ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“မဂ္ဂဖလသမ္မာဒိဋ္ဌိ”

“မဂ္ဂဖလသမ္မာဒိဋ္ဌိ”

သမ္မာဒိဋ္ဌိဆိုတာ အမြင်မှန် အယူမှန်တဲ့ သဘောပါ။ မိမိရဲ့ ဉာဏ်မျက်စိထဲမှာ မြင်နေတဲ့ သဘာဝတရားတွေ မှန်ကန်ဖို့ဖြစ်ပါတယ်။ ဒီအမြင်ကို မှီပြီးတော့ အယူမှန်တာကို သမ္မာဒိဋ္ဌိခေါ်ပါတယ်။ ဒေသနာမှာပါတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ကံနဲ့ပတ်သက်တဲ့ အကြောင်းအရာပေါ်မှာ အမြင်မှန်ဖို့ဖြစ်ပါတယ်။ ဝိပဿနာသမ္မာဒိဋ္ဌိက ဝိပဿနာဆိုတဲ့ သဘာဝတရား (သဘာဝတရားဆိုတာ ဓမ္မသဘာဝ)ကို ထိုးထိုးထွင်းထွင်း ရှုမှတ်နိုင်တဲ့စွမ်းအား၊ ထိုးထိုးထွင်းထွင်း မြင်နိုင်တဲ့စွမ်းအား၊ ဝိပဿနာစွမ်းအား၊ ဒီလို ထိုးထွင်းကြည့်တဲ့နေရာမှာ နည်းပညာမှန်ကန်ဖို့၊ သမ္မာဒိဋ္ဌိ မှန်ကန်သည့်နည်းနဲ့ မြင်ဖို့ဖြစ်ပါတယ်။

အခု ကျွန်တော်တို့ ဆွေးနွေးမယ့် အကြောင်းအရာက မဂ္ဂဖလသမ္မာဒိဋ္ဌိ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ခေါ်တဲ့ သဘာဝတရားကို သေသေချာချာ ဉာဏ်မျက်စိနဲ့ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းန်း သိဖို့မြင်ဖို့ သမ္မာဒိဋ္ဌိဖြစ်ပါတယ်။ အခြားဒေသနာများ၊ လူ့လောကမှာ ထင်ရှားရှိနေတဲ့ ပညာရပ်များနဲ့ ဒီအကြောင်းအရာများကို စဉ်းစားဆင်ခြင်နိုင်တဲ့ အခြေအနေ မရှိပါ။ ကံအကြောင်းသိဖို့ မလွယ်ပါ။ ဝိပဿနာအကြောင်းလည်း သိဖို့မလွယ်ပါ။ ဒီနှစ်ခုထက် ပိုလွန်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်အကြောင်းလည်း သိဖို့မလွယ်ပါ။

သို့သော်လည်း ကျွန်တော်တို့ကိုယ်တိုင် ဒေသနာမှာပါတဲ့ တရားများကို ထပ်ခါထပ်ခါ သင်ယူခြင်း ဆွေးနွေးခြင်း လေ့လာခြင်းဆိုတဲ့ ကိစ္စတွေလုပ်ထားတော့ ဒီသဘောတွေကို ထိုက်သင့်သည့်အားလျှော်စွာ သိနေ နားလည်နေပါတယ်။ ဒီလို သိနေ နားလည်နေတဲ့အဆ့င်မှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်လို့ခေါ်ရတဲ့ ဉာဏ်များရဲ့အဆင့်ကို လေ့လာဖို့ကျတော့ ပထမလေ့လာခဲ့တဲ့ ကံအကြောင်း၊ ဝိပဿနာအကြောင်းဆိုတဲ့ အဆင့်မြင့်သော ဓမ္မသဘာဝကို လေ့လာရတာပါ။ ဓမ္မသဘာဝကို လေ့လာရင် အဆင့်မြင့်သဘာဝတရားတွေဖြစ်တဲ့ မဂ်(မဂ္ဂ) ဆိုတဲ့ သဘာဝတရား၊ မဂ်ဉာဏ်ဆိုတဲ့ သဘာဝတရားဟာ ဒေသနာမှာ ပါပါတယ်။ မဂ်ဉာဏ်မဟုတ်သော်လည်း သိမ်သိမ်မွေ့မွေ့နဲ့ လေးလေးစားစား ထူးထူးခြားခြားအားထုတ်မှ ကျင့်မှရတဲ့ ဈာန် (ဈာန်)တရားလည်း ရှိပါတယ်။ ဈာနတို့ မဂ္ဂတို့ဆိုတာ သေသေချာချာ ဆင်ခြင်နှလုံးသွင်းနိုင်မှ သဘောပေါက်ရုံ ရှိပါတယ်။ ဒါတွေကို လက်တွေ့ ကိုယ်ပိုင် ရယူနိုင်သည့်တိုင်အောင် ကြိုးစားရသော အဆင့်သို့ရောက်တော့ အတော်ကို ခဲခဲယဉ်းယဉ်း အားထုတ်မှ ရတဲ့သဘာဝပါ။

ဟေတုပစ္စယအစရှိတဲ့ ၂၄-ပစ္စည်းတို့မှာ ပါပါတယ်။ ဈာန်ဆိုသော စွမ်းအားတွေရရင် ဈာန်စွမ်းအားက အထောက်အကူပြုတဲ့သဘော ဈာနပစ္စယောပါ။ ထို့အတူ မဂ္ဂလို့ခေါ်သော ပညာဉာဏ်၊ နိဗ္ဗာန်ကို ရှေ့ရှုသွားသောလမ်း၊ ဒီဉာဏ်ဟာ မဂ်ဉာဏ်၊ ဒီပညာဉာဏ်ဟာလည်း အထောက်အကူပြုတယ် မဂ္ဂပစ္စယော။ ဒီလို အထောက်အကူပြုနိုင်လောက်သော စွမ်းအားအဆင့်ရောက်ဖို့ အလွန့်ကို ကြိုးစားထားမှ ရကြတာပါ။ ဈာန်ရသူပဲဖြစ်ဖြစ်၊ မဂ်ဉာဏ်ရသူပဲဖြစ်ဖြစ် သောတာပတ္တိမဂ် အနည်းဆုံးရတဲ့ အဆင့် (သို့) ပထမဈာန်၊ ဒုတိယဈာန်များ ရောက်တဲ့အဆင့်များသို့ရောက်ရင် ရိုးရိုးသာမန်လူတို့ သိနားလည်ထားတဲ့အဖြစ်နဲ့ ဤဈာန်ရတဲ့အဆင့်၊ မဂ်ရတဲ့အဆင့်မျိုး မတူပါ။ တစ်ဆင့်ကွာသွားပါတယ်။

“ကာမာဝစရ (၁၁) ဘုံ ကွာခြားချက်များ”

ကာမဝစရဘုံဘဝမှာ နေကြတဲ့ သတ္တဝါများထဲမှာ လူဆိုသောလူဟာ အဆင့်မြင့်တယ်။ စဉ်းစားနိုင်တယ်။ ဆင်ခြင်နိုင်တယ်။ ဒီ (၁၁)ဘုံထဲမှာ လူထက် အဆင့်မြင့်တဲ့ နတ်ဘုံ (၆) ဘုံ၊ လူထက်အဆင့်နိမ့်တဲ့ အောက်ဘုံ(၄)ဘုံ၊ လူက အောက်ဘုံ (၄)ဘုံနဲ့ အထက် (၆)ဘုံကြား အလယ်မှာရှိတယ်။ လူတွေကို ကာမာဝစရဘုံသားလို့ခေါ်ရတာဟာ အာရုံငါးပါး ကာမဂုဏ်တရားတို့နယ်မှာပဲ ပျော်ပိုက်သိမ်မွေ့လျှော်နေကြတဲ့ သတ္တဝါများ ဖြစ်ကြလို့ပါ။ နတ်ပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် ခန္ဓာငါးပါးနဲ့ နေကြတယ်။ သတ္တဝါတွေမှာ ဒီခန္ဓာငါးပါးဟာ အာရုံငါးပါးနဲ့ မွေ့လျော်နေတဲ့ ခန္ဓာငါးပါး၊ တိရစ္ဆာန်တွေလည်း ဒီအာရုံတွေနဲ့ မွေ့လျော်တယ်၊ လူလည်း ဒီအာရုံတွေနဲ့ မွေ့လျော်တယ်၊ နတ်လည်း ဒီအာရုံတွေနဲ့ မွေ့လျော်တာပါ။ ဒီလိုနေနေတဲ့အဆင့်ကတဆင့် စရိုက်ဆိုတဲ့ မွေ့လျော်နေတဲ့ သဘာဝ ပြောင်းသွားတယ်။ ဒါဟာ လောကီလို့ခေါ်တဲ့ ဈာန်အဘိဉာဏ်များရအောင် ကြိုးစားရတဲ့နယ်မှာလည်း ဒီဈာန် ဒီအဘိဉာဏ်များရရန် ပထမ ဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် စသဖြင့် ဒီဈာန်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း လူ့အဖြစ်က ဈာန်ရသွားတယ်ဆိုရင် ကာမာဝစရဘုံသားနဲ့ မတူတော့ပါ။ ဒီအချက်ကို သေသေချာချာ ဉာဏ်နဲ့စဉ်းစားပါ။ ဈာန်ဆိုတဲ့ ဈာနခေါ်တဲ့သဘောဟာ ပုထုဇဉ်တို့ မွေ့လျော်ပျော်ပါးနေတဲ့ အာရုံများ ပဉ္စာရုံ ခေါ်တဲ့ အာရုံငါးပါးကို ဒီဈာန်တွေက ရှို့မြိုက်ဖျက်ဆီးပစ်လိုက်တာပါ။ ဒီလို ဖျက်ဆီးပစ်လိုက်တဲ့အတွက် ဒီခန္ဓာငါးပါးမှာ ဈာန်တရားနဲ့ မွေ့လျော်နေတဲ့အချိန်မှာ ကိလေသာတွေ မရှိပါ၊ ကင်းဆိတ်သွားတယ်။ ဒီမှာ သေသေချာချာ စဉ်းစားရမယ့်အချက်က ပုထုဇဉ်တို့သည် အာရုံငါးပါးနဲ့နေတဲ့ ကာမာဝစရဘုံသားတွေပါ။ ဈာန်တွေရလို့ ပထမဈာန်က စတုတ္ထဈာန်အထိ တက်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလူသားဟာ ဈာနပစ္စယောဆိုတဲ့ ဈာန်စွမ်းအားကြောင့် သူ့ရဲ့စရိုက်၊ သူရဲ့အကျင့်က ကိလေသာတွေကို ပယ်နိုင်သတ်နိုင်တယ်။ ဒီလို ကိလေသာတွေကို ပယ်သတ်ဖယ်ရှားထားတော့ ဘုံအားဖြင့် သဘောအားဖြင့် ပြောင်းသွားပါတယ်။ လူတော့ လူပဲ၊ သို့သော် ရူပါဝစရဘုံသားလို့ခေါ်တဲ့ ဗြဟ္မာများနဲ့ တူသွားတယ်။ ဒီတော့ လူသားဖြစ်ပေ မယ့် ပုထုဇဉ်နဲ့ ဈာန်ရပုဂ္ဂိုလ် အဆင့်ချင်း မတူပါ။ ဈာန်၏ အထောက်အပံ့ဆိုသည်မှာ ကာမာဝစရဘုံသား ပုထုဇဉ်တို့ကို နှိပ်စက်နေတဲ့ ကိလေသာများ၏ နှိပ်စက်မှုကို သာမာဓိစွမ်းအားနဲ့ ပယ်ထားတော့ ငြိမ်းချမ်းတယ်၊ လူသား ဖြစ်သော်လည်း ငြိမ်းချမ်းတော့ ဗြဟ္မာတို့၏ ဘုံဘဝနဲ့တူတယ်။ ဒါဟာ ရူပါဝစရဈာန်ရတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဒီထက်အဆင့်မြင့်တဲ့ အရူပါဈာန်ရတဲ့ ပုဂ္ဂိုလ်များက ပို၍ထူးသော ပို၍ဖြင့်သောအဆင့်ကို ရောက်ပါတယ်။

