ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဓမ္မအဓိပ္ပါယ်”

“ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဓမ္မအဓိပ္ပါယ်”

             ပဋိစ္စသမုပ္ပါဒဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပါယ်အရင်းကတော့ ပဋိစ္စ-အကြောင်းကို အစွဲပြု၍ သမုပ္ပါဒ-အကျိုးတရားများဖြစ်ပေါ်သည်။ ပညာတွေ သင်လာကြတဲ့ ပုဂ္ဂိုလ်တိုင်း ကျောင်းသင် ပညာထဲမှာ အကြောင်းနှင့် အကျိုးဆက်သွယ်တဲ့ ပညာတွေ သင်ခဲ့ကြတာချည်းပါပဲ။ ဗုဒ္ဓ ရှင်တော်ဘုရားရဲ့ ဒေသနာတော်မှာပါတဲ့ အကြောင်းအကျိုး ဆက်စပ်တဲ့ပညာကရော ဘာထူးသလဲ၊ ထူးတာကိုတော့ သေသေချာချာ နှလုံးသွင်းဆင်ခြင်မှပါ။ ဒေသနာမှာပါတဲ့ အကြောင်းကျိုး ဆက်စပ်သော နည်းပညာဆိုတာ အဟုတ်တကယ်ရှိနေသော သဘာဝများ၏ အကြောင်းနှင့်အကျိုးကို ဆက်သွယ်ပြတဲ့ နည်းပညာပါ။

             အဟုတ်တကယ်ရှိနေတာ မိမိမှာခန္ဓာကိုယ်ကြီး အဟုတ်တကယ်ရှိပါတယ်။ ပြီးတော့ မိမိမှာ စိတ်လည်းအဟုတ်တကယ်ရှိတယ်။ ခန္ဓာကိုယ်မှာ အကြောင်းအကျိုးဆက်သွယ်ပြီး ဖြစ်နေတယ် ဆိုတဲ့ သဘောနဲ့ စိတ်မှာရှိတဲ့ အကြောင်းအကျိုးတွေကို ဆက်သွယ်ပြီးလေ့လာကြည့်မယ်ဆိုတော့ ဒီပညာရပ်တွေက ကျယ်ဝန်းလာတယ်။ ဒီလိုကျယ်ဝန်းတဲ့ အကြောင်းအရာတွေအကုန်လုံး ကျွန်တော်တို့က မလိုက်နိုင်ပါ။ ကျွန်တော်တို့သိသမျှလေးနဲ့ပဲ မိမိခန္ဓာကိုယ်နဲ့ ပတ်သက်လို့ အကြောင်းအကျိုး ဆက်စပ်ပြီးဖြစ်နေတာ၊ ဖြစ်နေပျက်နေတာကို သိဖို့ပါ။ စိတ်နှင့်ပတ်သတ်ပြီး အကြောင်းအကျိုးဆက် ဖြစ်နေ ပျက်နေတာကို သိဖို့ပါ။ ရုပ်သဘာဝတို့၏ အကြောင်းအကျိုးဆက်ပုံ၊ နာမ်သဘာဝခေါ်တဲ့ စိတ်တို့၏ အကြောင်းအကျိုးဆက်ပုံ နှစ်မျိုးကိုတော့ သိလွယ်မြင်လွယ်တယ်။

             သို့သော် ရုပ်တရားနှင့်နာမ်တရား ၊ ကိုယ်နှင့်စိတ်အတူ ပူးတွဲအလုပ်များ လုပ်ကြတယ်ဆိုရင် အလုပ်တိုင်းက အလုပ်၏စွမ်းအားတွေ ထွက်လာပါတယ်။ ဒီသဘော ဒီပညာရပ်ကို ဒီဒေသနာကသာ သေသေချာချာတွက်ပြတာပါ။ အလုပ်လုပ်ရင် အလုပ်စွမ်းအား ထွက်တယ်။ ပါဠိစကားနဲ့ အလုပ်က ကမ္မ၊ စွမ်းအားက သတ္တိ၊ အလုပ်မှာစွမ်းအားရှိတယ်၊ ကမ္မမှာ သတ္တိရှိတယ်။ ဒီအလုပ်စွမ်းအား၊ ကံစွမ်းအားတွေကလည်း အကြောင်းအကျိုးဆက်စပ်နေတဲ့ သဘောရှိတယ်။ ဘယ်အထဲမှာရှိတာတုံး၊ အလုပ်၏ စွမ်းအားထဲမှာ၊   အလုပ်၏စွမ်းအားထဲမှာ ဘာပါတာတုန်း၊ အကြောင်းနဲ့အကျိုးပါပါတယ်။  စိတ်နဲ့ကိုယ်နဲ့တွဲပြီး အလုပ်လုပ်တယ်၊ အလုပ်က စွမ်းအားထွက်တယ်၊ ဒီစွမ်းအားတွေရဲ့ အကြောင်းနှင့် အကျိုး ဆက်သွယ်မှုပညာကိုလည်း ဒေသနာမှာပါတဲ့ ပဋိစ္စသမုပ္ပါဒ်ပညာက ရှင်းပြပါတယ်။

