊ သံသရာဝဋ် လည်လေလေ – ဒုက္ခတရား တိုးပွားလေလေပါ။
ဒုက္ခဖြစ်ကြောင်း အမှန်တရား သမုဒယသစ္စာထဲမှာ ပလိဗောဓတွေပါတယ်။
ရှေ့က (၂) ပါးက ရူက္ခန္ဓာအတွင်းမှာ အပြည့်အဝ ဖြစ်တာတွေ့ရတယ်။ နောက်(၂)ပါးက မိမိအတ္တနဲ့ ပိုင်တယ်ထင်နေတဲ့ အတ္တနိယတွေနဲ့ နှောင်ဖွဲ့ထားတဲ့ “သံယောဂဋ္ဌ”၊ ဒီအကြောင်းအရာတွေအားလုံးအပေါ်မှာ ကြောင့်ကြစိုက်ရတာ “ဗလိဗောဓဋ္ဌ” ပါ။ ဒီ (၄) မျိုးဟာ သမုဒယသစ္စာ၏ အခြေခံအကြောင်းတရား (၄)ပါးဖြစ်ပါတယ်။ သူတို့ ဝိုင်းလုပ်လို့ သံသရာစက်လည်နေတာ၊ ခန္ဓာငါးပါးအလုပ်တွေ လုပ်နေတာ၊ ဒီတော့ ဒုက္ခတွေ ဖြစ်ပါတယ်။ ဒီလို သဘာဝတရားတွေ အမှန်လည်နေတဲ့ သဘောက စက်လည်တာဟာ ငါက ခိုင်းလို့လည်တာ မဟုတ်ဘူး။ သို့သော် မိမိအတ္တက ပြန်ဆိုနေတာက မိမိရူပက္ခန္ဓာကို ငါ့ကိုယ်၊ နာမက္ခန္ဓာကို ငါစိတ်လို့၊ ကိလေသဝဋ်ထဲပါတဲ့ ဥပါဒါန် -ဒိဋ္ဌုပါဒါန် – အတ္တဝါဒုပါဒါန်၊ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိက ငါဖြစ်အောင် လုပ်ပေးတော့ ငါ့ပစ္စည်း၊ ငါ့ဥစ္စာ၊ ငါ့ဇနီး သား သမီး၊ (အတ္တက ပိုင်တယ်လို့ ချုပ်ကိုင်ထားတဲ့) အတ္တနိယတွေ၊ ဒီအတ္တနဲ့ အတ္တနိယတွေ ကပ်အောင် တွယ်အောင်လုပ်ပေးတာသည် “ တဏှာလောဘ” ၊ ဒီတဏှာ လောဘတွေ စွဲနေတဲ့ ရုပါဒါန် အစွဲကြီးကို ကာမုပါဒါန်ခေါ်တယ်။ ကာမုပါဒါန်ကြီးက စွဲနေအောင် ချည်နှောင်ပေးအောင် သူပဲ လုပ်တာပါ။
ဥပမာတစ်ခုပြောမယ်၊ ကိုယ်ပိုင်နှစ်ယောက်စီး ပုဂ္ဂလိက လေယာဉ်နဲ့ သူငယ်ချင်း နှစ်ယောက် လေယာဉ်ပျံစီးသွားရာမှာ လေယာဉ်ပျံ မောင်းသူက လေယာဉ်မောင်းရင်း နှလုံးရောဂါနဲ့ သေသွားတယ်။ ကျန်တဲ့သူငယ်ချင်းက လေယာဉ်ပျံ မမောင်းတတ်ဘူး။ ဒီတော့ ဘာနဲ့တူလဲ ခန္ဓာငါးပါးက လေယာဉ်ပျံ၊ ခန္ဓာငါးပါးပေါ်မှာ အတ္တဆိုတဲ့ ငါက စီးနင်းနေတာ၊ လေယာဉ်ပျံ ပျက်ကျရင် သေမှာကြောက်တယ်။ ခန္ဓာငါးပါးစက်ကြီး လည်နေပုံ၊ သွားပုံ၊ လာပုံ၊ ဆင်းပုံ၊ တက်ပုံမသိလို့ – သိရင်ထိန်းသိမ်းနိုင်မယ်။ ခန္ဓာငါပါးစက်ကြီး လည်နေတာကို မသိတဲ့၊ ပုထုဇဉ်ဟာ သေပေါက်သေဝရောက်မှ ရှိနေတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်း၊ ဝဋ်သုံးပါးအကြောင်း နားလည်ချင်ပါတယ်၊ သံသရာအကြောင်း နားလည်ချင်ပါ တယ်လို့ဆိုရင် ရမလား၊ မရဘူး။ ဒီတော့ အဲဒီတော့မှ ပြင်ဆင်ရမှာ မဟုတ်ဘဲ အခုကတည်းက ပြင်ဆင်ရမှာပါ။ လေယာဉ်ပျံ မောင်းတတ်သလို ခန္ဓာငါးပါးရဲ့ အကြောင်းသိဖို့ နားလည်ဖို့ ထိန်းတတ်၊ ပဲ့ကိုင်တတ်ဖို့လိုတယ်။ ဒါကြောင့် သမုဒယသစ္စာ – ဒုက္ခဖြစ်ကြောင်း အမှန်တရား အဟုတ်ရှိတယ်။ ဒီတရားကို အပိုင်းလေးပိုင်းခွဲ၍ ဘုရားရှင်က ဟောခဲ့တယ်။ သေပေါက်သေဝရောက်မှ နှလုံးသွင်းစရာ မရှိတဲ့ လေယာဉ်ပျံပေါ်ကလူလို မဖြစ်အောင် အခုကတည်းက ခန္ဓာငါးပါး၊ ရုပ်နာမ်တို့၏ လုပ်ငန်းအကြောင်း၊ သံသရာလည်နေလို့ ဖြစ်ပေါ်နေတဲ့ သံသရာဝဋ္ဋဒုက္ခကို သိအောင် နားလည်အောင် မိမိဘဝကို မိမိကယ်တင်နိုင်အောင် မွန်မြတ်သောတရားများကို အားထုတ်နိုင်အောင် ကြိုးစားကြပါ။
သာဓု သာဓု သာဓု
“နိရောဓသစ္စာ”
သစ္စာလေးပါးတရားမှာ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာနှစ်ပါးတို့ဟာ လောကီသစ္စာ နှစ်ပါးဖြစ်ပြီး နိရောဓသစ္စာနှင့် မဂ္ဂသစ္စာနှစ်ပါးတို့ဟာ လောကုတ္တရာသစ္စာနှစ်ပါး ဖြစ်ပါတယ်။ ဘာဖြစ်လို့ လောကီနှင့် လောကုတ္တရာ ကွဲသလဲ၊ ခန္ဓာငါပါးရှိမှ ဒုက္ခပေါ်တယ်၊ ဒုက္ခဖြစ်ကြောင်းတရားလည်း ဖြစ်တယ်။ ခန္ဓာငါးပါးကို မှီ၍ဖြစ်ပေါ်လာသော ဒုက္ခများအကြောင်းကို နှလုံးသွင်း စဉ်းစားတဲ့အခါမှာ မိမိကိုယ်တိုင် တွေ့ကြုံဖူးသော လောကအတွင်း ဖြစ်ပေါ်နေသော သိရှိနေရတဲ့သဘာဝတွေ အကြောင်း၊ သိလွယ်၊ မြင်လွယ်ပါတယ်။ လောကအတွင်းမှာရှိလို့ လောကီသစ္စာနှစ်ပါးလို့ခေါ်တယ်။