“ထူးသောအမြင် ထူးသောအသိရရှိခြင်း”

နာမ်ဓာတ်ကို လေ့ကျင့်၍ ပွားများအားထုတ်ရင် ထူးသောအမြင် ထူးသောအသိ ဝိပဿနာဉာဏ်ကို ရပါတယ်။ လောကီဝိပဿနာဉာဏ်တွေရအောင် ကြိုးစားအားထုတ်တဲ့ အခါ ဈာန်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်၏ အဆင့်သည် ရိုးရိုးပုဂ္ဂိုလ်၏ အဆင့်ထက်မြင့်နေပြီဆိုတာ ဉာဏ်နဲ့ စဉ်းစားကြည့်တဲ့အခါ သာမန်လူသားတို့ သိနေ နားလည်နေ ခံစားနေတဲ့ မနုဿဓမ္မထက် အဆင့်သွားသော ဥတ္တရိမနုဿဓမ္မကို လက်ကိုင်ရထားပါတယ်။ မနုဿဓမ္မဆိုတာ သာမန်ပုထုဇဉ်တို့ နေနေတဲ့ဘဝ သူတို့ရဲ့စရိုက်၊ သူတို့ရဲ့အသိ၊ သူတို့၏ အကျင့်ဖြစ်ပါတယ်။ ပုထုဇဉ်တို့ ရထားတဲ့ဓမ္မထက် အဆင့်မြင့်သော ဈာန်တရားများ ရထားသောပုဂ္ဂိုလ် (Transcendental state) ဈာန်ရတဲ့ ပုဂ္ဂိုလ်ဟာ ပုထုဇဉ်တို့ထက် အဆင့်သွားပါပြီ။ ဒါဟာ လောကီနယ်မှာပါ၊ လောကုတ္တရာနယ် မဟုတ်သေးပါ။ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဟာ လောကီဈာန်၏ စွမ်းအားကြောင့် တိုက်ရိုက်ခံစားမှုစွမ်းအားရသော အာရုံငါးပါးအပေါ်မှာ အားထုတ်မှု သမာဓိအားနဲ့ ဆက်လိုက်လို့ ဒီအချိန်မှာ ကာမအာရုံတွေက သူတို့ကို မနှိပ်စက်နိုင်ပါ။ အဲဒါတွေက လွတ်ကင်းတယ်၊ ငြိမ်းချမ်းတယ်၊ သို့သော် သူတို့ရဲ့ နာမ်ခန္ဓာအစဉ်မှာ အမြဲတမ်း လိုက်ပါလာတဲ့ အနုသယကိလေသာများ ကိန်းအောင်းလျှက် ရှိနေဆဲဖြစ်ပါတယ်။ ဒီ အနုသယကိလေသာများကို မပယ်နိုင် မသတ်နိုင်သေးဘဲ ဈာန်အဆင့်က ကျသွားရင် ဈာန်က လျှောသွားရင် ကိလေသာတွေက ဝင်လာမှာကြောင့် သူတို့သည် လောကုတ္တရာ နယ်သားမှာ မပါပါ။ သို့သော် သူတို့ဟာ ထူးသောပုဂ္ဂိုလ် မြတ်သောပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။

“ဘုရားရှင်ပေးသော လောကုတ္တရာနည်းပညာ”

ဘုရားရှင်များ ပွင့်ထွန်းလာသောအခါ လောကမှ လွတ်မြောက်ကြောင်း သံသရာမှ လွတ်မြောက်ကြောင်း၊ လောကုတ္တရာနည်းပညာတွေကို သေသေချာချာ နားလည်အောင် ပထမအဆင့် သုတမယပညာနဲ့ ဒေသနာတွေကိုဟော၊ ဒေသနာတွေနားကြားရလို့ အဓိပ္ပါယ်ပေါက်အောင် ထပ်တလဲလဲ စဉ်းစားဆင်ခြင်တော့ စိန္တာမယပညာတွေ အားကောင်းလာတဲ့အခါကျမှ သဘာဝတရားတွေ မိမိနာမ်ခန္ဓာမှာ တကယ်တည်အောင် ဘာဝနာမယပညာနဲ့ ပွားများအားထုတ်ဖို့ တိုက်တွန်းပါတယ်။ လိုအပ်ချက်က တကယ်အားထုတ်မှ ဒီပညာတွေ ဒီသဘာဝတွေ တည်နေမှာပါ။ တည်နေအောင် အားထုတ်ဖို့လိုတယ်လို့ ကိုယ်တိုင်စဉ်းစားဆင်ခြင်မှ ဉာဏ်က ပေးလို့သိလာတော့ ဒီလုပ်ငန်းလုပ်ရင် အကျိုးရှိတယ်လို့ ယုံကြည်လာမှ ဒီဝိပဿနာအလုပ်တွေကို အဟုတ်ပွားများလာတဲ့အခါ ဝိပဿနာဉာဏ်အားကြောင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့ အဆင့်မြင့်တဲ့ ဉာဏ်တွေရဲ့ အဆင့်တွေ တက်သွားပုံကို ‌ဒေသနာမှာ ရှင်းပြပါတယ်။

“ရုပ်သင်္ခါရ နာမ်သင်္ခရတို့ ပူးပေါင်းအလုပ်လုပ်နေသော ဘဝ”

သင်္ခါရတရားတွေ၊ ရုပ်ဓာတ်နာမ်ဓာတ်တွေ အလုပ်လုပ်နေတဲ့ဘဝ၊ ရုပ်ဓာတ် နာမ်ဓာတ်တွေ အလုပ်လုပ်အောင် ကံအားတွေဖြည့်ပေးနေတဲ့ဘဝ၊ ဒီအားတွေ ရှိနေသေးသမျှ ရုပ်ဓာတ် နာမ်ဓာတ်တွေက အလုပ်လုပ်၊ ရုပ်ဓာတ်နာမ်ဓာတ်တွေ အလုပ် လုပ်တိုင်း ရုပ်စွမ်းအား နာမ်စွမ်းအားထက် ထူးသောကံစွမ်းအားတွေ ထွက်ပေါ်လာ၊ ထွက်ပေါ်လာတဲ့ ကံစွမ်းအားတွေ ရှိနေသေးသမျှ ကံစွမ်းအားက ထပ်၍ ထပ်၍ ဘဝအသစ်ကို တည်ပေးတယ်၊ ရုပ်အသစ် နာမ်အသစ်ကို တည်ပေးပါတယ်။ ဒီအားတွေ တကယ်အလုပ်လုပ်နေတယ်ဆိုတာ ကို မြတ်စွာဘုရားက နားလည်အောင် ရှင်းပြပါတယ်။ ဒီ ကိစ္စဟာ သာမန်နဲ့တော့ နားမလည်နိုင်ပါဘူး။ ဓမ္မသဘာဝကို သေသေချာချာ စူးစူးစိုက်စိုက် ဆင်ခြင်တဲ့ ပုဂ္ဂိုလ်များ မှသာ သဘောပေါက်ပါတယ်။