             အခုကျွန်တော်တို့ စကားပြောတော့ အသံတွေထွက်အောင်၊ စကားလုံးတွေဖြစ်အောင် စိတ်က ဦးဆောင်လို့ ဒီအသံတွေ၊ စကားလုံးတွေထွက်တယ်။ အခုဓမ္မမိတ်ဆွေတွေ ကြားပါတယ်။ ဒီမှာပြောသူ၏ စိတ်က အစပြုတာပါ။ စိတ်ကလှုံဆော်တိုက်တွန်းပေးလို့ စကားလုံးတွေ ထွက်လာတာ ပါ။ ဒီတော့စိတ်က အကြောင်းတရား၊ စကားလုံးတွေ ထွက်လာတာက အကျိုးတရားပါ။ သို့သော် အသံတွေကို အကြားဓာတ်၊ ကြားခြင်းနဲ့ ဆက်သွယ်တဲ့နေရာကျတော့ စကားလုံးက အကြောင်းတရား၊ ကြားခြင်းက အကျိုးတရားပါ။ ပြောတုန်းက အကျိုးက နောက် ကြားခြင်းမှာ အကြောင်း ဖြစ်သွားတယ်။ အကြောင်းဖြစ်သွားလို့ သူကအထောက်အပံ့ပေးတော့ ကြားခြင်း ဖြစ်ပါတယ်။ ဒီလိုဆက်သွယ်တဲ့ သဘောတွေကို ဒီပညာကပြောတာပါ။

            ကျွန်တော်တို့ ထပ်ပြီးသေသေချာချာ နှလုံးသွင်းဆင်ခြင်ရမည့် အချက်က စကားတွေကို ကြားတယ်ဆိုတဲ့ သဘောထဲမှာ သေသေချာချာ စဉ်းစားရမည့်အချက်ပါလာတယ်။ ဒီစကားလုံးတွေ ထုတ်လုပ်တာကိုက အလုပ်ပါ။ ဒီအလုပ်ကို “ကမ္မ”၊ အသံထွက်အောင် စကားလုံးဖြစ်အောင် လုပ်တာကို “ဝစီကမ္မ”၊ ဒီဝစီကမ္မမှာ အစွမ်းရှိတယ်။ ဒီအစွမ်းက ပထမအဆင့် ကြားအောင် လုပ်ပေးတယ်။ ကြားတဲ့စကားလုံးတွေ၏ အဓိပ္ပါယ်ကိုလည်း နားလည်တယ်။ ဒီလို အဓိပ္ပါယ်တွေ နားလည်ခြင်း၊ သဘောပေါက်ခြင်းက စကားလုံးတွေက ပေးတဲ့အကျိုးပါ။ ဒီတော့ ထွက်ပေါ်လာတဲ့ စကားတွေက အကြောင်းတရား၊ အဓိပ္ပါယ်နားလည်တယ်ဆိုတဲ့သဘောဟာ အကျိုးတရား ဖြစ်ပါတယ်။ အကျိုးတရားကို ပါဠိလို “ဝိပါက”ခေါ်တယ်၊ ပြောနေတဲ့ စကားတွေကို “ဝစီကမ္မ” ခေါ်တယ်။ ဒီမှာ “ကမ္မနဲ့ဝိပါက” ဆက်သွယ်ပါတယ်။ အစွမ်းက ဆက်သွယ်ပေးတာ၊ ဝစီကမ္မ၏ စွမ်းအားက ဆက်သွယ်‌ပေးတာပါ။ အခုပြောတုန်းပြောဆဲမှာပဲ ပြောသမျှနားလည်တာတွေက အကျိုးတရား (ဝိပါက)၊ ပြောနေတာတွေက အကြောင်းတရား (ကမ္မ)ပါ။ ဒီနှစ်ခုကြားမှာ ဆက်သွယ်နေတာကို ကံစွမ်းအား (ကမ္မသတ္တိ) ၊ ဒီကမ္မသတ္တိက အဟုတ်တကယ်ရှိလို့ အဟုတ် အကျိုးပြုတယ်။ အခုပြောတာကြားတော့ အခုအကျိုးရှိတာပါ။ ဒီမှာအရေးကြီးတဲ့ အချက်က စိတ်က ဦးစီးတာပါ။ ဦးစီးတဲ့စိတ်ထဲမှာ သိစေလို၊ နားလည်စေလိုတဲ့ “စေတနာ”ပါတယ်။ ဒီစေတနာကြောင့် ဖြစ်ပေါ်လာသော ကံစွမ်းအားကြောင့် အဓိပ္ပါယ်တွေကို နားလည်တယ်။ ဒါဟာ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေသော အလုပ်နှင့် အလုပ်၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နားလည်သဘောပေါက်မှု အကျိုးတရားဖြစ်ပါတယ်။

အခုအသံတွေ တိတ်သွားပြီးရင်  ပျောက်ကွယ်သွားပြီလို့     မှတ်ယူထားသော်လည်းသိစေလို၊ နားလည်စေလိုသော စိတ်၏စွမ်းအားစေတနာဟာ ကံစွမ်းအားခေါ်တဲ့ စေတနာရဲ့ သတ္တိက ကျန်ရစ်နေခဲ့ ပါတယ်။ ဒီကျန်ရစ်နေခဲ့တဲ့ ကံစွမ်းအားသတ္တိတွေဟာ ဘယ်မှမသွားဘဲ ပြောသော ပုဂ္ဂိုလ်၏ ခန္ဓာ(၅)ပါးမှာ ဝန်းရံပြီးနေတယ်။ ဒီအချက်အလွန်အရေးကြီးလို့ ဒီဒေသနာက သေသေ ချာချာ ရှင်းပြထားပါတယ်။ ကံ၏စွမ်းအား၊ ကမ္မသတ္တိများသည် ထိုကံကို ပြုလုပ်သူဖြစ်သော ခန္ဓာ(၅)ပါးမှာ အမြဲတမ်းဝန်းရံနေတယ်ဆိုတဲ့ သဘောကို နားလည်မှ ကံ၏သဘောကို နားလည်မယ်၊ ဒီသဘာဝကို သိမှကံ၊ ကံ၏အကျိုးဆိုတာကို ဉာဏ်က ရောက်အောင်စဉ်းစားနိုင်မယ်။ ဒီလို စဉ်းစားနိုင်မှ ဘုရားရှင်ပြောသောသဘာဝကို ပို၍တိတိကျကျ သိလာမယ်။

