ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းနဲ့ လေ့လာခြင်းအကြောင်း

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းနဲ့ လေ့လာခြင်းအကြောင်း

ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာပြန့်ပွားရေးအသင်း (ရန်ကုန်) ပဓာနနာယက

ဆရာကြီးဦးဌေးအောင် (မဟာသဒ္ဓမ္မ‌ဇောတိကဓဇ) ၏ နှစ်တစ်ရာပြည့် ပူဇော်ပွဲအခမ်းအနား

၃၀-၁၁-၂၀၂၅

ရွှေတိဂုံဘုရား၊ ကျေးလက်ဦးစီးဓမ္မာရုံ ရန်ကုန်။

တင်ပြသူ- ဦးမျိုးမြင့်

ဓမ္မမိတ်ဆွေများခင်ဗျာ-

နိဒါန်း

ဆရာကြီးဦဌေးအောင်ရဲ့ ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းနဲ့ လေ့လာခြင်းအကြောင်းကို ဆရာကြီးရဲ့ ဉာဏ်ပညာကို ပူဇော်တဲ့အနေနဲ့ ဒီ ရာပြည့်အခမ်းအနားမှာ တင်ပြမှာဖြစ်ပါတယ်။

ဆရာကြီးက ဗုဒ္ဓဒေသနာများကိုလေ့လာရာမှာ အမြင်သစ် အမြင်မှန်များ ရရှိပြီး အတွေးအခေါ်သစ် အတွေးမှန်များ ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်သင်ကြားပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ-ကျော်က ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ သဘာဝတရားများနဲ့ ယခုခေတ်မှာ လေ့လာနေကြတဲ့ သဘာဝတရားများဟာ သဘာဝဆိုတဲ့ အခြေခံချင်း တူညီကြပါတယ်။

ဗုဒ္ဓဒေသနာကို ခေတ်ပေါ်ပညာရပ်များနဲ တွဲဖက်ဆက်စပ်လေ့လာခြင်းဖြင့် ဗုဒ္ဓဒေသနာပါ ဓမ္မသဘာဝများကို ပိုမို၍ နက်နက်နဲနဲ ထိုးထိုးထွင်းထွင်း သိမြင်နားလည်သဘောပေါက်စေရန်ရည်ရွယ်၍ စနစ်တကျလေ့လာခြင်းဟာ နည်းသစ်ဖြစ်ပါတယ်။

ဒေသနာမယပညာကို စနစ်သစ်နည်းနဲ့ လေ့လာရာမှာ သုတမယဉာဏ်ရရှိအောင် ကြိုးစားသင်ယူရမှာပါ။ ဒုတိယအဆင့်အနေနဲ့ ဓမ္မသဘာဝများကို သုတ မယဉာဏ်အခြေခံ၍ ကိုယ်ပိုင်ဉာဏ်စွမ်းအားသုံးပြီး သိထားတဲ့ အဓိပ္ပါယ်တွေ ဟုတ်၏-မဟုတ်၏ စိန္တာမယပညာနဲ့ ထပ်ခါတလဲလဲ စဉ်းစားဆင်ခြင်သုံးသပ်ပြီး စိန္တာမယဉာဏ်ရရှိအောင် ကြိုးစားအားထုတ်ရမှာပါ။

စိန္တာမယကိုယ်ပိုင်ဉာဏ်နဲ့ အထပ်ထပ်ဆင်ခြင်လို့ ရုပ်နာမ်တို့ရဲ့ သဘာဝကို သဘောပေါက် နားလည်ခြင်းဟာ ဘာဝနာမယပညာ၊ ဝိပဿနာပညာများ ပွားများနေခြင်းပင်ဖြစ်ရာ အတ္တမပါ၊ ငါမဟုတ်၊ ရုပ်နာမ်သဘာဝများသာ လုပ်နေတဲ့ လုပ်ငန်းစဉ်ဆိုတဲ့အချက်ကို ဝိပဿနာပညာက ပေးနိုင်မှ ဝိပဿနာဘာဝနာအကျင့်လုပ်ငန်းကို တက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် ဆရာကြီးက ဘာဝနာမယပညာကို စနစ်တကျ သင်ကြားပေးတာပါ။

ဆရာကြီးက ဒေသနာမယပညာကို စနစ်တကျသင်ကြားပေးပြီး စိန္တာမယပညာနဲ့ တွေးခေါ် စဉ်းစားတတ်အောင် နည်းပေးလမ်းပြလုပ်ပြီးတော့မှ ဗုဒ္ဓနည်း နာမ်ရုပ်လေ့ကျင့်ရေး တရားအလုပ်စခန်းမှာ ပွားများအားထုတ်နည်း လေ့ကျင့်ခန်းများကို သီအိုရီနှင့် လက်တွေ့ အထောက်အကူပစ္စည်းများသုံး၍ သင်ကြားပြသပေးပါတယ်။

ဒီ ကမ္မဋ္ဌာန်းအလုပ်မှာ ထားရမယ့်ရည်မှန်းချက်က ငြိမ်းချမ်းဖို့၊ ငြိမ်းချမ်းမှု ရရာရကြောင်း ဦးတည်ရည်စူး၍ လေ့ကျင့်ခန်းများ လုပ်ရမှာပါ။ အချိန်အများဆုံးရတဲ့ မိမိနေအိမ်၊ မိမိလုပ်ငန်းမှာ ဒီနည်းပညာနဲ့ လေ့ကျင့်ထားတဲ့ အလေ့အကျင့်များနဲ့နေတတ်ဖို့ ကြိုးစားရမယ်။ ဒီအလေ့အကျင့် များဟာ အမြဲတမ်း နှလုံးသွင်းဆင်ခြင် လုပ်ကိုင်နေရမယ့် အလုပ်လို့ သိထားဖို့လိုပါတယ်။