အခုက နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာနှစ်ပါးပါ။ နိရောဓဆိုတာ ချုပ်ချင်း၊ နိဗ္ဗာန်နဆိုတာ ငြိမ်းခြင်းပါ။ ဒီလို ချုပ်ခြင်း၊ ငြိမ်းခြင်း သဘောသဘာဝ အဟုတ်တကယ်ရှိတဲ့ သဘောသဘာဝပါ။ နိရောဓသစ္စာနှင့် ပတ်သက်၍ သိရမည့်အကြောင်းအရာက ချုပ်ခြင်းသဘော၊ ငြိမ်းခြင်းသဘောဆိုတာ ဘာတွေချုပ်၊ ဘာတွေငြိမ်းသွားလဲ သိမှ နားလည်မှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာမှာ ဒုက္ခတွေဖြစ်အောင် ဆောင်ရွက်ပေးနေတာဟာ ပဋိစ္စသမုပ္ပါဒ်စက်ကြီး လည်နေလို့၊ ဝဋ်သုံးပါးလည်နေလို့၊ သံသရာစက်ကြီးလည်နေလို့ ဒုက္ခတွေဖြစ်နေတာ သိပြီးသားပါ။ ဒုက္ခတွေဖြစ်နေတဲ့အကြောင်း သမုဒယသစ္စာကို သိပြီဆိုရင် ဒုက္ခတို့၏ ငြိမ်းခြင်းသဘော အဟုတ်ရှိ၊ တကယ်ရှိတယ်ဆိုတာကို ဘုရားရှင်က ညွှန်ပြတယ်။ ဘာနဲ့ဆင်ခြင်ကြည့်ရမှာလဲ ခုခေတ်လူတွေမှာဖြစ်နေတဲ့ ရောဂါဝေဒနာတွေ အမျိုးစုံရှိတဲ့ အထဲမှာ အလွန်ဆိုးတဲ့ ကင်ဆာရောဂါ၊ AIDS ရောဂါတွေ ဖြစ်လာရင် ပျောက်ကင်းအောင် ကုသဖို့ဆေးမရှိသေးပါ။ ဒီရောဂါတွေဖြစ်လာရင် မပျောက်နိုင်ပါ။
သံသာရဝဋ္ဋဒုက္ခကတော့ သူ့မှာ ပျောက်နိုင်၊ ချုပ်နိုင်၊ အဆုံးသတ်နိုင်တဲ့ သဘော အဟုတ်ရှိ၊ တကယ်ရှိတယ်လို့ ဘုရားရှင်က ပြောပါတယ်။ အဟုတ်ရှိ တကယ်ရှိ ချုပ်ခြင်း ငြိမ်းခြင်းသဘောသည်ပင်လျှင် နိရောဓသစ္စာ၏ အကြောင်းပါ။ နိရောဓသစ္စာမှာ သိသင့်သိထိုက်တဲ့ အချက် (၄) မျိုးက
နိဿရဏဋ္ဌ – ကျွတ်လွတ်ခြင်း အနက်သဘော
အသင်္ခတဋ္ဌ – ပြုပြင်ရမှု ကင်းခြင်းအနက်သဘော
အမတဋ္ဌ – သေခြင်းကင်းခြင်းအနက်သဘော
ပဝိဝေကဋ္ဌ – ကင်းဆိတ်ခြင်း အနက်သဘော
နိရောဓသစ္စာ၏ အင်္ဂါ (၄) ရပ်၊ အနက် (၄) မျိုး၊ အဓိပ္ပါယ် (၄) မျိုးနဲ့ သဘောပေါက်ရမယ်။
(၁) နိဿရဏဋ္ဌ ဆိုတာ ကျွတ်လွတ်ခြင်းသဘောဟာ ဘယ်အရာက ကျွတ်လွတ်တာလဲဆိုတော့ သံသရာဝဋ်ကပါ၊ သံသရာစက်လည်နေတဲ့ ဝဋ်က ကျွတ်လွတ်တဲ့ သဘော၊ ကိလေသာမီးများ ငြိမ်းခြင်း။