             ဘုရားရှင်ဟောကြားတော်မူသော ဒေသနာမှာပါသည့် သဘာဝတရားများ၏ အနက်အဓိပ္ပါယ် များကို သိစေလို နားလည်စေလိုသော စေတနာက ကောင်းသောအလုပ် “ကုသလကမ္မ” ကို လုပ်ပါတယ်။ ဒီကုသလကမ္မရဲ့ စွမ်းအားများဟာ ပြောနေတုန်းအချိန်လေးမှာ နားလည်သဘောပေါက်နေတာက “ပစ္စုပ္ပန်အကျိုး”ပါ။ ဒီကမ္မသတ္တိတွေက ခန္ဓာ(၅)ပါးခေါ်တဲ့ ဒီရုပ်နာမ်မှာ ဝန်းရံနေပြီး နောင်အနာဂတ်မှာ ဒီသတ္တိစွမ်းအားတွေ ပြည့်လာရင် ထပ်ပြီး တူသောအကျိုးကို ပေးမယ်။ ပစ္စုပ္ပန်မှာ လည်း အကျိုးပြုတယ်။

             အခုပြောတဲ့ သဘာဝတရားများကို စေတနာနဲ့ ယှဉ်ပြီး “သဒ္ဓါ” ဆိုတဲ့ သိစေလိုတဲ့ စေတနာ ပါတယ်။ ရှင်းလင်းပြောပြနေတဲ့ “ပညာ”ပါတယ်။ ဒီသဒ္ဓါ၊ ပညာနဲ့ တွဲပြီး စေတနာနဲ့ အလုပ်လုပ်တာ ကောင်းသောအလုပ် ကုသလ ကမ္မတွေပါ။ အလုပ်လုပ်တိုင်း ကုသလကမ္မက စွမ်းအားထွက်လာတော့ ကုသလကမ္မသတ္တိ ဖြစ်ပါတယ်။ ဒီကုသလကမ္မသတ္တိကိုပဲ ကုသိုလ်ကောင်းမှု ခေါ်တာပါ။ ဒီကုသိုလ်ကောင်းမှု ကုသလကမ္မသတ္တိတွေက ပြုသောပုဂ္ဂိုလ်၏ ခန္ဓာ(၅)ပါးမှာ တည်နေပြီးတော့ တဖြည်းဖြည်း သူ့စွမ်းအားတွေပြည့်လာရင် အကျိုးပေးတယ်ဆိုတာကို အထင်ရှားဆုံး ဥပမာနဲ့ ရှင်းပြပါမယ်။

             ဘုရားလောင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားဖြစ်ဖို့အတွက် ဘာလုပ်တာတုံး၊ စေတနာ၊ သဒ္ဓါ ၊ပညာနဲ့ အလုပ်တွေလုပ်တာပါ။ ဒီအလုပ်ကြောင့် ထွက်ပေါ်လာတဲ့ ကံစွမ်းအားတွေက အလကား ပျောက်မသွားဘဲ လုပ်တိုင်းလုပ်တိုင်း စုပေါင်းပြီး ခန္ဓာ(၅)ပါး မှာ ဝန်းရံတည်နေတယ်။ အချိန်တန်လို့ ခန္ဓာ(၅)ပါး ပျက်သွားတယ်၊ ရုပ်နာမ်ပျက်သွားတယ်၊ ရပ်သွားတယ်၊ ခန္ဓာစက်ရပ်သွားတယ်ဆိုတော့ ကျန်နေတဲ့ ကုသလကမ္မသတ္တိတွေက နောက်ထပ်ခန္ဓာ(၅)ပါး တစ်ခု ထပ်တည်ပေးတာပါ။ ကုသလကမ္မသတ္တိက ခန္ဓာ(၅)ပါးကို ထပ်တည်ပေးပြန်တော့ သူနောက်ဘဝရောက်တော့လည်း ကောင်းသောအလုပ်တွေ လုပ်ပါတယ်။ ဒီလိုဘဝပေါင်းများစွာ လုပ်ခဲ့တော့ ကံစွမ်းအားတွေက အခြားပုဂ္ဂိုလ်နှင့်မတူဘဲ ထူးသောကံစွမ်းအားတွေ ဖြစ်လာတယ်။ ဒီကံစွမ်းအားတွေ မရေမတွက် နိုင်အောင် များလို့ “ကံတော်အနန္တ” လို့ ခေါ်နေတာပါ။ အမှန်တော့ ကမ္မသတ္တိတွေကို ခေါ်နေတာပါ။ စုဝေးနေတဲ့ ကမ္မသတ္တိတွေက ပျောက်ပျက်မသွားပါ။