ဒီအကြောင်းအရာတွေကို နားလည်သဘောပေါက်လာတော့ မိမိရဲ့ စိန္တာမယဉာဏ်စွမ်းအားတွေ အလွန်ထက်မြတ်လို့ မိမိရဲ့အဟုတ်ယုံကြည်တဲ့ သဒ္ဓါတရားတွေ အားကောင်းလာတဲ့အခါ ဘဝသံသရာမှ လွတ်ကြောင်းတရားတွေ အားထုတ်ပါတယ်။ ဒီဘဝ ဒီသံသရာထဲမှာ ထပ်ခါတလဲလဲ လည်ပတ်နေရသော အခြေခံအကြောင်းအရာတွေကို အခြေခံပြီး ဘုရားရှင် ရှင်းပြတဲ့ ဘဝစက်လည်ရာ လည်ကြောင်းအတွက် ထောက်ပံ့ပေးနေတဲ့ စွမ်းအားတွေကို တစ်ခုစီ တစ်ခုစီ ဖယ်ရှားပါ။ ဖယ်ရှားဖို့ဆိုတာ လေ့ကျင့်ခန်းနဲ့ လေ့ကျင့်ပြီးတော့ ဉာဏ်စွမ်းအား၊ အမြင်မှန်ရထားတဲ့ သမ္မာဒိဋ္ဌိအားက နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ဟာ ဘယ်ပုံဘယ်နည်း တည်ဆောက်ထားတယ်၊ တည်ဆောက်ထားတဲ့ လမ်းရဲ့ သဘောသဘာဝကို တစ်ဆင့်ပြီးတစ်ဆင့် ပန်းတိုင်တစ်ခုက ပန်းတိုင်တစ်ခုအထိ တက်လှမ်းရတဲ့ သဘောတွေ၊ မှတ်တိုင်တစ်ခုက မှတ်တိုင်တစ်ခုသို့ တက်လှမ်းရတဲ့ သဘောတွေကို ဘုရားရှင်က ရှင်းပြပါတယ်။ ဒီလို ရှင်းပြတဲ့အတိုင်း သေသေချာချာ နားလည်အောင် အားထုတ်ကြရပါတယ်။ ဒီလိုအားထုတ်တဲ့ နေရာမှာ ဘုရားရှင်က ဟောပါတယ်။

“သီလစင်ကြယ်မှ စစ်မှန်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခြင်း”

အခြေခံအားဖြင့် ပုထုဇဉ်တို့ မြင့်သောတရား မြတ်သောတရားများကို အားထုတ်မယ်ဆိုရင် မိမိမှာ သီလစင်ကြယ်ဖို့ လိုပါတယ်။ အခြေခံအားဖြင့် စင်ကြယ်သော သီလမရှိရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို တက်လှမ်းသော မဂ်တရား ဖိုလ်တရားအလုပ် မလုပ်နိုင်ပါ။ ဈာန်အလုပ်ကိုလုပ်တဲ့ သမာဓိအားများ ပေါ်လာအောင် တည်ထောင်တဲ့ ယောဂီဟာလည်း သီလစင်ကြယ်ရမယ်။ မဂ်ကိစ္စ၊ ဖိုလ်ကိစ္စပဲဖြစ်ဖြစ် ဈာန်ကိစ္စပဲဖြစ်ဖြစ် အားထုတ်မည်ဆိုသော ပုဂ္ဂိုလ်သည် သီလစင်ကြယ်မှ ဖြစ်ပါတယ်။ ဒါကြောင့် စင်ကြယ်သော သီလပေါ်မှာ ရပ်တည်ပြီးတော့ ဉာဏ်ပညာ ထက်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်မှပါ။ သီလလည်း စင်ကြယ်ရမယ်။ ဉာဏ်ပညာလည်း ထက်မြတ်ရမယ်။ ဒီတော့ စိတ္တံ ဘာဝေယျ စိတ်ကို အားကောင်းလာအောင် အားထုတ်ရမယ်။

“သမာဓိရအောင် အားထုတ်ခြင်း”

စိတ်ကို အားကောင်းလာအောင် အားထုတ်တယ်ဆိုတာ သမာဓိအားအလုပ်၊ တစ်ခုတည်းသော အာရုံပေါ်မှာ တည်တည်ငြိမ်ငြိမ် ထားနိုင်သောစွမ်းအား သမထအလုပ်ပါ၊ ဒါဟာလည်း သံသရာမှ ထွက်ကြောင်းအလုပ်ထဲမှာ အခြေခံအားဖြင့် တည်ရှိတဲ့အလုပ်ပါ။ မဂ်ပညာ ဖိုလ်ပညာများကို တည်ဆောက်တော့မယ်ဆိုရင် သမာဓိအားပါမှ ဖြစ်ပါတယ်။ သမာဓိအားနဲ့ ပတ်သက်လို့ ပြောပြထားတဲ့အချက်က အဆင့်မြင့်တဲ့ ဈာန်အားတွေရအောင် တက်လှမ်းတဲ့ ပုဂ္ဂိုလ်ကြီးများဟာ သူတို့ အားထုတ်ထားတဲ့ သမာဓိအားတွေ အလွန်ခိုင်မြဲပြီး ပြည့်စုံတဲ့ သမာဓိတွေပါ။ သူတို့ကို နာမည်ပေးထားတာ အပ္ပနာသမာဓိပါ။ ဒီလို ခိုင်မြဲတဲ့ သမာဓိအဆောက်အအုံကြီးကို ရောက်အောင် မသွားနိုင်တောင် အပ္ပနာသမာဓိ၏ အရှေ့မျက်နှာစာပိုင်း နေရာလေးကိုဖြင့် ဥပစာရသမာဓိ ခေါ်ပါတယ်။

အထက်ဖြစ်သော ရူပါဈာန်၊ အရူပဈာန်များသို့ ရောက်အောင်သွားတာ မဟုတ်ဘဲ ရိုးရိုး ဥပစာရသမာဓိပါ။ ဥပစာရသမာဓိဖြစ်အောင်တော့ လေ့ကျင့်ထားရပါတယ်။ ပွားများအားထုတ်ရမယ့် သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော ဝိပဿနာပညာဟာ သမာဓိအားနှင့်တွဲပြီး မြှင့်တင်မှ ဝိပဿနာအားတွေတက်လာတယ်။ ဝိပဿနာအားဟာ တဖြည်းဖြည်း လေ့ကျင့်ပါများလို့ တက်လာတဲ့အခါ ဉာဏ်၏ စွမ်းအားကို တိုင်းတာ ပြပါတယ်။

“ဉာဏ်၏အဓိပ္ပါယ်များ”

ဉာဏ်ဆိုတာ သိတဲ့သဘောဖြစ်ပါတယ်။ ဒေသနာမှာ “ညာတ” လို့ခေါ်တယ်။ ညာတဆိုတဲ့ စကားလုံးကို ပါဠိစကားလုံးတွေနဲ့ ပါဠိသဒ္ဒါတို့ရဲ့ အသုံးအနှုန်းအရ ညာတရဲ့ ရှေ့က “သ” နဲ့တွဲရင် သညာတ၊ ညာတရဲ့ရှေ့က “ဝိ”နဲ့တွဲရင် ဝိညာတ၊ ညာတရဲ့ရှေ့က “ပ”နဲ့တွဲရင် ပညာတတဲ့၊ မြန်မာတို့ရဲ့ အသံထွက်က သညာတကို သင်ညာ၊ ဝိညာတကို ဝိညာဏ်၊ ပညာတကို ပညာလို့အသံထွက်တယ်။ ဒါညာတဆိုတဲ့ “သိ”ကို အခြင်းအရာ တစ်ခုနှင့် တစ်ခုမတူတာကို သ၊ ဝိ၊ ပနဲ့ ခွဲခြားကြတယ်။

“သညာတ” သင်ညာက မှတ်တဲ့သဘောနဲ့ သူ့ကိစ္စပြီးတယ်။ “ဝိညာတ” ဝိညာဏ်ဆိုတာက သဘာဝမြင်ကိစ္စ၊ ကြားကိစ္စတွေမှာ မြင်သောအဆင်း၊ ကြားသော အသံတို့ကို သိအောင်ဆောင်ရွက်ပေးတဲ့ သဘော၊ နောက်တဆင့်တက်လိုက်တဲ့အခါ “ပညာတ” ပညာက ပိုင်းပိုင်းခြားခြား သိလာတယ်။ ဒီဉာဏ်တွေ တဆင့်ပြီး တဆင့်တက်ပြီးတော့ အလုပ်လုပ်လာတာပါ။ ဒီလို အလုပ်လုပ်တဲ့ ယောဂီ၏ လုပ်ငန်းမှာ ဝိပဿနာဉာဏ်အားတွေ တဆင့်ပြီးတဆင့် တက်လာတယ်။ တက်လာတော့ ဘာနဲ့တွဲလာတုန်းဆိုရင် ဉာဏ်အားပါတယ်၊ သမာဓိအားပါတယ်။ သမာဓိအားဆိုတဲ့ တည်ငြိမ်မှုစွမ်းအား၊ ပညာက ထိုးထွင်းဆင်ခြင်တဲ့ အား၊ ဒီနှစ်ခုနဲ့ တွဲပြီးတက်လာတဲ့အခါ ဉာဏ်ဆိုတဲ့ အဆင့်ရောက်တော့ ထူးထူးခြားခြား သိသောဉာဏ်၊ “အဘိညာဏ”ဆိုတဲ့ ဉာဏ်အဆင့်သို့ ရောက်သည့်တိုင်အောင် ဝိပဿနာအား၊ သမာဓိအားနှင့် လေ့ကျင့်ခန်းလုပ်လို့ တက်လာတာပါ။ အဘိညာဏဆိုတဲ့ ထူးသောအဆင့်၊ ထူးသောအမြင်၊ ထူးသောအသိရပြီဆိုမှ သဘာဝလက္ခဏာ အမှတ်အသားတွေကို သိပုံသိနည်း မတူတော့ပါ။ ပုထုဇဉ်တို့သိနေတဲ့ ဝိညာဏ်နဲ့ သိတဲ့အသိ၊ ပညာနဲ့သိတဲ့အသိမျိုးထက် ပိုလွန်သော အဘိညာဏနဲ့ သိသော အသိအဆင့်ကို တက်လှမ်းရပါတယ်။