(၂) ပဝိဝေကဋ္ဌ ဆိုတာ ကင်းဆိတ်သွားတာ၊ တဏှာကိလေသာတွေ နှိပ်စက်မှု သဘာဝမှ ကင်းငြိမ်းသွားတာ၊ တဏှာတို့နှိပ်စက်ခြင်းမှာ ကင်းငြိမ်းသွားတဲ့ သဘော။
(၃) အသင်္ခတဋ္ဌ ဆိုတာ ပြုပြင်ရမှု ကင်းတယ်၊ သင်္ခတဆိုတဲ့ နယ်မှာခန္ဓာငါးပါး အမြဲတမ်း ဆက်လက်ရှင်သန်နေဖို့ ပြုပြင်နေရ၊ ထိန်းသိမ်းနေရ ရှင်ရေးကိစ္စကို အမြဲတမ်း လုပ်နေရတယ်။ ရှင်ရေးကိစ္စလုပ်နေရတာ သင်္ခါရပါ၊ သင်္ခါရရဲ့ ဒုက္ခ – ပြုပြင်စီရင်ပေးနေရတဲ့ သင်္ခါရဒုက္ခကနေပြီးတော့ ပြုပြင်ရမှုကင်းငြိမ်းသွားတာကို ခေါ်တယ်။
(၄) အမတဋ အမတဆိုတာ သေခြင်းကင်းတာ၊ ဖြစ်ခြင်းသဘော ချုပ်ငြိမ်းတော့ ပျက်ခြင်းသဘောလည်း မရှိချုပ်ငြိမ်းတယ်။ ဖြစ်ခြင်းဆိုတဲ့ သဘာဝမရှိခြင်းကြောင့် ပျက်ခြင်း သေခြင်းဆိုတဲ့ သဘောလည်း ကင်းဆိတ်သွားတယ်။ ဒါကို အမဋ္ဌခေါ်တယ်။
ဒါဟာ နိရောဓသစ္စာ၊ နိဗ္ဗာန်၏ အမှန်တရားကို အမှန်ကို အမှန်သိအောင် ဝေဖန်တာပါ။
နိရောဓသစ္စာဆိုတဲ့ ချုပ်ခြင်း ငြိမ်းခြင်း သဘောသည် အဟုတ်တကယ်ရှိတဲ့ သဘာဝပါ။ သံသရာဝဋ်ဆင်းရဲဆိုတာ ချုပ်နိုင် ငြိမ်းနိုင်တဲ့ သဘောတရား ရှိတယ်။ ဘုရားရှင်၏ ဒေသနာအရ သံသရာ၏သဘောတွေကို သေသေချာချာ နားလည် သဘောပေါက်ပြီး သံသရာဝဋ်ဆင်းရဲ အဟုတ်ရှိတယ်ဆိုတာ သိနေ၊ အဟုတ်ကြောက်ရွံ့တဲ့ ပုဂ္ဂိုလ်ဟာ ဒီသံသရာဝဋ်ဆင်းရဲက လွတ်ကင်းဖို့ ငြိမ်းဖို့သဘောရှိသလားလို့ ကြိုးစားရင် သံသရာဝဋ် ဒုက္ခတွေ ငြိမ်းကြောင်းသဘော အစစ်အမှန်ရှိတယ်လို့ ဘုရားရှင်က ပြောပါတယ်။ သံသရာဝဋ်မှာဖြစ်တဲ့ ဒုက္ခအသီးသီး ချုပ်ငြိမ်းတာကို နိရောဓသစ္စာခေါ်တာပါ။