             ပျောက်ပျက်သွားတာက ခန္ဓာ(၅)ပါး ပျက်သွားတာ၊ နောက်ထပ်ခန္ဓာ(၅)ပါး အသစ်ပေါ်လာ အောင် ကမ္မသတ္တိက တည်ပေးပါတယ်။ ဒီသဘောတွေဟာ အကြောင်းနဲ့ အကျိုးဆက်စပ်နေတဲ့ ပညာပါ။ ဒီအကြောင်းအကျိုးမျိုး ဆက်တတ်အောင်ဆိုတာ အခြားပညာမှာ ရှာလို့မတွေ့ပါ။ ဒီဒေသနာမှာသာ ကုသလကမ္မစွမ်းအား ရှိသလို အကုသလကမ္မစွမ်းအားလည်း ရှိပါတယ်လို့ ပြောပါတယ်။ ဒီကံစွမ်းအားက ခန္ဓာ(၅)ပါးတည်ပေးတော့ ကံစွမ်းအားသည် အကြောင်းတရား၊ ခန္ဓာ(၅)ပါး သည်အကျိုးတရားဖြစ်ပါသည်။

             ဒီကမ္မခေါ်တဲ့ အလုပ်တွေဟာ စိတ်နဲ့လုပ်တဲ့ မနောကမ္မ၊ နှုတ်နဲ့ ပြောတဲ့ ဝစီကမ္မ၊ ကိုယ်နဲ့လုပ်တဲ့ ကာယကမ္မ၊ ဒီကမ္မတွေလုပ်တိုင်း စေတနာဦးဆောင်တယ်။ စေတနာထဲမှာ သဒ္ဓါနဲ့ ပညာပါရင် ကုသလကမ္မ၊ စေတနာနဲ့ ဒေါသ တွဲအလုပ်လုပ်ရင် အကုသလကမ္မဖြစ်ပါတယ်။ ဒီကုသလကမ္မ၊ အကုသလကမ္မတွေသည် ပြီးရင် ပျောက်မသွားပါ။ အမြဲတမ်း အကျိုးမပေးမရချင်း စုဝေးနေတယ်။ အခြားဒေသနာများမှာ ကံစွမ်းအားအကြောင်း ဖော်ပြထားတာ မရှိပါ။ ဒီဒေသနာကတာ ရှင်းပြနိုင်တာပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်၏ သိမ်မွေ့တယ်၊ နက်နဲတယ်ဆိုတာ အကြောင်းအကျိုးဆက်ပြတာခြင်း တူတူပဲဆိုပေမယ့် ရုပ်၏စွမ်းအား ဘယ်လိုအကြောင်းအကျိုး ဆက်စပ်တယ်၊ နာမ်၏စွမ်းအား ဘယ်လိုအကြောင်း အကျိုးဆက်စပ်တယ်၊ ကံ၏စွမ်းအား ဘယ်လိုအကြောင်းအကျိုး ဆက်စပ်တယ်ဆိုတာကို ပြောတာပါ။

             အခုပြောနေတဲ့ ခန္ဓာ(၅)ပါးဟာ အကျိုးဝိပါက၊ ကမ္မသတ္တိဆိုတာ အကြောင်း၊ ကံစွမ်းအားက အကြောင်း ၊ ခန္ဓာကိုယ်ဖြစ်လာတာက အကျိုးပါ။ မိမိခန္ဓာကိုယ် ဒီကိုယ်နဲ့ ဒီစိတ် ရထားတော့ ဒီကံတွေ ဘယ်လိုလုပ်တာတုံးလို့ ပညာတွေမသင်ထားလို့ မသိပါ။

             မိမိတို့ ဘဝအဟုတ်တကယ်စခဲ့တဲ့ အချိန်၊  ဒါဟာ အမိဝမ်းတိုက်မှာ ပဋိသန္ဓေတည်တဲ့ အချိန်ကလေးမှာ ရုပ်ခန္ဓာကိုယ်ဖြစ်မဲ့ ဗီဇ၊ နာမ်ခန္ဓာဖြစ်မည့် ဗီဇ၊ ဒီဗီဇလေး(၂)ခုကို ကံစွမ်းအားက အဟုတ်တည်ပေးလိုက်တာပါ။ ဒီရုပ်ဗီဇနဲ့ နာမ်ဗီဇမှာ ရုပ်ဗီဇက တဖြည်းဖြည်း ကြီးလာတော့ ဒီခန္ဓာကိုယ်ကြီးဖြစ်တယ်။ နာမ်ဗီဇက ကြီးလာတော့ အခုသိနေတဲ့ စိတ်တွေဖြစ်တယ်။ ရုပ်ဗီဇလေးတည်ပုံမှာ အမိမျိုးဥနဲ့ အဖမျိုးဥတို့အထဲက ဗီဇဓာတ်ကလေးတွေ ပူးပေါင်းကြတဲ့ အချိန်မှာ အမိမျိုးဥဘက်က ဗီဇဓာတ်(၂၃)ခု၊ အဖဘက်က ဗီဇဓာတ် (၂၃)ခုတို့ ဓာတ်ကလေးတွေ ဆက်တဲ့ အချိန်ကို ပဋိသန္ဓေတည်နေသော အချိန်ခေါ်တယ်။ ဒီပဋိသန္ဓေတည်နေတဲ့ အချိန်လေးမှာ နာမ်ဗီဇ၊ ပြီးတော့ ရုပ်ဗီဇ။ ရုပ်ဗီဇအစလေးဟာ အပ်ဖျားလောက်တောင် မရှိပါ။  ဒီ Ovum လေးရဲ့ အရွယ်အစားဟာ အလွန်သေးတယ်။ ပဋိသန္ဓေတည်တဲ့ အချိန်မှာ ရုပ်ဗီဇလေးက တစ်ခုတည်း။ အခု အရွယ်ရောက်လာတော့ ကလာပ်စည်း အရေအတွက်က ကုဋေတစ်သိန်းကျော်ပါ။ ကလာပ်စည်းတွေ ဒီလောက်များလာအောင် ဗီဇလေးကို တည်ပေးလိုက်တာက ကံစွမ်းအားပါ။ လူဆိုတဲ့ ဘဝကို တည်ပေးလိုက်တဲ့ စွမ်းအားက ကုသလကမ္မစွမ်းအားပါ။ လွန်ခဲ့သော ဘဝတွေက ပြုလုပ်ခဲ့သော ကံစွမ်းအားက ထောက်ပံ့ပြီး ကြီးပွားအောင်လုပ်ပေးတာပါ။ ကလာပ်စည်း ကုဋေတစ်သိန်းကျော် အလုပ်လုပ်ချင်သလို ရမ်းသမ်းလုပ်နေတာ မဟုတ်ပါ။ သူ့မှာ စနစ်နဲ့ ပါ။ ဒီစနစ်မှန်ကန်ကောင်းမွန်လို့ မိမိခန္ဓာကိုယ်က အချိုးကျနေတာ၊ ကလာပ်စည်းတွေရဲ့ လုပ်ပုံမှန်ကန်ကောင်းမွန်လို့ အချိုးကျတဲ့ ခန္ဓာကိုယ် ဖြစ်တယ်။ ဒီကလာပ်စည်းတွေ သူတို့ အလုပ်သူတို့ လုပ်နိုင်အောင် ပဋိသန္ဓေတည်တုန်းက တင် ကုသလကမ္မစွမ်းအားက လုပ်ပေးတာမဟုတ်ပါ၊ ဒီခန္ဓာကိုယ် အလုပ်မှန်မှန်လုပ်နိုင်အောင် ကုသလကမ္မစွမ်းအားက ဆက်၍ဆက်၍ ထောက်ပံ့ပေးသည်။