“ဘုရားရှင် သင်ကြားပေးသော ကမ္မဋ္ဌာန်းများ”

ဉာဏ်တွေကျက်စားရာ ကမ္မဋ္ဌာန်းအာရုံ အမျိုးမျိုးကို ဘုရှားရှင်က သင်ပြပေးပါတယ်။ ပထမဦးဆုံး ကာယလို့ခေါ်တဲ့ ရူပက္ခန္ဓာကြီးကို ရှုမှတ်ဖို့ နည်းပညာဖြစ်တဲ့ ကာယာနုပဿနာ ပညာကို သင်ပြပါတယ်။ ရူပက္ခန္ဓာကြီးဟာ အလုံးလိုက်၊ အခဲလိုက်လို့ မိမိရဲ့စိတ်ကသိ နေပေမယ့် ပညာဆိုတဲ့ ခွဲခြမ်းစိတ်ဖြာတတ်လာသောဉာဏ်နှင့် ကြည့်လိုက်ရင်၊ တစ်စိတ်စီ တစ်ပိုင်းဆီ ခွဲတတ်တဲ့ ပညာရရင် ခွဲကြည့်ပါ။ အခဲသဘောနဲ့ ခွဲကြည့်ရင် အခဲနဲ့ တည်ဆောက်ထားတဲ့ အမျိုးပေါင်းက (၂၀)၊ အရည်နဲ့ ခွဲကြည့်ရင် အရည်နဲ့ တည်ဆောက်ထားတဲ့ အမျိုးပေါင်းက (၁၂)၊ လေဓာတ်နဲ့တည်ဆောက်ထားတဲ့ အမျိုးပေါင်းက (၆)၊ အပူဓာတ်နဲ့ တည်ဆောက်ထားတဲ့ အမျိုးပေါင်းက (၄)မျိုးဆိုတော့ အားလုံး ခွဲခြမ်းစိတ်ဖြာကြည့်ရင် (၄၂)မျိုးရှိပါတယ်။ ဒီ (၄၂)မျိုးဟာ ရူပက္ခန္ဓာအဟုတ်တကယ် ဖြစ်အောင် တည်ဆောက်ပေးတဲ့ ပစ္စည်းများပါ။ ဒီကတစ်ဆင့်တက်ပြီး ဘုရားရှင်က ဒီ (၄၂)မျိုးလုံးကို အခြေခံ ဓမ္မသဘာဝ အားဖြင့်၊ ရူပသဘာဝအားဖြင့် ခွဲခြားပြီးတော့ အခဲဟာ အခဲ၊ အရည်ဟာ အရည်၊ လေဟာ လေ၊ ဒီလိုပဲ အပူဓာတ်စွမ်းအားတွေလည်း သူ့ရဲ့ဓာတ်တွေကို ခွဲပြပါတယ်။

ဓာတ်ကြီးလေးပါးရဲ့ သဘောကို ဉာဏ်က စဉ်းစားဆင်ခြင်ဉာဏ်နဲ့၊ နှလုံးသွင်း ဆင်ခြင်၊ ဆင်ခြင်တဲ့အခါ ဓာတ်ကြီးလေးပါးကို မြင်လာတယ်။ ဓာတ်ကြီးလေးပါး ထဲကမှ တစ်ခုစီခွဲပြီးတော့ ပထဝီကို ပထဝီသဘောနဲ့ ရှု။ ပထမဝီသဘောနဲ့ ရှုတယ်ဆိုတာ အခဲဓာတ်ကို ရှုတယ်လို့ ပြောနေတာပါ။ အမှန်စင်စစ်က ရူပက္ခန္ဓာ ထဲမှာ ရှိနေတဲ့ အခဲသဘောတွေကို ရှုတာပါ။ ထို့အတူ အာပေါဓာတ်ဆိုတဲ့ အရည်ဓာတ်တွေကို ရှုတယ်။ နောက်ပြီး‌တော့ လေဓာတ်တွေ၊ လေဓာတ်ခြောက်မျိုး၊ ပျံ့နှံ့ပြီး တည်ရှိနေတာကို ရှုတယ်။ နောက်တစ်ဆင့် အပူဓာတ်တွေ ပျံ့နှံ့ပြီး တည်ရှိနေတာကို ရှုတယ်။ ဒီလိုခွဲခြမ်းစိတ်ဖြာပြီး ရှုမှတ်တဲ့အခါ ရူပက္ခန္ဓာနှင့် ပတ်သက်တဲ့ သဘာဝတရားတွေကို ဉာဏ်မျက်စိထဲမှာ ပိုင်းပိုင်းခြားခြား သိလာတယ်။ သိတာဟာ ဝိပဿနာပညာအဆင့်ပဲ ရှိသေးတယ်။ ဝိပဿနာပညာအဆင့်နဲ့ တွဲပြီး ရူပဓာတ်တွေရဲ့ အနေအထားကို သိလို့ရှိရင် ရူပဓာတ်တွေ အလုပ်လုပ်နေကြပါလားလို့ စဉ်းစားမိတယ်။ အလုပ်တွေ လုပ်ကြတဲ့ ရုပ်ဓာတ်တွေပါလား။ အခဲလည်း သူ့အလုပ်သူ လုပ်ရတယ်။ အရည်လည်းသူ့အလုပ်သူ လုပ်ရတယ်။ အငွေ့လည်း သူ့အလုပ်သူ လုပ်ရတယ်။ အပူလည်း သူ့အလုပ်သူ လုပ်ရတယ်လို့ အလုပ်တေွ လုပ်လုပ်နေရတဲ့ သဘာဝမှန်း သိလာတယ်။

“ဓာတ်ကြီးလေးပါး အလုပ်လုပ်၍ ရှင်ခြင်း အသိဉာဏ်ရရှိခြင်းနှင့်

မှတ်ကြောင်း လက္ခဏာများကို သိမြင်ခြင်း”

ဓာတ်တွေနဲ့ အလုပ် တွဲပြီးသိတတ်လာတော့ နောက်ထပ်တဆင့်တိုးလာတယ်။ ဒီဓာတ်တွေ အလုပ်လုပ်နေလို့ ရူပက္ခန္ဓာကြီးဟာ ရှင်တာပါလားလို့ နောက်တစ်ဆင့်တက်ပြီး သိလာတယ်။ ဒါဟာ စိန္တာမယပညာက ပေးလို့သိတာပါ။ ရူပက္ခန္ဓာကြီး ရှင်အောင်လုပ်နေတဲ့ သဘောကို ကြည့်တဲ့အခါ အလုပ်တိုင်းအလုပ်တိုင်းဟာ မြဲတယ်လို့ မရှိဘူး၊ မြဲနေရင် အလုပ်လုပ်လို့မရဘူး။ ဘာအလုပ်ဖြစ်ဖြစ် မမြဲတဲ့သဘောရှိနေတာ အမှန်ပါလား။ ရှင်ရေးကိစ္စအားလုံး လုပ်နေရသော ဘဝထဲမှာ မမြဲသော သဘောနဲ့ အလုပ်လုပ်နေတာ အမှန်ပါလို့ ဆင်ခြင်စဉ်းစားတဲ့ စိန္တာမယပညာက ပေးတာပါ။ ဒီလိုပေးတော့ သဘာဝတရားတွေရဲ့ အဓိပ္ပါယ်ကို နားလည်လာတယ်။ ရုပ်ဓာတ်နဲ့ ဖြစ်နေတာကို နာမ်ဓာတ်နဲ့ ကြည့်ရှုတတ်ပါတယ်။

ရုပ်ဓာတ်ထဲမှာပဲ သင်္ခါရဆိုတဲ့ ရှင်ရေးအလုပ်တွေ လုပ်နေတရတဲ့ သဘောထဲမှာ ရပ်လို့လည်း မရ၊ နားလို့လည်း မရ၊ စဉ်ဆက်မပြတ် မရပ်မနား အလုပ်တွေ လုပ်ရတဲ့သဘော ရှိပါလားလို့ သေသေချာချာ ဝိပဿနာဉာဏ်ပညာက ထိုးပြလို့ သဘာဝအလုပ်မှန်တွေကို သိလာတယ်။ ရပ်လို့မရ နားလို့မရ မရပ်မနား စဉ်ဆက်မပြတ် အလုပ်တွေ လုပ်နေရတဲ့ ဘဝဆိုတာဟာ မချမ်းသာပါလား။ ချမ်းသာခြင်း ကင်းဆိတ်နေနေပါလား။ ချမ်းသာမရှိတဲ့ သဘောဟာ ဆင်းရဲခြင်းသဘောပဲ။ အမှန်ရှိတယ်လို့ ဝိပဿနာဉာဏ်ပညာက ထွန်းပြလို့ ရူပက္ခန္ဓာမှာ ရှိနေတဲ့ ဒုက္ခဆင်းရဲအမှန်ကို သိပါတယ်။ ရှင်အောင်လုပ်နေရတဲ့ ဒုက္ခဆိုတဲ့ သင်္ခါရဒုက္ခ၏ အဓိပ္ပါယ်ကို ပေါ်လွင်ထင်ရှားအောင် ဉာဏ် ဖြစ်ပေါ်လာပါတယ်။ ဒီဉာဏ်နဲ့ ဒီလို သိလာတော့ အနိစ္စသဘောဟာ ရူပက္ခန္ဓာမှာ အဟုတ်ရှိတယ်။ ဒုက္ခသဘောဟာ ရူပက္ခန္ဓာမှာ အဟုတ်ရှိတာတွေ သိလာပါတယ်။

