ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ရပ်အောင်လုပ်နည်း”

“ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ရပ်အောင်လုပ်နည်း”

ပဋိစ္စသမုပ္ပါဒ်ကို ရွတ်တဲ့အခါ ရွတ်နေကျ မျက်စိမှာဖြစ်ဖြစ်၊ နားမှာဖြစ်ဖြစ်၊ ကိုယ်မှာပဲ ဖြစ်ဖြစ်၊ မျက်စိမှာဖြစ်လျှင်လည်း “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ”။ ဒီလို အကျိုး ဝိညာဏ်နှင့်ဆက်၍ ပါဝင်သော အချက်များ ငါးပါးပါ။ ဒါဟာ ပဋိစ္စသမုပ္ပါဒ်၏ ပထမဆုံးသော အချက်(၅)ချက်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဒီ(၅)မျိုးကို တစ်ခုစီရွတ်တော့ တခြားစီထင်ပါတယ်။ အမှန်စင်စစ်က ဖျော်ရည်ဖျော်တဲ့လူက‌ ရေထဲကို သကြား၊ ဆား၊ သံပုရာသီးအကုန်ထည့်ပြီး မွှေလိုက်တဲ့အခါ အားလုံးဟာ ဒီဖျော်ရည်ထဲမှာပဲ ရှိနေတာပါ။ ဒီလိုပဲ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ၊ ဝေဒနာဟာ ဖျော်ရည်ထဲပါတဲ့ သဘောလို ဝိညာဏက္ခန္ဓာခေါ်တဲ့ ခန္ဓာထဲက ဝိပါကထဲမှာ ဒီငါးမျိုးက တခါတည်း ရှိနေတာပါ။ တခြားစီမဟုတ်ပါ။

တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ အလုပ်တွေလုပ်လို့ ရသာရုံကို ဖော်တဲ့အခါ အချိုကလည်း အချိုအလုပ်၊ အချဉ်ကလည်း အချဉ်အလုပ်၊ အငံကလည်း အငံအလုပ်ကို လုပ်တဲ့အခါ ပူးပေါင်း၍ ထွက်ပေါ်လာတဲ့ အရသာ။ ဒီသဘောနဲ့ အတူတူပဲ။ ဝိပါကဝိညာဏ်ထဲမှာ ပါနေတဲ့ ဝိညာဏက္ခန္ဓာ ဒီအထဲမှာမှ ဝေဒနာက္ခန္ဓာ။ ဒီနှစ်ပါး အကြီးအကျယ် အလုပ်လုပ်နေတာ။ ဒီအထဲမှာ သညာက္ခန္ဓာ လည်းပါတယ်။ သင်္ခါရက္ခန္ဓာလည်းပါတယ်။ သို့သော်အလုပ်လုပ်တာက ဝိညာဏက္ခန္ဓာနှင့် ဝေဒနာက္ခန္ဓာကသာ အလုပ်လုပ်တာပါ။

ဝေဒနာက္ခန္ဓာက အလုပ်လုပ်တဲ့အခါမှာ ဝေဒနာပစ္စယာ တဏှာလို့ ပြောပါတယ်။ တဏှာ ပစ္စယာ ဥပါဒါနံ။ ဥပါဒါန ပစ္စယာဘဝေါ။ ဘဝပစ္စယာ ဇာတိ။ ဒီလို ရွတ်တာတော့ ရွက်တတ်တယ်။ ဝဋ်(၃)ပါးလည်ရာမှာ ဝိပါကဝဋ်မှာဖြစ်တဲ့ သဘာဝတရား(၅)မျိုးထဲမှာ “ဝေဒနာ”က အဓိက ပါလာတယ်။ ဝေဒနာထဲမှာ သုခဝေဒနာဖြစ်လာလျှင် နောက်က “ တဏှာ” လိုက်လာပါတယ်။ တဏှာဆိုတာက နာမက္ခန္ဓာ၊ မနောဝိညာဏ်မှာဖြစ်တာပါ။ ရှေ့ကဖြစ်တာက ရသာရုံနဲ့ တွဲ၍ ဖြစ်သော ဝိပါကဝိညာဏ်ပါ။ ဒီမှာအရသာကောင်းလို့ သုခဝေဒနာဖြစ်တယ်။ သုခဝေဒနာဖြစ်တော့ လောဘဖြစ်တယ်၊ တဏှာဖြစ်တယ်။ ဒါက မနော ဝိညာဏ်ထဲမှာပါတဲ့ တဏှာအသစ်ဖြစ်တာပါ။ ကာယဝိညာဏ်ထဲမှာ ဝိပါက ဝိညာဏ်ထဲကဟာနဲ့ မဆိုင်တော့ပါ။ ဒီဖြစ်လာတဲ့ဟာက မနောဝိညာဏ်၊ မနော ဝိညာဏ်ထဲမှာ လောဘပါတယ်။