             အရိုးဆိုလည်း အရိုးကလာပ်စည်းနဲ့ ၊ အသားဆိုလည်း အသားကလာပ်စည်းနဲ့၊ သွေးဆိုလည်း သွေးကလာပ်စည်းနဲ့ ဒါတွေသူ့ဟာနဲ့ သူ အချိုးကျကျစနစ်နဲ့ လုပ်တယ်။ ဒါတွေလုပ်နေမှန်း မိမိ မသိပေမဲ့ အတွင်းမှာရှိနေတဲ့ သဘာဝရုပ်တရားတွေက သေသေချာချာ စည်းကမ်းနဲ့ စနစ်နဲ့ လုပ်ပေးနေလို့ အရိုးစုကြီးကလည်း ကောင်းမွန်တယ်။ အသားတွေကလည်း သူ့အချိူးနဲ့သူ ကောင်းမွန်တယ်။ လူ့ခန္ဓာကိုယ်မှာရှိသော အရိုးစု‌ပေါင်း (၂၀၆)ခုသော အရိုးတွေ တစ်ခုစီထဲမှာ ကလာပ်စည်းလေးတွေပါတယ်။ အရိုးပေါ်ဖုံးထားတဲ့ ကြွက်သားတွေ (၆၀၀)ကျော်ရှိတယ်။ ဒီကြွက်သားတွေကလည်း သူ့စနစ်နဲ့သူ၊ အရိုးကလည်းသူ့စနစ်နဲ့သူ မှန်ကန်မှကောင်းတာပါ။ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးတွေက ငါးလီတာရှိတယ်။ ဒီအထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးခဲဥ လည်းပါတယ်။ သူတို့လည်း စနစ်တကျ အလုပ်လုပ်နေတယ်။ ဒီလို စနစ်တကျ အလုပ် လုပ်နိုင်အောင် ကုသလကံစွမ်းအား က အမြဲတမ်းထောက်ပံ့နေတာပါ။ ဒီအထောက်အပံ့ မရရင် ခန္ဓာကိုယ်ဟာ ကောင်းမွန်စွာ မရပ်တည်နိုင်ပါ။

             ကလာပ်စည်းတွေ တည်ဆောက်ပေးနေတဲ့အချိန်မှာ အရိုးဖြစ်ဖို့ဆိုရင် စားလိုက်တဲ့ အစာ အာဟာရထဲက ကယ်ဆီယမ်၊ ဖေါ့စဖိတ်တို့ကို ထုတ်ယူပြီး အရိုးကလာပ်စည်းဖြစ်အောင် တည်တယ်။ အရိုးကလာပ်စည်းလေးက အရိုးစုထဲက သူ့ကို တာဝန်ချသောနေရာမှာ သွားပြီး အလုပ်လုပ်ရတယ်။ ကလာပ်စည်းတစ်ခုစီတိုင်းဟာ တာဝန်ချသောနေရာမှလွဲ၍ တခြားနေရာ မသွားရပါ။ ထုတ်လုပ်တဲ့ အခါမှာလည်း လိုအပ်တဲ့ အရေအတွက်အတိုင်းသာ ထုတ်လုပ်ပေးရတယ်၊ အပိုအလို မရှိရပါ။ ဒီလိုမှန်ကန်အောင် လုပ်ပေးနေတာဟာ ကုသလကမ္မစွမ်းအားပါ။ ဒီသဘောတွေကို မိမိတို့က ဉာဏ်နဲ့စဉ်းစားဖို့တော့ မလွယ်ပါ။ သို့သော် ဒေသနာပါ အကြောင်းအရာများက ရှင်းပြတဲ့ အခါ မိမိတို့ ဉာဏ်ကိုသုံးနိုင်လာမယ်။ ဉာဏ်သုံးနိုင်လာတဲ့အခါ အရာရာမှာ အကြောင်းနဲ့ အကျိုး ဆက်သွယ်နေ တာပါ။  လုပ်သမျှအလုပ်တို့သည် အကြောင်းတရားဖြစ်သော ကမ္မတွေ၊ ဒီကမ္မတွေက ကမ္မသတ္တိ ထွက်တယ်၊ ဒီကမ္မသတ္တိတွေက အကျိုးဝိပါကတွေဖြစ်အောင် လုပ်တယ်။ ကံတရားကို လုပ်တဲ့ အချိန်မှာ ကောင်းသောကံဖြစ်ရင် ကောင်းသောအကျိုးတရား ကုသလဝိပါက ဖြစ်တယ်။ ဒီအကြောင်း အကျိုးဆက်တဲ့ ပညာဟာ ပဋိစ္စသမုပ္ပါဒ ပညာပါ။