မိမိကိုယ်တိုင် တွေ့ကြုံရသော သဘာဝမဟုတ်သေးသော်လည်း မိမိဉာဏ်နဲ့ ဆင်ခြင်ကြည့်ရင် နိရောဓသဘောကိုသိလာမှာပါ။ ကိုယ်တိုင်သိအောင် ကြိုးစားရင် ပထမအဆင့်ကိုယ်ပိုင်ဉာဏ်ကိုသုံး၍ အကြောင်းအကျိုးတွေကို ဟုတ်၏ မဟုတ်၏ဆိုတာ ဆင်ခြင်တဲ့သဘောဟာ အခုရရှိနေတဲ့ သုတမယပညာအခြေခံ၊ ကိုယ်ပိုင်စိန္တာမယပညာနဲ့ သေသေချာချာ နှလုံးသွင်းကြည့်ရမှာက တစ်ဆင့်ပါ။ နောက်တဆင့် တကယ်အဆင့်တက်လာတော့ နံပါတ် (၁) ၏ အကြောင်းအရာတွေ၊ ရုပ်ဓာတ်တို့၏ အကြောင်းအရာတွေ၊ သဘာဝတို့၏ အကြောင်းအရာတွေကို အဟုတ်တကယ် သိလာတဲ့အခါ လူ့လောကမှာ နေ့စဉ်မြင်တွေ့နေရသော ပြဿနာများကို ဖြေရှင်းတဲ့အခါ အသုံးဝင်တဲ့ဆင်ခြင်တုံးပညာ၊ တွေးတောခြင်း၊ ကြံစည်ခြင်း၊ အဖြေရှာခြင်းဆိုတဲ့ စရိုက်တွေနဲ့ ဒီနည်းပညာနဲ့တော့ နိရောဓသစ္စာကို မသိနိုင်ပါဘူး။ မိမိကိုယ်ပိုင်ဉာဏ်ကိုသုံး၍ သိတယ်ဆိုတာ အနုမာန နည်းခေါ်တယ်။ နိဗ္ဗာန်ဆိုတာ ဒီသဘောမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းယူတာ၊ ဒီသဘောနဲ့သာ သိတာပါ။ အဟုတ် ပိုင်ပိုင်နိုင်နိုင် ကိုယ်ပိုင်ရသည့်အဆင့်နဲ့ သိတာ မဂ်ပညာနဲ့မှ သိတာ၊ မဂ်ပညာနဲ့ သိရသော သဘာဝတရား၊ မဂ်ပညာနဲ့ သိပြီဆိုရင် ငြိမ်းချမ်းမူနှင့် သဘာဝတရား မိမိ၏နာမ်ဓာတ်နှင့် ပိုင်ပိုင်နိုင်နိုင် ထိတွေ့ပြီးတော့ သိတာပါ။ ဒီသိတဲ့ နည်းကတစ်ဆင့်ပါ။
အခုမိမိတို့ရထားတဲ့ သုတမယအပေါ်မှာ အခြေခံပြီး သစ္စာလေးပါးအကြောင်း သေသေချာချာသိအောင် ဆင်ခြင်လို့ သေသေချာချာ သဘောပေါက် နားလည်တယ်ဆိုတာ စိန္တာမယဉာဏ်၏ အကျိုးကြောင့်ဖြစ်ပေါ်မှု၊ ရှင်းလင်းမှုပါ။ ဒီရောဂါဖြစ်ရင် ဒီဆေးတွေကို ဒီလိုနည်းတွေနဲ့ ကုရမှာသိတဲ့ နည်းသာရှိသေးတယ်။ လက်တွေ့ကျတော့ သိထားတဲ့အတိုင်း ကျင့်ရမယ်၊ ဆေးစားရမယ်၊ ရောဂါမရှိဘူးဆိုတာ သိပြီ၊ အဲဒီသဘောကို နိဗ္ဗာန်ဆိုတဲ့ သဘောက ကိလေသာတို့ နှိပ်စက်နေတဲ့ ရောဂါတွေအားလုံး ကင်းဆိတ်သွားပြီ။ ဒီနိရောဓ သစ္စာကို သဘောပေါက်နားလည်ပြီဆိုရင် ဒုတိယတစ်ဆင့်တက်ဖို့က မဂ္ဂသစ္စာပါ။
သာဓု သာဓု သာဓု