ကိုယ်မှာ သုခဝေဒနာဖြစ်ရင် စိတ်ထဲမှာ သောမနဿဝေဒနာ ဖြစ်တယ်။ ဒီသောမနဿ ဝေဒနာက မနောဝိညာဏ်မှာဖြစ်ပါတယ်။ ဒီဝေဒနာဟာ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ သောမနဿဝေဒနာ၊ တဏှာလောဘနှင့် တွဲပြီး ဖြစ်ပါတယ်။ ဥပါဒါန်က အစွဲအဖြစ်နှင့် တည်နေပါတယ်။ ဥပါဒါန်၏ အလုပ်ကို သေသေချာချာ စဉ်းစားလျှင် ဥပါဒါန်ရဲ့ အလုပ်မှာ အရသာလေးကောင်းတာက ကာယိက သုခဝေဒနာ၊ ဒီနောက်က လိုက်လာတာက သောမနဿဝေဒနာပါ၊ သောမနဿ ဝေဒနာက တဏှာ လောဘနှင့် အလုပ်လုပ်တာပါ။ ဒီတဏှာလောဘနှင့် အလုပ် လုပ်တဲ့ စိတ်ကလေးဟာ၊ နောက်က လိုက်တဲ့ စိတ် အလုပ်လုပ်တဲ့ နေရာကို ကိလေသဝဋ်လို့ ခေါ်ပါတယ်။ ဟိုဘက်က ဝဋ်က ဝိပါကဝဋ်ပါ။ ကိလေသဝဋ်မှာ အလုပ်လုပ်သော မနောဝိညာဏ်သည် မှတ်ထားသော သညာတို့၏ အစွဲခန္ဓာကြီးကို အမှီပြု၍ အလုပ်လုပ်တာပါ။

ဒီအစွဲကို ဥပါဒါန်လို့ ခေါ်ပါတယ်။ ဥပါဒါန်က ပိုင်းခြားပေးတာပါ ။ နေ့စဉ်နှင့်အမျှ စားနေတဲ့ အထဲမှာ ကိုယ်ပုံမှန်စားနေကြအတိုင်း အချိုကလည်း အနေတော်၊ အငံကလည်း အနေတော်၊ အရသာကလည်း အနေတော်ဆိုတာ ထပ်တလဲလဲစားထားလို့ ဖြစ်ပေါ်လာသော အစွဲခန္ဓာ၏ “စံချိန်” ပါ။ အစွဲက ချထားသော စံချိန်နှင့် ပစ္စုပ္ပန်မှာဖြစ်ပေါ်လာသော အရသာနှင့် ကိုက်ညီလျှင် ဥပါဒါနက္ခန္ဓာကို အမှီပြုပြီး အလုပ်လုပ်တဲ့ မနောဝိညာဏ်က “ကောင်းတယ်”လို့ အဆုံးအဖြတ်ပေးပါတယ်။ ဒီလို အလုပ်လုပ်တဲ့ စက်ကို ကိလေသစက်လို့ ခေါ်ပါတယ်။