             နေ့စဉ်နှင့်အမျှ ဘဝခရီးကို ‌လျှောက်ရာတွင် မိမိ၏ စိတ်နဲ့ ကိုယ်တွဲပြီး အလုပ်ပေါင်းများစွာ လုပ်နေတာမှာ ဒေါသနဲ့ စေတနာတွဲပြီး အလုပ်လုပ်တဲ့အခါ ဒေါသက ပထမစိတ်ထဲမှာ ဖြစ်တာ၊ စိတ်ထဲမှာဖြစ်နေတဲ့ ‌ဒေါသသည် မနောကမ္မ၊ အကုသလ ကမ္မပါ၊ တဆင့်တက်လာရင် အရှိန်ပြင်းလာတော့ ဝစီကမ္မ၊ ဒီထက်အရှိန်ပိုပြင်းလာရင် ကာယကမ္မပါ။ ‌ဒေါသဖြစ်နေသော ပုဂ္ဂိုလ်၏ အသွင်သဏ္ဌာန်မှာ အထူးသဖြင့် မျက်နှာမှာ ထင်ရှားလာတယ်။ ‌ဒေါသရဲ့ စွမ်းအားဟာ အပြင်အပက မြင်ရတာပါ။ ပြင်ပက မမြင်ရဘဲ အတွင်းမှာ ဒေါသကလုပ်တဲ့ အလုပ်တွေလည်း ရှိတယ်။ ဒေါသဖြစ်တာနဲ့ တစ်ပြိုက်နက် နှလုံးဟာ တစ်မိနစ်ကို အကြိမ်(၇၀)ခုန်နေတာက အကြိမ်(၈၀)မှ (၁၀၀)ထိ ‌အောင် နှလုံးခုန်တာမြန်လာပါတယ်။ ဒါတင်မက ‌ဒေါသအရှိန်ကြောင့် သွေးပေါင်ချိန်လည်း တက်လာတယ်။ ဒါဟာဒေါသက အတွင်းရှိခန္ဓာကို ချုပ်ကိုင်နှိပ်စက်လိုက်တာပါ။ ဒီသဘောဟာ အမှန်တရားပါ။ ဒီမှာ ‌ဒေါသက အကြောင်းတရား သွေးပေါင်ချိန်တိုးတာက အကျိုးတရားပါ။ ဒီလို အကြောင်းအကျိုးဆက်တဲ့ သဘောအဟုတ်ရှိတာမှာ တစ်ဆင့် တက်ကြည့်ပါ၊ ‌ဒေါသဖြစ်ပြီး ပျောက်သွားတာရှိသလို ထပ်ခါထပ်ခါ မကြာခဏ ဒေါသ ဖြစ်နေတာလည်းရှိတယ်။ ဒေါသစရိုက် ကြီးတဲ့သူ ခဏခဏ ဒေါသဖြစ်ရင် ဒေါသအလျောက် တိုက်ခိုက်မယ်၊ ထိုးကြိတ်မယ်ဆိုရင် ခန္ဓာကိုယ်မှာအဆင်သင့်ဖြစ်ဖို့ နှလုံးက သွေးတွေမြန်မြန် ပို့ပေးတယ်။ သွေးပေါင်ချိန်တွေ တက်ပေးတယ်။ ဒီလိုတစ်ခါဖြစ်ပြီး ဒေါသက ငြိမ်သွားတော့ သူ့ဟာလေးနဲ့သူ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်၊ သွေးပေါင်ချိန်ပုံမှန် ပြန်ဖြစ်ပါတယ်။

             သို့သော်လည်း ဒေါသခဏခဏ အကြိမ်များစွာ ဖြစ်လာသောအခါ ခန္ဓာကိုယ်က အလိုက်သိစွာတိုးနေတဲ့ သွေးပေါင်ချိန်ကို ပြန်မချတော့ပါ။ ဘာဖြစ်လို့တုံး၊ အဆင်သင့်ဖြစ်အောင် ဒေါသခဏခဏ ဖြစ်တဲ့စိတ်၏ အလိုသို့ လိုက်လျောအောင် ချက်ချင်းတိုက်နိုင်၊ ခိုက်နိုင်အောင် သွေးတိုးနှုန်း၊ သွေးပေါင်ချိန်ကို တင်ထားတာပါ။ ဒီလို ပြန်မကျတော့ သွေးတိုးရောဂါ ဖြစ်တယ်။ ဒီမှာဒေါသသည်အကြောင်းတရား၊ သွေးတိုးရောဂါသည် အကျိုးတရားပါ။ ဒီသဘာဝတွေ အဟုတ် တကယ်ရှိပါတယ်။ ဒီအကြောင်းအရာတွေကို ဆက်ပြတဲ့ ပညာကို ပဋိစ္စသမုပ္ပါဒ ပညာခေါ်ပါတယ်။ ဒီလို သွေးတိုးရောဂါဖြစ်တာဟာ ပစ္စုပ္ပန်မှာ ရသောအကျိုးပါ။ ဒီကဖြစ်တဲ့ အကုသလမနောကမ္မရဲ့ သတ္တိစွမ်းအားတွေက ဒီခန္ဓာ(၅)ပါးမှာပဲ ဝန်းရံရစ်ပတ်နေပြီး နောင်တချိန် အကျိုးပေးခွင့် ကြုံရင် မကောင်းကျိုးတွေပဲ ထပ်ပြီးထုတ်ပေးမှာ ၊ ဒါဟာသဘာဝပါ။