နာမ်-ရုပ်လေ့ကျင့်ခြင်း

သြဒါတကသိုဏ်း

ဒီ (၉)ရက်စခန်းမှာ ပထမနေ့က သြဒါတကသိုဏ်းခေါ်တဲ့ အဖြူရောင်စက်ဝိုင်းကိုကြည့်ပြီး ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းအလုပ်ကို လုပ်ရမယ်။ မြင်အောင်ကြည့်တဲ့အလုပ်မှာ အလင်းရောင်ရှိမှ၊ ရူပါရုံ ရှိမှ၊ မျက်စိကောင်းမှ၊ ပြီးတော့ စိတ််က အားထုတ်ကြည့်မှ မြင်စိတ်ဖြစ်လို့ မြင်တာပါ။

တည်ငြိမ်တဲ့ အဖြူရောင်စက်ဝိုင်းကိုကြည်ပြီး ရှုမှတ်တော့ မြင်ကွင်း ကျဉ်းကျဉ်းနဲ့ အရောင်တစ်မျိုးတည်း၊ ပုံသဏ္ဍာန်တစ်မျိုးတည်းဆိုတော့ မှတ်ရလွယ်ပြီး စိတ်ကိုငြိမ်အောင် အာရုံမပြားအောင် ကြိုးစားလို့ လွယ်ကူပါတယ်။

သြဒါတကသိုဏ်းကို ရှုမှတ်ပွားများတာက စိတ်တည်ငြိမ်မှုအတွက် အခြေခံဖြစ်တဲ့ ပဓာနအလုပ်၊ သမာဓိတည်ထောင်တဲ့အလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို ကိုယ့်နေရာ ကိုယ့်ဌာနမှာ ဆက်လုပ်ပြီး ကြိုးစားဖို့ နမူနာပြတာဖြစ်ပါတယ်။

အဋ္ဌိကကမ္မဋ္ဌာန်း

ဒုတိယရှုမှတ်ရမယ့် တရားအာရုံက အဋ္ဌိကကမ္မဋ္ဌာန်းပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရိုးစုရဲ့ အဆင်းအာရုံကို စူးစူးစိုက်စိုက်အာရုံယူပြီး မျက်စိဖွင့်ကြည့်နေမယ်။ အချိန်ကြာလာတော့ မျက်စိမှိတ်လိုက်တဲ့အခါ တိုက်ရိုက်ဝင်နေတဲ့ အဆင်းအာရုံက ပျောက်သွားပြီး အတွင်းစိတ် မနောဝိညာဏ်မှာ စွဲနေတဲ့ အရိုးစုရဲ့ ပုံပန်းသဏ္ဍာန်အာရုံက ထင်မြင်နေလိမ့်မယ်။

ဘာဝနာအလုပ်ဆိုတာ ထပ်ခါထပ်ခါမြင်နေတဲ့ အဆင်းရူပါရုံကို စွဲစွဲမြဲမြဲမြင်အောင် ရှုမှတ်တာပါ။ နာမ်တရားကို လေ့ကျင့်တဲ့အလုပ်မှာ အကူအညီပေးတဲ့ ရုပ်တရားကို ကြာကြာထိုင်နိုင််အောင်နဲ့ ကြည့်နေတဲ့မျက်စိကလည်း အရိုးစုအာရုံပေါ်မှာ စွဲဲမြဲစွာကြည့်နိုင်အောင် ရုပ်ခန္ဓာကိုလည်း လေ့ကျင့်ပေးရပါတယ်။

အရိုးစုကို ရှုမှတ်တဲ့ လုပ်ငန်းသဘောမှာ ပထမ စက္ခုဝိညာဏ်ကပေးတဲ့ ရူပါရုံကို ရှုမှတ်တယ်။ ဒုတိယအဆင့် မနောဝိညာဏ်က မှီရာဖြစ်တဲဲ့ ဓမ္မာရုံကို ရှုမှတ်ပါတယ်။ အတွင်းစိတ််ထဲမှာ ဓမ္မာရုံအဖြစ်နဲ့ ထင်ထင်ရှားရှားမြင်နေပြီဆိုရင် သဘာဝအတိုင်းရှိတဲ့ အရိုးစုအာရုံဖြစ်လို့ တောင့်တတဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်၊ စိုးရိမ်တဲဲ့စိတ်၊ ပူပန်တဲ့စိတ်တွေကို မနောဝိညာဏ်က တားထားတော့ စိတ်ထဲဲမှာ ပူပင်သောကတွေ မရှိတော့ပါ။ ဒီတော့ ကမ္မဋ္ဌာန်းအာရုံက စိတ်ကို ကြည်လင်စေတယ်၊ ငြိမ်းချမ်းစေပါတယ်။