ကိလေသစက်က ဒီအစာသည် ကောင်းတယ်လို့ ပြောလိုက်တော့ နောက်က ဖြစ်လာတဲ့ ကမ္မဝဋ်မှာ အလုပ်လုပ်သော ကာမဝိညာဏ်ခေါ်တဲ့ ကမ္မအလုပ်ကိုလုပ်သော မနောဝိညာဏ်က ကြိုက်တယ်ဆိုမှ သောမနဿဝေဒနာဖြစ်ပါတယ်။ ဒီသောမနဿဝေဒနာနဲ့ လောဘတွဲ၍ ဖြစ်လာ သောအခါ ကမ္မသတ္တိက အကုသလကမ္မသတ္တိထွက်လာတယ်။ အကုသလကမ္မသတ္တိ ထွက်အောင်လုပ် တဲ့နေရာမှာ စေတနာက အလုပ်လုပ်တယ်။ ဒီတော့ စေတနာနဲ့ တွဲပြီး “သင်္ခါရ”ဖြစ်တယ်။ ဒီသင်္ခါရဟာ ကြိုက်တယ်ဆိုတဲ့ လောဘက စေ့ဆော်တိုက်တွန်းတဲ့ စေတနာကို အရှိန်မြှင့်ပေးလိုက်တော့ “အဘိသင်္ခါရ” ဖြစ်ပါတယ်။

အဘိသင်္ခါရဖြစ်တော့ ကံစွမ်းအား ထွက်တယ်‌။ လောဘနဲ့ တွဲ၍ ဖြစ်သော ကံစွမ်းအားက “အကုသလကမ္မသတ္တိ” စွမ်းအားဖြစ်တယ်။ ဒီလို ဝဋ်(၃)ပါးတို့၏ လည်ပုံသ‌ဘောကိုသိမှ ပဋိစ္စ သမုပ္ပါဒ် စက်ဟာ ဘယ်နေရာမှာရပ်ရမလဲ ဆိုတာပြောပါတယ်။ ဒီနေရာမှာ “ဝေဒနာကနေ ပြီးတော့ တဏှာကို မကူးစေနဲ့”ဆိုတဲ့စကားက စကားအရာမျှသာ မကူးစေနဲ့လို့ ပြောနေတာ၊ အဟုတ်ဖြစ်နေတဲ့ သဘာဝတရားများမှာ ဝေဒနာဖြစ်တာနှင့်တပြိုင်နက် တဏှာလောဘက ထွက်လာတာပါပဲ။ မကူးစေနဲ့ ပြောပေမယ့်လည်းမရပါ။ မကူးတာ ဓာတ်မလိုက်စေနဲ့ (လျှပ်စစ်ဓာတ်က သွားနေလျှင် သွယ်ထားတဲ့ ကြိုးရှိသမျှ ဓာတ်ကလိုက်မှာ) ဓာတ်လိုက်‌နေသေးသမျှ စွမ်းအားတွေထွက်မှာ၊ စွမ်းအား တွေထွက်တိုင်း ကုသိုလ်တွေ ၊ အကုသိုလ်တွေ ဖြစ်မှာပါ။

တကယ်အလုပ်လုပ်ဖို့ကျတော့ ပစ္စပ္ပန်တည့်တည့်မှာ ကျရာကျရာ၊ ပေါ်ရာ‌ ပေါ် ရာနေရာမှာ ဝိပဿနာဉာဏ်အားနှင့် စူးစူးစိုက်စိုက် ရှုမှတ်ပါ၊ ပွားများပါ။ ဒီအလုပ်က ပထမအဆင့် အနေနဲ့ ဖြစ်ပေါ်လာတဲ့ “တဏှာလောဘ”ကို ဆင်ခြင်ပါ။ အရသာကို စွဲတဲ့ တဏှာလောဘက အရှိန်ပြင်းတယ်။ ဒီအရှိန်ပြင်းတယ်ဆိုတဲ့ စကားမှာ စားနေသော ပုဂ္ဂိုလ်သည် စားနေသောသဘော၊ ဝါးနေသော သဘော၊ အရသာပေါ်နေသည့်သဘော အကြောင်းအရာတွေကို ဘာမျှ ထည့်သွင်း၍ ဆင်ခြင်နိုင်ခြင်း မရှိပါ။ အာရုံပေးသမျှကို ယူတာပါ။ ဒီလို ယူနေတော့ ကမ္မဝဋ် ၊ ဝိပါကဝဋ်တို့၏ အကြောင်းအရာကို သူဘာမှ မသိပါ။ မသိတာကို အဝိဇ္ဇာခေါ်တယ်၊ အဝိဇ္ဇာနဲ့ စားလိုက်တဲ့အခါ အရသာ၏ ခံစားမှုဝေဒနာ က ချက်ချင်း လောဘကို တို့လိုက်တာပါ။ သောမနဿဝေဒနာနဲ့ လောဘတွဲပြီး ချက်ချင်း အလုပ်လုပ်လိုက်တာပါ။ ဖြစ်နေသောသဘော၊ လုပ်နေသောအလုပ်ကို စဉ်းစားဆင်ခြင်သော ဝိပဿနာပညာ မပါလျှင် ( ပညာဆိုတာ ဝိဇ္ဇာပညာ)၊ ဝိဇ္ဇာအား မပါလျှင် “အဝိဇ္ဇာ”က လွှမ်းမိုးပါတယ်။ အဝိဇ္ဇာက လွှမ်းမိုးတော့ ကြိုက်နေတဲ့ သောမနဿဝေဒနာနှင့်တကွဖြစ်သော၊ တဏှာနှင့် အဝိဇ္ဇာတွဲ၍ စားကိစ္စကို တိုး၍တိုး၍ ဖြစ်အောင် အဘိသင်္ခါရနှင့် တိုက်တွန်းတယ်။ ဒီတော့ ထပ်၍ထပ်၍ စားပါတယ်။