             ဒေါသကြီးတဲ့ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ခန္ဓာ(၅)ပါး ပျက်သွားပြီး သေသွားပြီဆိုရင် ရှိနေတဲ့ ကံစွမ်းအားက နောက် ပဋိသန္ဓေတည်တဲ့ အခါ ဘယ်ခန္ဓာမျိုး ကို တည်ပေးမှာတုံး ဒေါသများများ ထွက်ရမည့် သတ္တဝါမျိုးဖြစ်အောင် တည်ပေးလိုက်တာ၊ ဒေါသစရိုက်က တည်ပေးပါတယ်။ အဲဒီတော့ ကုသလဘဝခေါ်တဲ့ လူ့ဘဝမျိုးကို တည်မပေးဘဲ ဒေါသနဲ့ အလုပ်လုပ်တဲ့ ခြင်္သေ့၊ ကျားတို့လို ဘဝမျိုးထိအောင် ပို့ပေးလိုက်တယ်။ ဒီလိုအကြောင်းအကျိုးဆက်တဲ့ နည်းပညာမျိုးကို သိလာ သောအခါ ‌‌‌ဒေါသဆိုတာ ပစ္စုပ္ပန်မှာလည်း နှိပ်စက်တယ်။ အနာဂတ်ဘဝတွေမှာလည်း နှိပ်စက်တယ်။ ဒီသဘောတွေသိဖို့ ပါ။

             ကျွန်တော်တို့ သိဖို့အချက်က စိတ်မှာ‌‌ဒေါသတွေ ဘယ်လိုထွက်အောင် လှုံ့ဆော်ပေးသလဲဆို တာ  … ပြောတဲ့ အသံကြားတာနဲ့ စကားအပေါ်မှာ မှီပြီးတော့ “ငါ့ကို ဒီလိုပြောရသလား”၊ ဒါနှင့်တစ် ပြိုင်နက် ဒေါသထွက်လာတယ်။ ဒီမှာ အရေးကြီးတဲ့စကားက ‘ငါ’၊ ငါဆိုတာက “အစွဲ”၊ဒီငါဆိုတဲ့ အစွဲ ကြီးရင် ဒေါသကြီးတယ်။ ငါအစွဲနည်းရင် ဒေါသနည်းတယ်။ ‌ဒေါသနဲ့ ငါအစွဲနဲ့ တွဲပါတယ်။ ငါအစွဲက ဘယ်အပေါ်မှာ စွဲတာတုန်း၊ ဒီခန္ဓာကိုယ်ကြီးကို ငါ့ကိုယ်၊ ငါ့ခန္ဓာလို့ စွဲနေတာပါ။ ဒီလိုစွဲတာဟာ ဒီခန္ဓာကိုယ် တကယ် အလုပ်လုပ်နေရတဲ့ တကယ့် အဖြစ်မှန်ကို ပညာဉာဏ်နဲ့ မဆင်ခြင်လို့ပါ။  ခန္ဓာကိုယ်ကြီး ဘာတွေလုပ်နေရတယ်ဆိုတာ သိအောင်၊ ဒီခန္ဓာကိုယ်ကြီး ရှင်အောင် ရင်ဘတ်ထဲက နှလုံးလေးက တစ်မိနစ်မှာ အကြိမ်(၇၀)၊ (၂၄)နာရီမှာ အကြိမ်တစ်သိန်းနဲ့ ရှစ်ရာ ခုန်နေလို့ ရှင်နေတာပါ။ နှလုံးလေးတစ်ချက် ညှစ်လိုက်ရင် သွေး(၂)အောင်စခွဲ ထွက်ထွက်သွားတာ၊ ဒီထွက်သွားတဲ့ သွေးတွေကို ခံထားရင် (၂၄)နာရီမှာ ဂါလန်(၂၀၀၀)ရှိတယ်။ ပဋိသန္ဓေ တည်လို့ (၃)လကြာကတည်းက ဒီနှလုံးလေး ညှစ်ပေးနေခဲ့ ရတာ ယနေ့ထိရပ်တယ်၊ နားတယ်လို့ မရှိပါ။ ဒီလောက်အလုပ်လုပ်နေတဲ့ နှလုံးအကြောင်းကို ဘယ်တုန်းကမှ မစဉ်းစား၊ မဆင်ခြင်မိပါ။ ဒီနှလုံးလေး စဉ်ဆက်မပြတ် ဒီလိုလုပ်‌နေလို့တာ ရှင်တာပါလားလို့လည်း မတွေးမိပါဘူး။ မတွေးမိတော့ ငါပဲ၊ ငါလုပ်နေတာလို့ ထင်တာပါ။ ဒီနှလုံးလေးက အဟုတ်အလုပ်လုပ်နေလို့ ရှင်တာဆိုတဲ့ သဘောကို ဉာဏ်ရောက်ရင် သွေးဟာ အခုလို အသက်(၅၀) (၆၀) ‌ရောက်လာတဲ့ အခါ နှလုံးက ဂါလံ သန်းပေါင်း (၅၀)ကျော်တွန်းထုတ်ခဲ့ရပြီ။ ဒီစက်ဟာ လူလုပ်တဲ့ စက်ထက် အဆပေါင်း များစွာကောင်းတာ၊ ခိုင်တာဟာ ဘယ်သူက အားပေးနေလို့တုန်း၊ ကုသလကံစွမ်းအားကြောင့် ဒီနှလုံးက ဒီလောက်ထိ အလုပ်လုပ်တာ ၊ ဒီသဘော ဒီသဘာဝတွေကို အကြောင်းနဲ့ အကျိုးဆက်စပ် စဉ်းစားတတ်ရင် မိမိ၏ ဘဝနှင့် ခန္ဓာကိုယ်၏ အဖြစ်မှန်ကို သိလာတယ်။