မိမိကိုယ်တိုင် မျက်စိမှိတ်ပြီး မနောဝိညာဏ်၏အာရုံ ဓမ္မာရုံအဖြစ်နဲ့ အပြင်ဘက်က အရိုးစုကြီးကို မြင်အောင်ကြည့်နိုင်တဲ့အစွမ်း ထင်ထင်ရှားရှားရပြီဆိုရင် အပြင်မှာရှိတဲ့အရိုးစုကို မိမိခန္ဓာ ကိုယ်အတွင်း သွင်းပါ။ ဒီလိုသွင်းတတ်တော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရိုးစုရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်တတ်လာပြီ။ ဒါကို ထပ်ခါထပ်ခါပွားများတော့ ခန္ဓာကိုယ်အတွင်းရှိ အရိုးစုရဲ့အာရုံကို အဟုတ် ပြတ်ပြတ်သားသားပိုင်းခြားပြီး မြင်တဲ့အစွမ်းရလာတယ်။ ဒီလိုလေ့ကျင့်ထားလို့ ခန္ဓာကိုယ်ကို ကြည့်လိုက်တိုင်း အရိုးစုကိုမြင်ပြီဆိုရင် ဒီခန္ဓာကြီးကို ငါ့ကိုယ်၊ ငါ့ခန္ဓာလို့ အလွန်ခိုင်မာတဲ့ ယုံကြည်စွဲမြဲမှုကို ဒီကမ္မဋ္ဌာန်းအာရုံဖြစ်တဲ့ အရိုးစုနဲ့ အစားထိုးပြီးကြည့်တော့ ငါ့အရိုးလို့ပြောသော်လည်း စွဲအားတော့ လျော့တယ်။ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာစွဲနေတဲ့ အစွဲလည်း စွဲအားတော့ လျော့တယ်။ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ စွဲနေတဲ့အစွဲလောက် အရိုးစုကို မစွဲပါ။ ဘုရားပေးတဲ့ ဒီနည်းပညာကို ကိုယ်တိုင် အဟုတ်လုပ်ရင် ငါအစွဲလျော့မယ်။ ဆင်းရဲသက်သာပါမယ်။

ကောဋ္ဌာသကမ္မဋ္ဌာန်း

တတိယရှုမှတ်ရမယ့် တရားအာရုံက အတွင်းကောဋ္ဌာသများပါ။

လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရင်ခေါင်းထဲမှာ အဆုတ်နဲ့နှလုံးရှိတယ်။ ဝမ်းဗိုက်ထဲမှာ အသည်း၊ အစာအိမ်၊ အူမကြီးနဲ့ အူသိမ်တွေရှိတယ်။ ဒီကောဋ္ဌာသတွေရဲ့ အဆင်းအာရုံ၊ တည်နေရာ၊ ပုံပန်းသဏ္ဍာန်တွေကို မျက်စိနဲ့မြင်အောင် ကြည့်ပြီး စိတ်ထဲမှာ ထင်ရှားလာသည့်တိုင် ရှုမှတ်ပွားများပါ။

နှလုံးက သွေးများကို စဉ်ဆက်မပြတ် မရပ်မနား တွန်းပို့နေရတယ်။ အဆုတ်ကလည်း အမိဝမ်းတိုက်မှ ကျွတ်သည့်အချိန်ကစ၍ လေဝင်လေထွက်အလုပ်ကို မရပ်မနား ဆောင်ရွက်ပေးနေရတယ်။ စားသောက်လိုက်တဲ့ အာဟာရတွေကို အစာအိမ်က ချေဖျက်ပေးပြီး အူသိမ်က ကြေညက်သွားတဲ့အစာတွေကို ဓာတ်ခွဲပြီး သြဇဓာတ်တွေထုတ်ပေးတယ်။ သြဇဓာတ်တွေကို ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းပေါင်း ကုဋေတစ်သိန်းကျော်သို့ရောက်အောင် သွေးက ပို့ပေးပါတယ်။

ဒီလို သဘာဝတရားတွေ အဟုတ်အလုပ်လုပ်နေပေမဲ့ စိတ်က အာရုံအမျိုးမျိုးနဲ့တွဲပြီး လုပ်ငန်းတွေ အဆက်မပြတ်လုပ်နေတော့ ကောဋ္ဌာသတွေ ရှင်ရေးလုပ်နေတာကို ဂရုမပြုမိလို့ မသိပါ။ ဒီ ရုပ်ခန္ဓာဟာ ကောဋ္ဌာသတွေနဲ့တည်ထားတဲ့ ဓာတ်စက်ကြီးပါ။ ဒီစက်ကြီးရပ်တာနဲ့ သေသွားမှာပါ။ ဒီသဘောတွေကို ရှုမှတ်ခိုင်းနေတာဟာ ရှုပ်ထွေးများပြားတဲ့ ကောဋ္ဌာသများနဲ့ တပ်ဆင်ထားတဲ စက်ရုပ်ကြီးကို စက်ရုပ်ကြီးအတိုင်းမြင်မှ ငါ့ကိုယ်၊ ငါ့ခန္ဓာလို့စွဲနေတဲ့ အစွဲက လျော့မှာဖြစ်လို့ပါ။

ခန္ဓာကိုယ်မှာရှိတဲ့ ကောဋ္ဌာသအသီးသီးဟာ ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ စုဝေးတည်ဆောက်ထားတာပါ။ ကောဋ္ဌာသတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ ဓာတ်ကြီးလေးပါးဟာ ရပ်တယ်နားတယ်မရှိဘဲ ဝင်ခြင်းထွက်ခြင်း သင်္ခါရအလုပ်ကို လုပ်နေလို့ ရူပက္ခန္ဓာက ရှင်နေတာပါ။ ဝင်ခြင်းထွက်ခြင်းဆိုတဲ့ စကားထဲမှာ မမြဲတဲ့သဘော အနိစ္စနဲ့ ရှင်ရေးလုပ်နေရတယ်ဆိုတာ ပြောနေတာပါ။ ပဋိသန္ဓေတည်ကတည်းက ဓာတ်ကြီးလေးပါးဟာ ရှင်ရေးလုပ်ငန်းကို မရပ်မနား အမြဲတမ်းလုပ်နေရတဲ့ သဘောဟာ ပင်ပန်းဆင်းရဲတဲ့ ဒုက္ခပါ။