ဒီလိုသိလာပြီးတော့ နောက်တစ်ဆင့် ဓာတုဆိုတဲ့ ဓာတ်သဘောတွေ အလုပ်လုပ်နေ တာဟာ ပုဂ္ဂိုလ်မလုပ်၊ သတ္တဝါမလုပ်၊ ငါမလုပ်၊ ဓာတ်တုတွေ အလုပ်လုပ်နေ ပါလားလို့ အမှန်ကို သိလာတယ်။ ဓာတုဆိုတာတွေဟာလည်းပဲ ပုဂ္ဂိုလ်သတ္တဝါတွေက ပိုင်လို့မရတဲ့ သဘော (ပုဂ္ဂိုလ်ဆိုတာဟာ စွဲမှတ်ထားတဲ့အစွဲဆိုတာကို သေသေချာချာ နားလည်အောင် စဉ်းစားပါ)၊ ပုဂ္ဂိုလ်ဆိုတဲ့ အစွဲဟာ သဘာဝဓာတ်မဟုတ်ပါ။ အခဲ၊ အရည်၊ အငွေ့တွေက သဘာဝဓာတ်တွေပါ။ ဒီသဘာဝဓာတ်တွေ အလုပ်လုပ်နေတာ ဖြစ်တယ်။ ဒါတွေကို မပိုင်ဘူးဆိုတာလည်း အသိမှန် ရလာတယ်။ မပိုင်ဘူးဆိုတဲ့ လက္ခဏာကိုပဲ အနတ္တလက္ခဏာ လို့ ခေါ်ပါတယ်။ ဒီလို ရူပက္ခန္ဓာမှာ ရှိနေတဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာများကို မြင်သိလာတာဟာ ဝိပဿနာဉာဏ်ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်က အားကောင်းလာပါတယ်။

“ဝေဒနာက္ခန္ဓာ၏ အလုပ်ကို ရှုမြင်ခြင်း”

ခန္ဓာကိုယ်မှာ နာမ်ခန္ဓာရှိတယ်။ နာမ်ခန္ဓာက အလုပ်တွေ လုပ်နေတယ်။ လုပ်နေတဲ့ နာမ်ခန္ဓာရဲ့သဘောကို ကြည့်လို့ရှိရင်လည်းပဲ နာမ်ခန္ဓာက ရူပက္ခန္ဓာ တစ်ခုလုံးနဲ့ဆက်သွယ်ပြီး ဝေဒနာလို့ခေါ်တဲ့ ခံစားမှုတွေ အလုပ်လုပ်နေတာ တွေ့ရမယ်။ ခံစားမှုဆိုတာ နာမ်ခန္ဓာ၏ အလုပ်ပါ။ နာမ်ခန္ဓာ၏အလုပ်က ခံစားတာမှာ သုခဝေဒနာနဲ့ ခံစားတယ်၊ ဒုက္ခဝေဒနာနဲ့ ခံစားတယ်၊ ထို သုခဒုက္ခတို့နှင့် ခံစားတာအပြင် သုခလည်းမဟုတ်၊ ဒုက္ခလည်းမဟုတ်သော အဒုက္ခမသုခဝေဒနာနှင့်လည်း ခံစားမှုတွေလုပ်တယ်။ ဒီခံစားမှုသုံးခုက ကာယိကဝေဒနာတွေပါ။ ဒီဝေဒနာတွေရဲ့ သဘောကို သေသေချာချာ နှလုံးသွင်းပါ။ ကာယိကဝေဒနာဟာ ရူပက္ခန္ဓာနှင့် ပတ်သက်ပြီး နည်းအမျိုးမျိုးနဲ့ ထောက်ပံ့ပေးနေတာပါ။ ဝေဒနာရဲ့ သဘောမှာ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသော ဘေးရန်တွေကို ဘေးရန်မှန်းသိအောင် ဒုက္ခဝေဒနာနဲ့ သတင်းပေးပါတယ်။ ဘေးရန်ကာကွယ်ပေးနေတဲ့ ဒုက္ခဝေဒနာရဲ့ သဘောပါ။ ထို့အတူပဲ အာဟာရတွေ အခြားသော ပစ္စည်းတွေ ခန္ဓာကိုယ်ထဲ သွင်းမည့်ပစ္စည်းတွေကို ကောင်း-မကောင်း၊ သင့်-မသင့် စသည်မျိုးကို စိစစ်ဝေဖန်တဲ့အခါ သင့်တော်ပါတယ်ဆိုတဲ့သဘောကို နာမ်ခန္ဓာ ခံစားမှုက ပြောပါတယ်။ သင့်တော်ပါတယ်ဆိုတဲ့ ခံစားမှုကို သုခဝေဒနာလို့ သတ်မှတ်တယ်။ သင့်တော်တယ်လို့ ဝေဒနာကပြောမှ အာဟာရများကို ခန္ဓာကိုယ်က အစာအိမ်အတွင်းရောက်အောင် မျိုချလို့ ဖြစ်တာပါ။ ဒါဟာ သုခဝေဒနာရဲ့ အလုပ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ သုခဝေဒနာရဲ့ သဘောပါ။ ထို့အပြင် အဒုက္ခမသုခဝေဒနာခေါ်တဲ့ ကြားဝေဒနာရဲ့ အခမ်းကဏ္ဍအလုပ်တွေဟာ အလွန် ကျယ်ဝန်းတယ်။ သုခဒုက္ခတို့ရဲ့ သဘောဟာ ထင်ရှားပေါ်လာခိုက် သုခမှန်း ဒုက္ခမှန်း သိရပါတယ်။ သို့သော် အဒုက္ခမသုခဝေဒနာက သုခ ဒုက္ခတို့လို မထင်ရှားတဲ့အတွက် သိဖို့ ခဲယဉ်းတယ်။ ဒီဝေဒနာအလုပ်လုပ်နေတာ အမှန်ဆိုတာ ဉာဏ်ပညာရှိမှ ဝိပဿနာဉာဏ်အား ထက်သန်သောပုဂ္ဂိုလ်မှ သိလာတယ်။ ဒီကြားဝေဒနာကလည်းပဲ ခန္ဓာကိုယ်ကို စောင့်ရှောက်နေပါတယ်။ သူ့ရဲ့ စောင့်ရှောက်ပုံ စောင့်ရှောက်နည်းက ဒီလိုပါ။ ပြောလိုက်ဆိုလိုက် ကိုင်လိုက် တွယ်လိုက် လမ်းလျှောက်လိုက် ဣရိယာပုထ်လေးပါး အလုပ်လုပ်လိုက် ဆိုတာတွေကို စိတ်က ခန္ဓာကိုယ်ကို ခိုင်းနေတယ်ဆိုတဲ့အခါ စိတ်က ခိုင်းတဲ့အခါ ရူပက္ခန္ဓာက လုပ်ရပါတယ်။ ဒီလို လုပ်တဲ့အခါ စိတ်ကခိုင်းတဲ့အတိုင်း လုပ်နေတာဟာ ပြည့်စုံပါတယ်၊ ပြီးမြောက်ပါတယ်လို့ ပြန်ပြီးတော့ စိတ်ကိုသိအောင် ပြောတဲ့အလုပ်ကျတော့ ဒီအဒုက္ခ မသုခဝေဒနာက ပြောပါတယ်။ ပြောတဲ့နေရာမှာ သုခဒုက္ခတွေမပါဘဲ အလုပ်ပြီးမြောက်ကြောင်း အလုပ်ဖြစ်ကြောင်းများကို ကြားဝေဒနာနဲ့ ပြန်ပြောတာပါ။ သူကလည်း စဉ်ဆက်မပြတ် အလုပ်တွေ လုပ်နေတာပါ။

ဝေဒနာက္ခန္ဓာလို့ခေါ်တဲ့ ဝေဒနာအဖွဲ့ကြီးဆိုတာ ရူပက္ခန္ဓာမှာ ရုပ်တရားတို့ စဉ်ဆက်မပြတ် အလုပ်လုပ်နေပါလားလို့ သိပါပြီ၊ ရှင်ရေးကိစ္စအတွက် စဉ်ဆက်မပြတ် မရပ်မနား ရူပက္ခန္ဓာ အလုပ်လုပ်နေတာတော့ သိတယ်။ ဒီဝေဒနာက္ခန္ဓာဟာလည်း စဉ်ဆက်မပြတ် မရပ်မနား ရူပက္ခန္ဓာကြီး၏ ကိစ္စများကို ကာယိက ဝေဒနာများက လုပ်ဆောင်နေတယ်ဆိုတာကို ဉာဏ်က ရောက်အောင် စဉ်းစား ဆင်ခြင်ပါ။

“ဝေဒနာက္ခန္ဓာ၏ သဘာဝအမှန်ကို သိမြင်ခြင်”