             ဒီသဘာဝတွေ မသိလို့ ငါအစွဲကြီးနေတာ၊ ဒီပညာမျိုး ရလာတော့ ငါ-ငါ နဲ့ စွဲတဲ့ အစွဲလည်း အားနည်းလာမယ်။ ဒီခန္ဓာကိုယ်မှာ နှလုံးလေး မှီပြီးလုပ်နေရတဲ့ ဘဝလို့ သိလာရင် ငါအစွဲလျော့မယ်။ ဒီလိုလျော့တော့ ငါအစွဲကြောင့်ဖြစ်တဲ့ ဒေါသလျော့မယ်၊ အကုသိုလ်လည်းလျော့မယ်။ မသိမှု နားမလည်မှုကြောင့် ငါအစွဲကြီးတယ်။ ငါအစွဲကြီး ဒေါသကြီးတော့ ခန္ဓာကိုယ်လည်း ဒုက္ခ ရောက်တယ်၊ စိတ်လည်း ဒုက္ခရောက်တယ်။ ပစ္စုပ္ပန်မှာလည်း မကောင်းကျိုးပေးတယ်၊ အနာဂတ်မှာ လည်း မကောင်းကျိုးပေးပါတယ်။ ဒါတွေဟာ အလွန်ကျယ်ဝန်းတဲ့ ဓမ္မဒေသနာထဲမှာပါသော ကြောင်းကျိုးဆက် ပညာပါ။

             သဘာဝတရားမှာ အလုပ်ဆိုသော ကမ္မရှိတယ်၊ ကမ္မမှာ သတ္တိရှိတယ်၊ ကမ္မသတ္တိတွေက ထိန်းချုပ်နေတယ်၊ ကုသလကမ္မက ကောင်းကျိုး၊ အကုသလ ကမ္မက မကောင်းကျိုးပေးတယ်။ ဒါတွေ ဘယ်သူ လုပ်နေတာတုံးဆိုတော့ မိမိရဲ့ ခန္ဓာ(၅)ပါး၊ ရုပ်နာမ်(၂)ပါး၊ မိမိရဲ့ စိတ်နဲ့ ကိုယ်က လုပ်နေတာပါ။ ဒီလောက်သဘာဝတရားများကို စဉ်းစားတတ်ဆင်ခြင်တတ်လာပြီဆိုရင် ဗုဒ္ဓဘာသာ ဖြစ်ရကျိုး နပ်ပါတယ်။ အကုသိုလ်နဲ့ ကုသိုလ်ကို သိတယ်၊ အကုသိုလ်ဖြစ်ကြောင်းကိုလည်းသိတယ်၊ ကုသိုလ်ဖြစ်ကြောင်းကို လည်းသိတယ်။ ဒီလိုသိပြီး ဘဝခရီးကို သက်သက်သာသာ လျှောက်နိုင်မယ်၊ ကုသိုလ်တရားလည်း ပွားမယ်၊ ပစ္စုပ္ပန်လည်းကောင်းတယ်၊ သံသရာလည်း အကျိုးရှိမှာပါ။

             ဓမ္မမိတ်ဆွေများ အခုလို တိုတောင်းတဲ့ ကာလအတွင်းမှာ ဒေသနာတော်မှာပါသည့် အနှစ်သာရဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားကို နားလည်ရင် ဓမ္မကို နားလည်တယ်၊ ဓမ္မကို နားလည်မှ ဗုဒ္ဓရဲ့ ဉာဏ်တော်ကို နားလည်တယ်။ ဗုဒ္ဓရှင်တော်ဘုရား ဟာဒီလောက်သိမ်မွေ့တဲ့ ဓမ္မတွေကို ရှင်းပြခဲ့ တာပါ။ ဒီ “ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ဓမ္မအဓိပ္ပါယ်” ကို နားမလည်ရင် ဗုဒ္ဓရဲ့ ဉာဏ်တော်ကိုလည်း မသိနိုင်ပါ။ အခုဗုဒ္ဓကိုလည်း နားလည်ပြီ၊ ဓမ္မကိုလည်း နားလည်ပါပြီ၊ အကုသိုလ်လည်း သိပါပြီ ကုသိုလ်လည်းသိပါပြီ။ ဒီတော့ မိမိဘဝခရီးမှာ ပညာဉာဏ်နဲ့ယှဉ်ပြီးတော့ မြင့်သောဘဝ၊ မြတ်သော ဘဝများရောက်အောင် တက်လှမ်းနိုင်သော ပုဂ္ဂိုလ်ထူးများ ဖြစ်ကြပါစေ။ 

သာဓု  သာဓု  သာဓု