နာမ်ခန္ဓာမှာဖြစ်တဲ့ ဒုက္ခတွေက အစွဲမှာ အခြေစိုက်ပြီး အစွဲကြီးလေ ဒုက္ခရောက်လေဖြစ်ပါတယ်။ ငါလို့ ယုံကြည်ထားတဲ့ ဒိဋ္ဌိ၊ အတ္တနိယတွေကို ငါပိုင်ထားတယ်လို့ တပ်မက်တဲ့ လောဘ၊ ငါက ဒီလိုလူလို့ မာန်တက်နေတဲ့ မာန၊ ဒီတရား(၃)ပါးနဲ့ ဘဝခရီးကိုလျှောက်နေတော့ ရုပ်ခန္ဓာမှာ နှိပ်စက်နေတဲ့ သင်္ခါရဒုက္ခ၊ နာမ်ခန္ဓာမှာ နှိပ်စက်နေတဲ့ အတ္တဒိဋ္ဌိတွေကို မသိနိုင်ဘဲ အဝိဇ္ဇာလွှမ်းမိုး နေလို့ သံသရာမှာ ပျော်နေကြတာပါ။ ဒီလို ထင်နေသေးသမျှ သံသရာမှာပဲဲ လည်နေမယ်လို့ ဘုရားရှင်က ပြောပါတယ်။

ဓာတ်ကြီးလေးပါးကို ခွဲဝေစီစစ်တဲ့နည်းပညာ စတုဓာတုဝဝတ္ထာန ကမ္မဋ္ဌာန်းကို ပွားများတဲ့အခါ ဓာတ်ကြီးလေးပါးကိုပဲ အာရုံအဖြစ်တင်ထားပြီး ဓာတ်ကြီးလေးပါးရဲ့ လုပ်ငန်းစဉ်အသီးသီးကို နှလုံးသွင်းဆင်ခြင်တယ်၊ ဓာတ်တစ်ပါးပါးကို မြင်အောင်ကြည့်တယ်။ ဓာတ်အားလုံးပေါင်းပြီး လုပ်နေတာကို မြင်အောင်ကြည့်တယ်။

နှလုံးကို တည်ဆောက်ပေးတဲ့ တစ်ရှူးကြွက်သားတွေဟာ ပထဝီဓာတ်၊ နှလုံးထဲရှိတဲ့ သွေးတွေဟာ အာပေါဓာတ်၊ နှလုံးခုန်အောင် ပိန်အောင်ဖောင်းအောင် လုပ်ပေးနေတဲ့ လေဖိအားတွေဟာ ဝါယောဓာတ်၊ ပိန်အောင်ဖောင်းအောင်ဓာတ်အားပေးနေတဲ့ လျှပ်စစ်ဓာတ်တွေ အဟုတ်အလုပ်လုပ်နေလို့ နှလုံးလေးက တစ်မိနစ် အကြိမ်(၇၀) မှန်မှန် သွေးတွေညှစ်ထုတ်ပေးနေလို့ ရူပက္ခန္ဓာက ရှင်နေတာပါ။

ဓာတ်ကြီးလေးပါးနဲ့ပတ်သက်လို့ ရှုမှတ်တဲ့ စတုဓာတုဝဝတ္ထာနကမ္မဋ္ဌာန်းဟာ ဘယ်လိုအရေးပါ အရာရောက်တယ်၊ ဘာဖြစ်စေလဲဆိုတာကို လေ့လာရင် ဒီတရားဟာ အခြားမဟုတ်၊ ဘုရားရှင်က ရာဟုလာကိုဟောတဲ့တရားပါ။ စင်စစ်တော့ ရာဟုလာ-ဓာတ်ကြီးလေးပါးကို အမှန်အတိုင်း ရှုမှတ်နှလုံးသွင်းနေမယ်ဆိုရင် နှလုံးသွင်းမှုကြောင့် ဒီရုပ်ဒီခန္ဓာဟာ ငါမဟုတ်ဘူး၊ ဒီရုပ်ဒီခန္ဓာကို ငါမပိုင်ဘူးဆိုတာ မြင်လာတယ်။ ကောင်းစွာ စဉ်ဆက်မပြတ် ပြတ်ပြတ်သားသား မြင်လာတယ်ဆိုရင် ယောဂီမြင်နေတဲ့အစွမ်းသည် ဒီရုပ်ဒီခန္ဓာပေါ်မှာ ကပ်ငြိနေတဲ့ တဏှာကို ဖြတ်တယ်။ သံယောဇဉ်ကြိုး အထုံးအဖွဲ့တွေကို ဖြည်တယ်။ ဒါတင်မက ဒီရုပ်ဒီခန္ဓာပေါ်မှာ မှီပြီးဖြစ်နေတဲ့ ယှဉ်မှု၊ ပြိုင်မှု၊ တုပမှုဆိုတဲ့ သဘာဝ လုပ်ငန်းတွေအကြောင်းကို ကောင်းကောင်းနားလည်လာတဲ့အတွက် မာနရဲ့အလုပ်တွေကို ဖယ်ရှားတယ်။ ဒီလုပ်ငန်းတွေဟာ ဒုက္ခရဲ့အဆုံးကိုရောက်အောင် ဆောင်ရွက်ခြင်းပဲ။ ဒုက္ခကုန်အောင် လုပ်လိုက်တာပဲ။ ဒုက္ခကုန်ဆုံးခြင်းသည်ပင်လျှင် ငြိမ်းချမ်းခြင်းပဲလို့ ဘုရားရှင်က ဟောကြားခဲ့ပါတယ်။ ဒါကြောင့် မိမိတို့ အချိန်ရှိသမျှ အသိဉာဏ်ရှိသမျှ ဓာတ်ကြီးလေးပါးအကြောင်းကို နှလုံးသွင်းပြီး မိမိ၏ ရူပက္ခန္ဓာကို ငါ့ကိုယ် ငါ့ခန္ဓာလို့ စွဲနေတဲ့အစွဲ ဖယ်ခွါနိုင်အောင် ကြိုးစားကြဖို့ပါ။