ကာယိကဝေဒနာ သုံးမျိုး၊ သုခဝေဒနာပေါ်လိုက်၊ သုခဝေဒနာက ချုပ်ငြိမ်းသွား၊ ဒုက္ခဝေဒနာက ပေါ်လိုက် ဒုက္ခဝေဒနာက ချုပ်ငြိမ်းသွား၊ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာ မပေါ်တဲ့အခါ အဒုက္ခမသုခဝေဒနာ ပေါ်နေတာပါ။ အဒုက္ခမသုခဝေဒနာက အမြဲတမ်း သူလုပ်ရတဲ့အလုပ်တွေကို ပြောနေတာပါ။ ဒီဝေဒနာသုံးပါးစလုံး လှည့်ပြီးတော့ အလုပ်လုပ်နေတယ်။ ရပ်တယ် နားတယ်လို့ မရှိပါ။ ဒီဝေဒနာက္ခန္ဓာ တစ်ခုလုံးမှာလည်းပဲ ရူပက္ခန္ဓာရဲ့ ဒီအလုပ်တွေ လုပ်ဘိသကဲ့သို့ ကာယိကဝေဒနာသုံးပါးစလုံး စဉ်ဆက်မပြတ် မရပ်မနား အလုပ်လုပ်နေပါလားလို့ သိမှ ဝေဒနာက္ခန္ဓာ၏ သဘောသဘာဝအမှန်ကို ဉာဏ်က ရောက်တာပါ။ ဒါဟာ ဝိပဿနာဉာဏ်အားပါ။ ဝိပဿနာဉာဏ်အားဟာ ဝေဒနာပေါ်မှာ ပွားများသောအခါ ဝေဒနာဆိုသော ခံစားမှုတွေဟာ သုံးမျိုးစလုံးနဲ့ အလုပ်လုပ်နေတာ ဘယ်ဟာကမှ တစ်ခုခုမှာ ရပ်နေတယ်လို့ မရှိဘူး။ သုခဝေဒနာပြီးသွားရင် အဒုက္ခမသုခ ဝေဒနာနဲ့ သူ လုပ်လိုက်တာပဲ။ ပြီးတော့ ဒုက္ခပေါ်လာရင် ဒုက္ခနဲ့ ဆက် အလုပ်လုပ်တယ်။ ဒီအလုပ်သုံးမျိုးကို မရပ်မနား ဆက်၍ဆက်၍ လုပ်ကိုင်နေသော သဘော၊ ဒီအစုအဝေးကြီး ဒီအဖွဲ့ကြီးပဲ ဝေဒနာက္ခန္ဓာလို့ ခေါ်တယ်။ ဒီဝေဒနာက္ခန္ဓာဟာ ကာယိကဝေဒနာက္ခန္ဓာပါလား လို့ ဉာဏ်က ရောက်အောင် ဆင်ခြင်ပါ။

ဒီလိုဆင်ခြင်လို့ သိလာတော့ ရုပ်ခန္ဓာထဲမှာပါနေတဲ့ အဖြစ်တွေ၊ သူတို့ရဲ့ အလုပ်တွေကို နာမ်ခန္ဓာမှာပါတဲ့ ဝေဒနာက ထုတ်ဖော်ပြောပြလို့ သိနေရပါလားဆိုတာ ရူပက္ခန္ဓာနှင့် ဝေဒနက္ခန္ဓာတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်နေသော အကျိုးတရား၊ ရှင်ကိစ္စ ဆောင်ရွက်တဲ့ နေရာမှာပဲဖြစ်ဖြစ်၊ ကာယကံ ဝစီကံ မနောကံတို့ ဆောင်ရွက်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ ဒီဝေဒနာတွေက ပြောပြနေတာလို့ သိလာတယ်။ ဒါကို မြင်မှ ခန္ဓာ၏ သဘော၊ ခန္ဓာငါးပါးလို့ ပြောနေတာမှာ အခုဝေဒနက္ခန္ဓာရှိတယ်၊ ဝေဒနက္ခန္ဓာ အလုပ်လုပ်တယ်၊ အလုပ်တွေ စဉ်ဆက်မပြတ် မရပ်မနားလုပ်တယ်။ ထို့အတူ နာမ်ခန္ဓာထဲမှာပါတဲ့ ဝေဒနက္ခန္ဓာရှိတယ်။ ဝေဒနက္ခန္ဓာဟာလည်းပဲ စဉ်ဆက်မပြတ် မရပ်မနား သုခ၊ ဒုက္ခ၊ အဒုက္ခမသုခဝေဒနာများနဲ့ အမြဲအလုပ်လုပ်နေတယ်။ ဒီသဘောကို သိအောင် ရှုမှတ်ပွားများ ရပါတယ်။

“စိတ္တာနုပဿနာသတိပဋ္ဌာန်းမှာ ဝိညာက္ခန္ဓာကို သိမြင်ခြင်း”

ဘုရားရှင်ပေးတဲ့ နည်းအတိုင်း နောက်တစ်ဆင့်တက်ပြီး လေ့လာရင် စိတ္တာနုပဿနာ သတိပဋ္ဌာန်းကို အလုပ်လုပ်နေတယ်ဆိုတဲ့ နေရာမှာစိတ်၏ အလုပ်ကို ဦးဆောင်တာ ဝိညာဏဆိုတဲ့ နာမ်ဓာတ်၊ သိသော ဓာတ်ပါ။ သိသောဓာတ်၏ သဘောကို စဉ်းစားရင် အဆင်းအာရုံဝင်လာလို့ရှိရင် အဆင်းအာရုံကို သိတဲ့မြင်စိတ် အလုပ်လုပ်တယ်။ အသံဓာတ်တွေ နားထဲ ဝင်လာတဲ့အခါကြားတဲ့စိတ်က အလုပ်လုပ်တယ်။ ခန္ဓာကိုယ်ပေါ် ကျရောက်လာတဲ့ အတွေ့ဓာတ်တွေကို ဝိညာဏ်က သိတဲ့သဘောနဲ့ ဖောဋ္ဌဗ္ဗအာရုံကိုဆွဲ၍ ဖောဋ္ဌဗ္ဗအာရုံနဲ့တွဲ၍ သိအလုပ်လုပ်တယ်။ အတွေ့ဓာတ်ကိုသိတယ်။ ထို့ အတူ အနံ့များ နှာခေါင်းထဲဝင်လာရှိရင် နံတာကိုသိတယ်။ လျှာပေါ်မှာ စားသောက်တဲ့ ဝတ္ထုပစ္စည်းတွေ၊ အာဟာရတွေ လျှာပေါ်ထိလာတဲ့အခါ ထွက်ပေါ်လာတဲ့ အရသာဓာတ်တွေ၊ ဝေဒနာတွေကို သိအောင် ဝိညာဏဓာတ်က ဆောင်ရွက်ပေးမှသိတယ်။ ဒီတော့ ဝိညာဏဓာတ်၏ အလုပ်သည် သိမှုအလုပ်ထဲမှ မြင်သိ၊ ကြားသိ၊ အနံ့သိ၊ အရသာသိ၊ တွေ့မှုအသိတွေ စဉ်ဆက်မပြတ် မရပ်မနား အလုပ်လုပ်နေပါလား။ ဒီလို အလုပ်လုပ်နေတဲ့သဘောတွေဟာ ဝိညာဏက္ခန္ဓာ၏ အလုပ်ပါ။

တစ်ဆင့်တက်လာတာက ခုနကလုပ်ခဲ့တဲ့ ကာယိကဝေဒနာထဲမှာ ကာယိက ဝေဒနာက ပေးလိုက်တဲ့ ဒုက္ခဝေဒနာပေါ်တဲ့အခါကျတော့လည်း နာမ်ဓာတ်က ကာယိက ဝေဒနာတွေနဲ့ တွဲပြီးတော့ မကျေနပ်တဲ့ ဒေါမနဿဝေဒနာတွေကို ဒီနာမ်ခန္ဓာက အလုပ်လုပ်ပြန်တယ်။ ဒေါမနဿတွေ ဖြစ်တယ်၊ သုခဝေဒနာတွေ ခံစားပြလိုက်တဲ့အခါ မနောဝိညာဏ်မှာဖြစ်နေတဲ့ စေတသိကဝေဒနာတွေ၊ သောမနဿဝေဒနာတွေဖြစ်တယ်။ သုခဝေဒနာတွေ ခံစားပြလိုက်တဲ့အခါ မနောဝိညာဏ်မှာဖြစ်နေတဲ့ စေတသိက ဝေဒနာတွေ၊ သောမနဿဝေဒနာတွေဖြစ်တယ်။ ထို့အတူ ရူပက္ခန္ဓာက အဒုက္ခမသုခဝေဒနာတွေနဲ့ ခံစားမှုတွေ ထုတ်ဖော်ပြောလိုက်တော့ နာမ်ခန္ဓာမှာ ပါနေတဲ့ စေတသိကဝေဒနာတွေက ဥပေက္ခာဝေဒနာနဲ့ တုံ့ပြန်တယ်။ ဒီလိုပဲ နာမ်ခန္ဓာမှာရှိနေတဲ့ ဝေဒနာသုံးပါးမှာလည်း သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတွေနဲ့ အလုပ်လုပ်တယ်။

နောက်ပြီးမြင်ကိစ္စ၊ ကြားကိစ္စ၊ အနံကိစ္စ၊ အရသာကိစ္စ၊ အတွေ့ကိစ္စတွေနဲ့ အလုပ်လုပ်တယ်. ဒီလို အလုပ်တွေ မရပ်မနား လုပ်နေရတဲ့သဘောဿည် ဝိညာဏခန္ဓာ၏ အလုပ်ပါလားလို့ မိမိရဲ့ ဝိပဿနာဉာဏ်က ထိုးထွင်းပြလို့ သိလာတယ်. ဒီမှာ ဝိညာဏ္ခန္ဓာဆိုတာ ခန္ဓာတစ်ပါးလို့ ခွဲရတာဟာ သူကိုယ်တိုင်က စဉ်ဆက်မပြတ် မရပ်မနား ဝိညာဏအလုပ်ကို လုပ်နေရပါလားလို့ သိလာတယ်။ ဒီသဘောကိုသိမှ ခန္ဓာဆိုတာ အဖွဲ့လည်းဖြစ်တယ်၊ အဖွဲ့တိုင်းဟာ သူ့ကိစ္စကိုသု မရပ်မနား လုပ်နေပါလားလို့သိမှ ခန္ဓာတွေနဲ့ ခန္ဓာတို့၏ အလုပ်သင်္ခါရ၊ ခန္ဓာနှင့် သင်္ခါရ တွဲနေပုံကို သိတာပါ။

“သညာက္ခန္ဓာကို သိမြင်ခြင်း”