ဒီနေရာမှာ ဖြတ်ဖို့က အဝိဇ္ဇာအားကြောင့် လောဘက ကောင်းနေတယ်။ အဝိဇ္ဇာအား နည်းလို့ ဉာဏ်နှင့်ယှဉ်၍ စားခြင်းကိစ္စ အဆင့်ဆင့်ကို ဝိပဿနာနှင့် ဆင်ခြင်တတ်သောအခါ အဝိဇ္ဇာဆိုသော အမှောင်အားနည်း၍ အလင်းဖြစ်သော ဝိပဿနာဉာဏ် ရလာတဲ့အခါ စားနေတဲ့အချိန်မှာ ဝါးတာလေးက ကာယကမ္မ၊ ကာယကမ္မနှင့် ဝါးလိုက်တဲ့အခါ ဝါးဖတ်လေးတွေ လျှာပေါ်ရောက်လို့ လျာလေးနဲ့ ဝါးဖတ်လေး ထိတဲ့အခါ ပေါ်လာတဲ့ အရသာ ၊ ဒီအရသာလေးက ထွက်ပေါ်လာတဲ့ သုခ ဝေဒနာ၊ ဒီသုခဝေဒနာလေးဟာလည်း လျှာပေါ်ကပစ္စည်းလေး ခွာသွားတာနဲ့တပြိုင်နက် သုခဝေဒနာလည်း ပျောက်ပါတယ်။

ဒီဖြစ်ပျက်နေသော သဘာဝ၏ လုပ်ငန်းစဉ်ကို ဝိပဿနာဉာဏ်ပညာနှင့် ဆင်ခြင်တဲ့အခါ အခုပြောခဲ့တဲ့ အစဉ်ကို သိလာတော့ ပညာအားကောင်းလာတယ်။ ပညာအား ကောင်းလာလျှင် အဝိဇ္ဇာအား နည်းသွားပါတယ်။ အဝိဇ္ဇာအထောက်အပံ့နဲ့ ဖြစ်နေတဲ့ တဏှာလောဘလည်း အားနည်းပါတယ်။ ဒီလို အားနည်းအောင် ဝိပဿနာနှင့် ထပ်၍ထပ်၍ဆင်ခြင်ပါ။ ပစ္စုပ္ပန် စားဆဲခဏမှာ ဆင်ခြင်ရမည့် သဘောများကို အခုလို ပညာသင်ထား၊ လေ့ကျင့်ထားမှ နှလုံးသွင်းတတ်တာပါ။ ပညာသင်မထားလျှင် နှလုံးမသွင်းတတ်ပါ။ အမှန်တိုင်း နှလုံးသွင်းတတ် လာလျှင် ပညာ အားကောင်း လာပါတယ်။ ဒီဝိပဿနာပညာအား ကောင်းလာလျှင် အဝိဇ္ဇာ အားနည်းမည်။ အဝိဇ္ဇာအားနည်းလျှင် တဏှာလောဘ အားနည်းမည်။