(၉)ရက်စခန်းရဲ့ နောက်ဆုံး(၂)ရက်မှာ ရှုမှတ်ရမှာက ‘အာနာပါနသတိကမ္မဋ္ဌာန်း’ပဲဖြစ်ပါတယ်။

ရူပက္ခန္ဓာက ရှင်ရေးကို လေရဲ့အထောက်အပံ့နဲ့ အလုပ်လုပ်နေရတယ်ဆိုတဲဲ့အချက်ကို သေသေချာချာ နှလုံးသွင်းဆင်ခြင်ထားမှ လေဓာတ်ကိုအမှီပြုပြီး ရူပက္ခန္ဓာက ရှင်နေတာလို့ စိတ်ကသိမယ်။ ဝင်လေထွက်လေသဘောနဲ့ ထောက်ပံ့နေတဲ့ ဝါယောဓာတုရဲ့ အလုပ်သဘော၊ လုပ်ငန်းသဘောနဲ ဘယ်ပုံကူညီနေတယ်ဆိုတာကို စဉ်းစားဆင်ခြင်ထားရပါမယ်။ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအလုပ်ကို ခန္ဓာကိုယ်က သူ့ဟာသူ လုပ်နေရတာ။ အတ္တဆိုတဲ့ ငါက ဘာမှမတတ်နိုင်ဘူးဆိုတဲ့ အချက်ကို ပိုင်ပိုင်နိုင်နိုင်သိမှ ငါအစွဲက လျော့လာမယ်။

အာနာပါနသတိကမ္မဋ္ဌာန်းကို စိတ်တည်ငြိမ်မှုရအောင် ရှုမှတ်တဲ့အခါ ပထမ ဝါစာချုပ်အောင် လုပ်ရမယ်။ ပြီးတော့ တွေးတောကြံစည်စိတ်ကူးနေတဲဲ့ ဝိတက်နဲ့ စဉ်းစားဆင်ခြင်သုံးသပ်နေတဲ ဝိစာရတွေဟာ အတားအဆီးဖြစ်စေလို့ သူတို့ကိုချုပ်အောင် သမ္မာသတိ၊ သမ္မာဝါယာမနဲ့ ကြိုးစား အားထုတ်ရမယ်။ ဝါစာချုပ်၊ ဝိတက်၊ ဝိစာရတွေ ထိမ်းနိုင်တော့ စိတ်ထဲမှာ ကြည်နူးမှု ‘ပီတိ’ဟာ မနောဝိညာဏ်မှာ ပေါ်လာတဲ့အခါ ‘သုခ’ဆိုတဲ့ စိတ်ချမ်းသာမှု ရလာတယ်။ ဒီလို စိတ်ချမ်းသာမှ တစ်ခုတည်းသောအာရုံပေါ်မှာ စိတ်ကို ကပ်ထားနိုင်ပါတယ်။ ဒါကို ‘ဧကဂ္ဂတာ’ ခေါ်တယ်။ ဒီအချိန်မှာ သမာဓိကို စတင်တည်ထောင်နိုင်ပါပြီ။ အာရုံတစ်ခုထဲမှာပဲ သိအားနဲ့ တည်တည်ငြိမ်ငြိမ် စူးစိုက်ပြီး ‘သိကိစ္စ’ကို သတိ အား၊ ဝီရိယအားတွေသုံးပြီး အဟုတ်လေ့ကျင့်နေတဲ့ယောဂီဟာ သိအားအရှိန် မြင့်တက်လာတာကို ကိုယ်တိုင်သိရပါတယ်။

ပုထုဇဉ်တို့ဟာ ပထမဦးဆုံး သောတာပတ္တိမဂ်ဉာဏ်ရဖို့ ကြိုးစားရမယ်။ မိမိတို့က ငါရယ်၊ ငါ့ကိုယ်ရယ်၊ ငါ့စိတ်ရယ် ဒီလိုနေကြတာပါ။ ဒီသဘာဝမှာ ငါက ချုပ်ကိုင်ထားတဲ့ ကိုယ်နဲ့စိတ်ရဲ့ အဖြစ်ကို အမှန်အတိုင်းသိအောင်လုပ်လို့ ဘုရားရှင်က ပြောပါတယ်။ ကိုယ်နဲ့စိတ်ရဲ့အကြောင်းကို အမှန်အတိုင်းသိလာရင် အတ္တက ငါက ချုပ်ကိုင်တဲ့အားတွေ လျော့လာပါမယ်။

ဒီအလုပ်မှာ အာနာပါနသတိကမ္မဋ္ဌာန်းနဲ့ အခုအလုပ်ကို ဆက်စပ်တဲ့နည်းပညာက ဘာတဲ့တုန်း။ မွေးလာတဲ့အချိန်ကစပြီး အခုထိ အသက်ရှူတဲ့အလုပ်ဟာ ငါကခိုင်းလို့ ရှူနေတာမဟုတ်၊ ခန္ဓာကိုယ်ရဲ့ ဓမ္မသဘာဝက ရှူအောင်လုပ်ပေးလို့ ရှူသွင်းရှူထုတ်လုပ်နေတာကို သေသေချာချာ နားလည်အောင်စဉ်းစားပါ။ အိပ်နေတဲ့အချိန်မှာ ငါက ဘာမှမသိပေမဲ့ လေလေးက ဝင်နေထွက်နေရတာ။ ဒီလေဟာ သူ့ဟာသူ ဝင်အောင်လည်းလုပ်ရတယ်၊ ထွက်အောင်လည်းလုပ်ရတယ်။ ဝင်လေထွက်လေ စဉ်ဆက်မပြတ် မရပ်မနား အလုပ်လုပ်နေအောင် ငါက ဘာမှမတတ်နိုင်ဘူးဆိုတဲ့အချက်ကို ဉာဏ်ကရောက်အောင် စဉ်းစားပါ။