ထို့အတူပဲ ဒီအလုပ်တွေ၊ ခံစားမှုတွေပဲဖြစ်ဖြစ်၊ သိမှုတွေပဲဖြစ်ဖြစ်၊ ဝိညာဏ္ခန္ဓာမှာ ဖြစ်တဲ့ ဒီနာမ်ဓာတ်မှာဖြစ်တဲ့ နာမ်သင်္ခါရတွေ အလုပ်လုပ်လို့ ထွက်ပေါ်လာတဲ့ ဒေါမနဿ၊ သောနဿ၊ ဥပေက္ခာတွေ ဒီမှာထင်ရှားတဲ့ ဒေါမနဿ၊ သောမနဿတွေ၊ ရူပက္ခန္ဓာမှာ ဖြစ်နေတဲ့ ဒုက္ခ၊ သုခတွေ ပေါ်တိုင်းပေါ်တိုင်း နာမ်ဓာတ်တွေက မှတ်သားထားတယ်။ Recording လုပ်တယ်။ ပေါ်လာသမျှသော ဝေဒနာ၊ ဝိညာဏ်တို့၏ အလုပ်တွေ စဉ်ဆက်မပြတ် မရပ်မနား ဝိညာဏက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ ရူပက္ခန္ဓာတို့က လုပ်ဝဲ့အလုပ်အားလုံးကို မှတ်သား နေရတာက သညာက္ခန္ဓာပါ။ ဒီအလုပ်တွေ အကုန်လုံး စဉ်ဆက်မပြတ် မရပ်မနား အမှတ်နဲ့ လုပ်နေတာဟာ သညာက္ခန္ဓာရဲ့ အလုပ်တွေပါ။

“သင်္ခါရက္ခန္ဓာကို သိမြင်ခြင်း”

နာမက္ခန္ဓာထဲမှာပါနေတဲ့ အလုပ်တွေလုပ်နိုင်အောင် စေတနာဆိုတဲ့ စွမ်းအား၊ စေတနာသင်္ခါရ၊ သင်္ခါရက္ခန္ဓာလို့ခေါ်တဲ့ အလုပ်တွေလုပ်နိုင်ဖို့ နာမ်ခန္ဓာထဲမှာပါနေတဲ့ အဓိက စွမ်းအားစေတနာ၊ စေတနာ၏ စေ့ဆော်တိုက်တွန်းမှ စေတနာစွမ်းအားပေါ်မှာ အခြေတည် ပြီးတော့ လုပ်ငန်းအသီးသီးလုပ်ရပါတယ်။ အလုပ်လုပ်တဲ့အခါမှာ အလုပ်တွေ ထင်ရှားလာ အောင် မှတ်သားရတဲ့အချက်က စိတ်နဲ့လုပ်တဲ့အလုပ် မနောကမ္မ၊ နှုတ်နဲ့ လုပ်တဲ့အလုပ် ဝစီကမ္မ၊ ကိုယ်နဲ့လုပ်တဲ့အလုပ် ကာယကမ္မ၊ ဒီကမ္မသုံးမျိုးစလုံးကို မနောကမ္မထဲမှာပါတဲ့ စေတနာ စေတသိက်က ဦးဆောင်ပြီး ဆောင်ရွက်ပေးလို့ သင်္ခါရတွေ ဖြစ်နေတာပါ။ ဒီသင်္ခါရခေါ်တဲ့ လုပ်ငန်းတွေဟာလည်း စဉ်ဆက်မပြတ် မရပ်မနား လုပ်နေတာပါ။

မြင်ကိစ္စထဲမှာပါနေတဲ့ မြင်ကိစ္စဖြစ်အောင် လုပ်ပေးတဲ့ စေတနာသင်္ခါရ၊ ကြားကိစ္စ ဖြစ်အောင်လုပ်ပေးတဲ့ စေတနာသင်္ခါရ၊ ဒီလို ပဉ္စဒွါရမှာဖြစ်တဲ့ စေတနာသင်္ခါရတွေ ရှိသလို ကမ္မဝဋ်ခေါ်တဲ့ မနောကံ၊ ဝစီကံ၊ ကာယကံ တွေလုပ်တဲ့ အထဲမှာလည်း စေတနာသင်္ခါရ ပါနေတာပါ။ ဒီအလုပ်တွေ အရှိန်မြင့်လာအောင် စေတနာအဘိသင်္ခါရတွေနဲ့ အလုပ်လုပ် ရတယ်။ ဒါတွေဟာ သင်္ခါရက္ခန္ဓာ၏ သဘောသဘာဝတွေ၊ သူတို့ အဟုတ် အလုပ်လုပ်နေတာ၊ ဒီလို အလုပ်လုပ်နေတာကို သိမှ ခန္ဓာငါးပါးဆိုတာကို မြင်ရမယ်။

“ခန္ဓာငါးပါးအပေါ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုမှတ်ပွားများခြင်း”

ခန္ဓာငါးပါးကို မြင်လာပြီးတဲ့အခါ ခန္ဓာငါးပါးဆိုတာ ငါးပါးစလုံး အလုပ်တွေနဲ့ တွဲနေတာ၊ ခန္ဓာငါးပါးစလုံး မရပ်မနား စဉ်ဆက်မပြတ် သူ့အလုပ် သူလုပ်နေတာပါ။ ရူပက္ခန္ဓာက ရူပက္ခန္ဓာအလုပ်လုပ်၊ ဝေဒနက္ခန္ဓာက ဝေဒနက္ခန္ဓာအလုပ်လုပ်၊ ဝိညာဏက္ခန္ဓာက ဝိညာဏက္ခန္ဓာအလုပ်လုပ်၊ သညာက္ခန္ဓာက သညာက္ခန္ဓာအလုပ်လုပ်၊ သင်္ခါရက္ခန္ဓာက သင်္ခါရက္ခန္ဓာ အလုပ်လုပ်၊ ဒီလို ခန္ဓာငါးပါးတွေ စဉ်ဆက်မပြတ် အလုပ်လုပ်နေပါလားလို့ ရှုမှတ်ပွားများတဲ့ ယောဂီက သူ့ကမ္မဋ္ဌာန်းအာရုံအလိုက် ပေါ်လွင်လာတယ်။ ရူပက္ခန္ဓာကို ရှုမှတ်နေသော ကာယာနုပဿနာ သမားကလည်းပဲ ကာယနုပဿနာအလိုက် ကာယတို့၏ သင်္ခါရနှင့် ကာယသင်္ခါရထဲမှာပါနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုသိတယ်။

ဝေဒနာနုပဿနာကို ရှုမှတ်ပွားများနေတဲ့ ယောဂီက ဝေဒနာတွေစဉ်ဆက်မပြတ် မရပ်မနား အလုပ်လုပ်နေတယ်။ အလုပ်လုပ်နေတဲ့ သဘောသင်္ခါရထဲမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ မပိုင်မနိုင်တဲ့သဘောတွေ သိတယ်။ ခန္ဓာတိုင်း ခန္ဓာတိုင်း ဝိညာဏက္ခန္ဓာလည်း ဒီလိုပဲ၊ သင်္ခါရက္ခန္ဓာလည်း ဒီလိုပဲ၊ သညာက္ခန္ဓာလည်း ဒီလိုပဲ။ ထင်ရှားတာက ရူပက္ခန္ဓာထင်ရှားတယ်၊ ဝေဒနာက္ခန္ဓာထင်ရှားတယ်၊ ဝိညာဏက္ခန္ဓာ ထင်ရှားတယ်။ ဒီထင်ရှားတဲ့ (၃) ပါးကို ရှုမှတ်ပွားများဖို ဘုရားရှင်က နည်းစနစ်ပေးတယ်။

ဒီ(၃)ပါးကို ပွားများကြတဲ့အခါ တကယ့်သဘာဝအစစ်က ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာတို့ တွဲပြီး လုပ်ငန်းကို လုပ်နေတာပါ။ ဒီလုပ်ငန်းလုပ်နေတာကိုပဲ ရှင်ရေးအတွက် ကြိုးစား နေရတာ၊ ဒီရှင်တဲ့အပေါ်မှာ အခြေခံပြီးတော့ မိမိတို့၏ စာရေးနေရေးဆိုတဲ့ကာယကံ၊ ဝစီကံ၊ မနောကံတွေ လုပ်တယ်။ ဒီလို လုပ်ရင်းအချိန်တွေကို တိုက်စားသွားတယ်။ ဒါတွေဟာ ဘဝ၏ အဓိပ္ပါယ်ပါပဲ။

“ကံ(၃)ပါး မရပ်မနား စဉ်ဆက်မပြတ် အလုပ်လုပ်နေသောဘဝ”

ဘဝဆိုတာ တွေးလိုက်ကြံလိုက်၊ ပြောလိုက်၊ လုပ်လိုက် လုပ်နေတာဟာ ဘဝပါ။ ဒီအလုပ်တွေ စဉ်ဆက်မပြတ် ရစ်ပတ်ပြီးလိမ့်နေတဲ့ ဘဝ၊ ကံ (၃)ပါးတို့ စဉ်ဆက်မပြတ် မရပ်မနားလုပ်နေတာ ဘဝပါပဲ။ ဘဝဆိုတဲ့ ဘဝဟာ ဘယ်သူလုပ်တာတုံး၊ ရူပက္ခန္ဓာ လုပ်တယ်၊ နာမက္ခန္ဓာလုပ်တယ်။ ဒီသဘာဝအစစ်တွေကို မြင်အောင်၊ ဉာဏ်တွေရအောင် ဘုရားကပေးတဲ့ နည်းပညာ၊ ဒီနည်းပညာတွေရပြီး နည်းပညာတွေနဲ့ မြင်အောင်ကြည့်တော့ ရုပ်နာမ်(၂)ပါးတို့သည် သဘာဝ အလုပ်ကို စဉ်ဆက်မပြတ် မရပ်မနား လုပ်နေတယ်ဆိုတာကို သိလာမှာပါ။