တဏှာလောဘကို ဖြတ်ချင်တယ်ဆိုလျှင် ဝိပဿနာပညာပါမှ၊ ဝိပဿနာပညာက ပစ္စုပ္ပန်တည့်တည့်မှာ တကယ်ရှုမှတ်ပွားများမှ ဒီလမ်းကို မြင်နိုင်တာပါ။ အခု လျှာမှာလုပ်တာဟာ အဝိဇ္ဇာနှင့်တဏှာတို့ ပူးတွဲ၍လုပ်နေသော လုပ်ငန်းပါ။ ဒီလျှာမှာ လုပ်တာကို ဆင်ခြင်တတ်သလို နှာခေါင်းမှာ ဖြစ်တာ ဂန္ဓာရုံမှာလည်း ဒီလို၊ ကိုယ်မှာ ဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံမှာလည်း ဒီလို၊ မျက်စိမှာ ဖြစ်တဲ့ မြင်စိတ်အာရုံမှာလည်း ဒီလို ၊ ရူပါရုံနှင့် သဒ္ဒါရုံပေါ်မှာလည်း ဒီလို၊ အာရုံငါးပါးစလုံးပေါ်မှာ စနစ်တကျ ဆင်ခြင်တတ်၊ သုံးသပ်တတ်တာကို ဝိပဿနာပညာခေါ်ပါတယ်။ ဝိပဿနာပညာကို ရထားတော့ အဟုတ်တကယ် နားလည်အောင် ဆင်ခြင်တာကို စိန္တာမယပညာ၊ ဒီစိန္တာမယပညာ အားကောင်းမှ လက်တွေ့အလုပ် လုပ်တဲ့အခါ ဘာဝနာမယပညာနှင့် အလုပ်လုပ်နိုင်ပါတယ်။

သိထားရမည့် အချက်က ဝိပဿနာအလုပ်ဆိုတာဟာ “အမြဲတမ်း” လုပ်နေရမှာပါ။ ဘယ်နေရာမှာ လုပ်ရမှာတုန်း …….. ပေါ်ရာပေါ်ရာ တံခါးဖြစ်သော ပသာဒရုပ်တို့ ဖြစ်ရာဖြစ်ရာ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဂန္ဓဝိညာဏ်၊ ဇိဝှာဝိညာဏ်တို့၏ ဖြစ်စဉ်ကို ပညာနှင့် ဆင်ခြင်၍ ရှုရမည်။ စက်သုံးပါးလည်နေတဲ့ ဝဋ်သုံးပါးမှာ နောက်ဆုံးပိတ် လည်တဲ့ ကမ္မဝဋ်မှာ တကယ် အလုပ်လုပ်နေတဲ့ အဝိဇ္ဇာနှင့် တဏှာတို့၏ လုပ်ငန်းကို လျှော့မှ အဘိသင်္ခါရ စေတနာ လျော့မည်။ အဘိသင်္ခါရ စေတနာ‌လျော့မှ ကမ္မသတိလျော့မည်။ ကမ္မသတ္တိလျော့မှ ဒီစွမ်းအားတွေ လျော့မည်။ ဒါဟာ အလုပ်လုပ်တဲ့ နည်းပညာပါ။ ဒါတွေက အစိတ်အစိတ် နားထောင်ထားတာပဲ ရှိသေးတယ်။ အဟုတ်တကယ် ဖြစ်နေတာကို ဉာဏ်နှင့် ထပ်ခါထပ်ခါ စဉ်းစားပြီးတော့မှ လက်တွေ့ စားလျှင်လည်း ဆင်ခြင်ပြီးစား၊ အလုပ်လုပ်လည်း ဆင်ခြင်ပြီး လုပ်ပါ။ ဒါဟာ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ရပ်အောင် လုပ်တဲ့နည်းပညာ ဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေများ အချိန်ရှိသမျှ ဘဝခရီးလျှောက်ရာမှာ ဘုရားပေးသော ပညာ ဒေသနာမယ၊ စိန္တာမယ၊ ဘာဝနာမယပညာများကိုသုံးပြီး မြင့်သော မြတ်သော ဘဝကိုရောက်အောင် တက်လှမ်းနိုင်မည့် ရည်မှန်းရာနိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်သော ပုဂ္ဂိုလ်ထူးများ ဖြစ်ကြပါစေ။

သာဓု သာဓု သာဓု