အမှန်ကိုမသိတဲ့ အတ္တဟာ အမှားတွေကို စွဲဲနေတယ်။ ကာယကို အတ္တက ငါ့ကာယလို့ ပြောနေတာ။ သူပြောတဲ့အမှားကို ဖြေနိုင်ဖို့ ဘုရားရှင်က နည်းပညာ ပေးပါတယ်။ အခြေခံဖြစ်တဲ့ (၄၂) ကောဋ္ဌာသကို သိရမယ်။ သူတို့ရဲ့အလုပ်တွေကို အခြေခံအားဖြင့် ထိုက်သင့်သည့်အားလျော်စွာ သိရမယ်။ သိပြီးတော့မှ ဓာတ်ကြီးလေးပါးထဲက လေဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ တစိတ်တဒေသ ပါဝင်နေတယ်။ အခြားကောဋ္ဌာသတွေရဲ့ အလုပ်ထက် လေဓာတ်ရဲ့ ဝင်လေထွက်လေလုပ်တဲ့အလုပ်ဟာ သိသာတယ်။ မှတ်လို့ရတယ်။ ဒီ သိသာတယ် မှတ်လို့ရတယ်ဆိုတဲ့အလုပ်ကို သိအောင်ရှုမှတ်ပါ။

ဒီလိုရှုမှတ်ခိုင်းတော့ အတ္တက ဝင်ပြီးရှုမှတ်တယ်။ ငါရှူငါရှိုက်နဲ့ ရှုနေတော့ လိုရင်းအချက်ကို မရောက်ပါ။ လိုရင်းအချက်ရောက်ဖို့က ဒီရူပက္ခန္ဓာဟာ အတ္တခိုင်းလို့ လုပ်နေတာမဟုတ်၊ သူ့သဘာဝအတိုင်း သူလုပ်နေတယ်ဆိုတာကို သိဖို့အချက်ပါ။ ဒီလိုုသိဖို့ ရှုမှတ်တဲ့အခါ နည်း(၂)မျိုးရှိတယ်။

အတ္တဦးဆောင်၍ ရှုမှတ်တဲ့သဘောကို SUBJECTIVE OBSERVATION ခေါ်တယ်။ သဘာဝ တရားကို သဘာဝတရားအတိုင်း သူ့ဟာသူ ဝင်နေတာ ထွက်နေတာပါလားလို့ ရှုမှတ်တဲ့နည်းကို OBJECTIVE OBSERVATION ခေါ်တယ်။ အရေးအကြီးဆုံးအချက်က ဝင်လေထွက်လေဆိုသော အလုပ်ကို ရူပက္ခန္ဓာက သဘာဝအတိုင်းလုပ်နေတာဆိုတဲ့အချက်ကို ပထမ ပိုင်အောင်ကြည့်ပါ။ ဝင်လေထွက်လေဟာ ငါ မရှူမရှိုက်ဘဲ လေလေး ဝင်ထွက်နေမှန်း စိတ်ကသိပြီး၊ ဘာစိတ်လဲဲ၊ အတ္တမပါသော OBJECTIVE ANALYSIS, OBJECTIVE OBSERVATION ကို လုပ်နေတဲ့စိတ်က သိတာပါ။ ဒါဟာ သဘာဝတရားတွေ အဟုတ်တကယ်ရှိတယ်၊ အလုပ်တွေလုပ်နေတယ် ဆိုတာကို အတ္တသိအောင် လုပ်ပေးနေတာပါ။ ဒါမှ အတ္တက ဒီအသိတွေရပြီး အမှန်တရားကိုသိရင် အတ္တရဲ့ စွဲမှုအစွဲက လျော့လာမယ်။

ထိုင်တဲ့ ဣရိယာပုထ်နဲ့ ထိုင်နေတဲ့ ရူပက္ခန္ဓာဟာ ဝင်လေထွက်လေကိစ္စကို သူ့ဟာသူလုပ်နေတဲ့သဘောကို သိလာလို့ရှိရင် ဝင်လေထွက််လေသည် ငါမပိုင်၊ ငါ့ဟာမဟုတ်ဆိုပြီး အတ္တက တဖြည်းဖြည်း လျော့လာမယ်။ လက်တွေ့အားဖြင့် အဟုတ်ဝင်ထွက်နေတဲ့ လေရဲ့သဘာဝနဲ့ အမှန်ကို ရှုမှတ်ခြင်းသဘောက ပြလာမယ်။ ဒီ ပြလာတဲ့အစွမ်းက အတ္တချုပ်ကိုင်ထားတဲ့ အချုပ််ကို ဖြည်ခိုင်းတာပါ။ သက္ကာယဒိဋ္ဌိခေါ်တဲ့ အတ္တက ငါ့ကိုယ်လို့ စွဲနေတဲ့အစွဲကို လျော့အောင်လျှော့တဲ့နည်းမှာ ဒါဟာ အခြေခံလုပ်ငန်းသဘောဖြစ်ပါတယ်။

ဝင်လေထွက်လေ ရှုမှတ်ရင် ဝင်လေလည်း မမြဲ၊ ထွက်လေလည်းမမြဲတဲ့သဘောကို တွေ့တယ်။ ဘဝအတွက် အရေးကြီးဆုံး ရှင်ရေးဟာ သင်္ခါရအလုပ်လုပ်မှ ရှင်တာပါ။ အလုပ်သင်္ခါရ လုပ်နေလို့ ရှင်တာ။ ရှင်လို့ ဘဝရှိတာ။ သင်္ခါရနဲ့ ဘဝ ဆက်စပ်နေတယ်။ ဝင်လေထွက်လေဟာ မမြဲသောသဘောနဲ့ ရှင်ရေးအလုပ်ကိုလုပ်နေတာ။ အနိစ္စဟာ ရှင်ရေးကိစ္စအတွက် လိုအပ်ချက်။ အနိစ္စဟာ ရှင််ရေးအလုပ် သင်္ခါရနဲ့ ဆက်နေတာပါ။ အနိစ္စလို့ရွတ်ပြီး မမြဲဘူးလို့သိရုံနဲ့ ကိစ္စက မပြီးပါ။ ဝင်လေထွက်လေက အနိစ္စရဲ့အဓိပ္ပါယ်ကို ပြောနေတဲ့အတွက် အနိစ္စကိုသိချင်ရင် သင်္ခါရမှာ ရှုပါ။

နောက်တစ်ဆင့် ဝင်လေထွက်လေဟာ အမိဝမ်းကြာတိုက်က ကျွတ်သည်မှစ၍ ဝင်ခြင်း ထွက်ခြင်းအလုပ်လုပ်နေတာဟာ သဘာဝခန္ဓာကိုယ်က နားတဲ့အချိန်မရှိပါ။ ဒီရှင်ရေးအလုပ်ထဲမှာ ရပ်လို့နားလို့ မရတဲ့သဘောဟာ ပင်ပန်းတယ်၊ ဆင်းရဲပါတယ်။ ပင်ပန်းဆင်းရဲတာ ဒုက္ခပါ။ ရှင်အောင်လုပ်နေရတဲ့ဒုက္ခဟာ သင်္ခါရဒုက္ခပါ။ ဒုက္ခကို ရှင်ရေးအလုပ် သင်္ခါရမှာ ရှုပါ။

ကမ္ဘာကြီးကို ဖုံးလွှမ်းထားတဲ့ မိုင်(၅ဝဝ)လောက်ထုထူတဲ့ သဘာဝလေထုကြီးထဲက လေကို ပိုင်သောသူမရှိပါ။ လေဓာတ်ကို ထိန်းချုပ်လို့မရပါ။ လေသည် ငါမဟုတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူနဲ့အခြားသက်ရှိသတ္တဝါတွေ ရှူနေတဲဲ့ လေဓာတ်ပါ။ လေဓာတ်ကို နိုင်သူမရှိပါ။ လေဓာတ်ကို ရှူတာမှာ ငါမပိုင်ဘူး၊ ငါ့လေမဟုတ်ဘူးဆိုတဲ့ အနတ္တသဘောကို မြင်မယ်။ သဘာဝတရားတွေဟာ သဘာဝတရားတွေ၊ သူတို့အလုပ်လုပ်နေလို့ ရှင်တာ၊ ရှင်လို့ ဘဝရှိတာဆိုတဲ့ ပညာ ထောင့်စေ့အောင် အကျိုးအကြောင်းဆက်တဲ့ ပဋိစ္စသမုပ္ပါဒပညာက ပြပါတယ်။ ဝင်လေထွက်လေက ယောဂီကို အနိစ္စပညာ၊ ဒုက္ခပညာ၊ အနတ္တပညာပေးသော်လည်း ဘုရားသင်ပေးတဲ့ ပညာရမှ သိတာပါ။ ဒီပညာမရလို့ မသိရင် ‘ငါ’အားကောင်းတယ်။ ငါအားကောင်းတော့ ‘မာန်မာန’အား ကောင်းတယ်။ မာန်မာနအားကောင်းတော့ ‘ဒေါသ’အားကောင်းတယ်။ ဒေါသအားကောင်းတော့ ‘အကုသိုလ်’တွေ ပွားတယ်။ ဒီလို ဆက်စပ်တတ်အောင် ဆရာကြီးက ပညာသင်ပေးတာပါ။

ဘုရားရှင်ပေးခဲ့တဲ့ တရားဟာ အခုအထိ မှန်ကန်သောအဓိပ္ပါယ်ကို ထိုးဖောက်၍ ဆင်ခြင်နိုင်တယ်။ မှန်တာ သစ္စာ၊ ထိုးဖောက်တာ ဉာဏ်။ သစ္စဉာဏ်ရဖို့ အာနာပါန ဝင်လေထွက်လေပြောတဲ့ အဓိပ္ပါယ်ကို ဆင်ခြင်နိုင်ဖို့ သံသရာတလျှောက် တစ်ခါမှမရဖူးတဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ ရထားတာဟာ ထူးမြတ်သော တရားရတနာပါ။ အနှစ်သာရဖြစ်သော လက္ခဏာရေးသုံးပါးရဲ့ အဓိပ္ပါယ် ဖော်ထုတ်နိုင်တဲ့ ထူးမြတ်သော တရားရတနာကို သိမ်းပိုက်ပြီး သံသရာမှ ထွက်မြောက်နိုင်အောင် ကြိုးစားနိုင်ကြပါစေ။

နိဂုံး

ဘဝအဆင့် မြင့်ရာမြင့်ကြောင်း အရိယာဖြစ်ဖို့ သောတာပတ္တိမဂ်ရအောင် ဂရုကံဖြစ်သော ဝိပဿနာဉာဏ်အား ကောင်းရမယ်။ စိတ်ကို သမာဓိရအောင်လုပ်ပြီး လက္ခဏာရေးသုံးပါးကို သူ့လိုင်းနဲ့သူ စဉ်းစားဆင်ခြင်တဲ့ ပညာအား ကောင်းလာအောင် စဉ်းစားမှနဲ့ကြိုးစားပြီး ပွားများပါ။ ဝိပဿနာပညာအားဟာ ဘဝနှင့်ပတ်သက်လို့ မိမိဉာဏ်၏ ထောက်တည်ရာအားပါ။ စိတ်ကို လေ့ကျင့်ထားခြင်းဖြင့် သမထဘာဝနာက မိမိဉာဏ်ကို ဆွဲကိုင်စရာ ပေးပါတယ်။ ဘဝအဓိပ္ပါယ်ကို သိလာရင် ဘဝဒုက္ခတွေပေးနေတဲ့ အတ္တဒိဋ္ဌိဥပါဒါန်၊ ကာမဥပါဒါန်အစွဲတွေဟာ ဘဝကိုရှည်အောင် လုပ်နေတာပါ။ ဘဝတိုရုံတင်မက ဘဝဆင်းရဲ့ လွတ်မြောက်ရေးဟာ ရည်မှန်းချက်ပန်းတိုင်၊ ဦးတည်ချက်ပါ။

လက်ရှိဘဝမှာ ရုပ်ခန္ဓာရှိလို့ သေခြင်းတရားက လာမှာပါ။ အတ္တဆိုတဲ့ ငါအစွဲက သေရမှာ အလွန်ကြောက်တယ်။ သေတာဟာ ငါမဟုတ်၊ ရုပ်နာမ်ခန္ဓာ သဘာဝစက် ရပ်တာလို့ ဝိပဿနာ ပညာက ပေးပါတယ်။ ဒါကြောင့် သမာဓိအားရအောင် သတိအား၊ ဝီရိယအားတွေနဲ့ ကြိုးစားရပါတယ်။ ဝိပဿနာဘာဝနာဆိုတာဟာ စဉ်းစားနေမှ ပေါ်ပါတယ်။ အချိန်မရွေး ရုပ်အကြောင်းတွေ၊ ဝေဒနာအကြောင်းတွေ၊ ခန္ဓာအကြောင်းတွေ စဉ်းစားနေရင် ဝိပဿနာဉာဏ်တွေ တိုးပွားမယ်။ ဝိပဿနာပညာတွေ တိုးပွားအောင် စဉ်းစားဆင်ခြင်နေတာဟာ အခုခေတ်စကားနဲဲ့ပြောရရင် CONTEMPLATION ခေါ်ပါတယ်။ ဘာကို CONTEMPLATE လုပ်နေရလဲဆိုရင် ဘဝအဓိပ္ပါယ်ကို မှန်မှန်ကန်ကန်သိအောင် ဆင်ခြင်နေတာ၊ စဉ်းစားနေတာပါ။ CONTEMPLATION ကို အထောက်အကူပြုတာက စိတ်တည်ငြိမ်အောင်၊ သမာဓိရအောင်လုပ်တဲ့အလုပ် CONCENTRATION ပါ။

သံသရာမှာ နေခဲ့ရတာသည် အနန္တဘဝ၊ ပုထုဇဉ်ဟာ နောက်လည်း အနန္တဘဝနဲ့ နေရဦးမယ်ဆိုတော့ ဒီမှာ အဆုံးသတ် BOUNDARY မရှိပါ။ ဘုရားပေးတဲ့နည်းပညာက BOUNDARY လုပ်ပါ။ ဝိပဿနာပညာ၊ သမထဘာဝနာ(၂)ပါးနဲ့ ကြိုးစားရင် BOUNDARY ပေါ်လာမယ်။ သောတာပတ္တိမဂ်၊ သောတာပတ္တိ ဖိုလ်ရပြီဆိုရင် BOUNDARY ဆိုတဲ့နံရံက (၇)ဘဝပဲ ရှိတော့တာပါ။ ဟိုဘက်မှာ ဆက်ပြီး ဘဝမရှိတော့ပါ။ ဘဝအဆက်ဆက် သံသရာမှာ မရေမတွက်နိုင်သော ဘဝတွေကို သွားရမယ့်အစား (၇)ဘဝနဲ့ ဘောင်ခတ် အဆုံးသတ်ရမှာပါ။ ဒါသည် ဦးတည်ချက် လမ်းစဉ်ပါ။ မဂ္ဂဆိုတဲ့ လမ်းစဉ်နဲ့ ဦးတည်ချက်ကို ပုံဖော်ရတာပါ။ ဒီလို ဆရာကြီးက အလွန်ခက်သော ဓမ္မသဘာဝများကို နားလည်အောင် လောကီ လောကုတ္တရာ အခြေခံနှစ်ခုကိုသုံး၍ ပညာကို စနစ်သစ်နဲ့ သင်ပြပေးတာပါ။

ကျွန်တော်တို့တတွေ သံသရာဝဋ်မှာ လည်ပတ်နေတဲ့စက်ကြီးကို ရပ်ဖို့နဲ့ သံသရာမှထွက်မြောက်နိုင်အောင် ကြိုးစားကြဖို့ပါ။ ဒီပညာမျိုး မိမိသဏ္ဍာန်မှာ စွဲမြဲနေအောင် သတိအား၊ ဝီရိယအား၊ ပညာအားနဲ့ ကြိုးစားရပါမယ်။ ကလျာဏ ပုထုဇဉ်တွေရဲ့ အလုပ်ဟာ ဘုရားသင်ပေးတဲ့ ထောက်တည်ရာရအောင်ကြိုးစား၊ ဆွဲကိုင်စရာ ရအောင်ကြိုးစားပြီး ဦးတည်ချက်ကို သေသေချာချာ မြင်အောင်ကြည့်ဖို့ပါ။ အားလုံးသော ဓမ္မမိတ်ဆွေတွေ သမ္မာသမ္ဗုဒ္ဓ ဟောကြားခဲဲ့တဲ့ ဓမ္မ ရတနာကို ရတနာမှန်းသိပြီး လိုလိုလားလား မြတ်မြတ်နိုးနိုး သိမ်းပိုက်နိုင်ကြသော၊ ကျေးဇူးရှင်ဆရာကြီးအား ကျေးဇူးအထူးဆပ်နိုင်ကြသော သူတော်ကောင်းများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု

သာဓု၊ သာဓု၊ သာဓု