နာမရူပပရိစ္ဆေဒဉာဏ်ကို ရတော့မှ တစ်ဆင့်တက်လာတာက ပစ္စယပရိဂ္ဂဟဉာဏ်၊ နာမ်က ရုပ်ကိုထောက်ပံ့၊ ရုပ်ကနာမ်ကို ထောက်ပံ့၊ ဝေဒနာက ရုပ်အလုပ်လုပ်နေတာ ဖြစ်မြောက်ပါတယ်၊ ခိုင်းတဲ့အတိုင်း လုပ်ပါတယ်လို့ ဝေဒနာက အဓိပ္ပါယ်ဖော်ပေးတယ်။ ဒီလိုပဲ စိတ်ကခိုင်းလိုက်တယ် စကားပြောလိုက်၊ လက်မြောက်လိုက်၊ ခြေမြောက်လိုက်၊ လမ်းလျှောက်လိုက် စတဲ့ ခိုင်းသမျှတွေကို ရုပ်ခန္ဓာက လုပ်ရတယ်။ ရုပ်နာမ်နှစ်ပါးတို့ အပြန်အလှန် ဆက်သွယ်ပူးပေါင်းပြီး အထောက်အပံ့ပေးနေတာပါ။ ဒါဟာ ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြစ်ပေါ်အောင် ဆင်ခြင်တတ်လာတာပါ။

တစ်မျိုးက တစ်မျိုးကို ထောက်ပံ့ပုံ ထောက်ပံ့နည်းလေးတွေကို ပိုင်းပိုင်း ခြားခြား ဉာဏ်က မြင်တာပါ။ အားလုံးခြုံငုံသုံးသပ်တော့ ရုပ်ခန္ဓာလည်း ရုပ်ခန္ဓာအလုပ်၊ နာမ်ခန္ဓာလည်း နာမ်ခန္ဓာအလုပ်၊ သူတို့ လုပ်နေတာ အမှန်ပါပဲလားလို့ ခြုံငုံသုံးသပ်တဲ့ ဉာဏ်ဟာ သမ္မသနဉာဏ်ဖြစ်ပါတယ်။

“ဥပ္ပါဒ၊ ဋ္ဌီတိ၊ ဘင်္ဂ သဘောနဲ့ လုပ်နေရသော သင်္ခါရရုပ်နာမ် (၂) ပါး”

ဒီလို ခြုံငုံသုံးသပ်ပြီးနေတဲ့အခါ ခန္ဓာငါးပါးစလုံးဟာ မရပ်မနား သူတာဝန်နဲ့သူ အလုပ်ကျေပြွန်အောင် လုပ်ကြရတယ်။ မကျေပွန်လို့မရပါ။ ခန္ဓာငါးပါးက ကျေကျေပွန်ပွန် အလုပ်လုပ်နေတာပါ။ အလုပ်ဆိုတာလုပ်ရင် ပေါ်လာတဲ့စွမ်းအားတွေ အလုပ်လုပ်လိုက်၊ ပြီးရင် ပျောက်သွား၊ ဒီသဘောမှာ စွမ်းအားအလုပ်လုပ်ပုံကို သေသေချာချာ သိအောင် ရူပက္ခန္ဓာ အလုပ်လုပ်ရင်လည်း စွမ်းအားနဲ့၊ ဒီစွမ်းအားလေးက သူ့ရဲ့အားထုတ်မှုကြောင့် ထွက်ပေါ်လာတယ်၊ အလုပ်လုပ်တယ်၊ ပျောက်တယ်။ ထွက်ပေါ်လာတာကို ဥပ္ပါဒ၊ အလုပ်လုပ်နေတဲ့ စဉ်ဆက်မပြတ် သွားဦးနေတာကို ဋ္ဌိတိ၊ ပျောက်သွားတာကို ဘင်္ဂခေါ်ပါတယ်။

ဒီ ဥပ္ပါဒ၊ ဋ္ဌိတိ၊ ဘင်္ဂသဘောနဲ့ အလုပ်ကို လုပ်ရတာ သင်္ခါရ၊ ဒါဟာ ရူပက္ခန္ဓာလုပ်သလို ဝေဒနက္ခန္ဓာကလည်း ဒီလိုလုပ်တာပဲ၊ ခံစားမှုလေးဟာ ဒုက္ခဝေဒနာ ဖြစ်တယ်။ ဒုက္ခေဝေဒနာ ပေါ်လာတယ်၊ တည်နေတယ်, ပျောက်တယ်။ သုခဝေဒနာလည်း ပေါ်လာတယ်၊ တည်နေတယ်၊ ပျောက်တယ်။ ဒီလို ဥပါဒ်၊ ဋ္ဌီ၊ ဘင်နဲ့ပဲ သူတို့ အလုပ်တွေ လုပ်နေရပါလားလို့ ပညာဉာဏ်နဲ့ သိတာပါ။ ဒီလို သိလာတဲ့အခါ ခန္ဓာငါးပါးဟာ တည်မြဲတဲ့သဘောနဲ့ လုပ်လို့မရဘူး၊ မတည်မြဲတဲ့သဘောနဲ့ အလုပ်တွေလုပ်နေရတာလို့ သိတယ်။ မမြဲသော သဘောနဲ့ အလုပ်လုပ်နေရသော ခန္ဓာငါးပါးလို့ သိတာပါ။

ဒီခန္ဓာငါးပါးစက်ကြီးဟာ အမြဲတမ်း လိုအပ်တယ်။ အမြဲတမ်းချို့ယွင်းတယ်။ ခန္ဓာကိုယ်ကြီးကို စဉ်ဆက်မပြတ် အစာတွေ ထည့်ပေးရတယ်။ အခဲကိုလည်းပေးရတယ်၊ အရည်ကိုလည်း ပေးရတယ်၊ အငွေ့ (လေ) ကိုလည်းပေးရတယ်။ ဒီလိုပေးနေတော့ သူတို့ရနေတုန်း အလုပ်လုပ်တာ၊ မရဘူးဆိုရင် ရပ်မယ်။ ဒီထိအောင် အမြဲခြိမ်းခြောက် နေတာ၊ ရူပက္ခခန္ဓာက သူလိုတာမရရင် ရပ်မယ်လို့ အမြဲခြိမ်းခြောက်နေတာပါ။ ထို့အတူ အခြားအခြား နာမ်ခန္ဓာလေးပါးကလည်း သူတို့ရ ရမယ့်အထောက်အပံ့မရရင် သူတို့ ရပ်မှာပါ။

“ဘင်္ဂဉာဏ်ကို ဆင်ခြင်သုံးသပ်တတ်ခြင်း”

ဒီလိုစက်က အမြဲတမ်း ခြိမ်းခြောက်မှုနဲ့ အလုပ်လုပ်နေရတဲ့ ဘဝဆိုတာ ကောင်းတဲ့ဘဝ၊ ပြည့်စုံတဲ့ဘဝ မဟုတ်ပါ။ မပြည့်စုံဘူး။ အမြဲတမ်း ဖြည့်ပေးနေရတယ်၊ အမြဲတမ်း ခြိမ်းခြောက်နေတယ်၊ သေခြင်းတရားနဲ့ ခြိမ်းခြောက်နေတယ်။ ဒီလိုဖြစ်နေတဲ့ သဘောကို မြင်မှ ဒီဘဝယန္တရားကြီးဟာ အကောင်းနဲ့လည်နိုင်တာ မဟုတ်၊ အပျက်နဲ့ လည်နိုင်တာလို့ သိတာပါ။ ဒီဉာဏ်ဟာ ဘင်္ဂဉာဏ်၊ အပျက်နဲ့ လည်နေရတဲ့ ခန္ဓာငါးပါးကြီးနဲ့ သွားနေရတဲ့ ဘဝဟာ အလွန်ဘေးရန်ကြီးပါလားလို့ အမြင်မှန်ကို သိတာပါ။

“မုစ္စိတုကမျတာဉာဏ်ကို ဆင်ခြင်မိခြင်း”

ဘေးရန်ကြီးတဲ့ ဘဝစက်ကြီးလည်နေတာဟာ အကျိုးရှိလား၊ အကျိုးမရှိပါဘူး။ အကျိုးမရှိတဲ့ ဘဝစက်ကြီးလည်နေတာကို တွယ်တာနေလို့လည်း ဘာမှမထူးပါ။ ဒီလိုလည်နေတဲ့စက်ထဲက မရပ်မနား လှုပ်ရှားနေတဲ့ သင်္ခါရထဲက ထွက်နိုင်တဲ့လမ်း မရှိဘူးလား၊ မထွက်ရရင် အမြဲတမ်းခြိမ်းခြောက်နေလို့ ထွက်ချင်တယ်။ ဒီစက်ယန္တရားကြီး လည်ပတ်နေတဲ့သင်္ခါရလောကထဲက ထွက်ချင်တဲ့စိတ်တွေကို ပညာက ပေးတာပါ။ ဒီလို ပညာကပေးတဲ့စိတ်အထိ၊ ထွက်ချင်တယ်ဆိုတဲ့ မုစ္စိတုကမျတာဉာဏ်အထိ ဘာကိုမြင်လာတာတုန်း၊ ဘဝဘေးအန္တရာယ်ကို မြင်လာပါတယ်။

“သင်္ခါရုပက္ခန္ဓာဉာဏ်ကို ဆင်ခြင်သုံးသပ်သိမြင်ခြင်း”

သင်္ခါရတွေ ရှင်ရေးလုပ်နေတာ ဘာတွေတုံးလို့ သင်္ခါရအကြောင်းကို ဉာဏ်နဲ့ဖြန့်ပြီး ဆင်ခြင်တာ၊ ပထမခန္ဓာငါးပါးကို ဆင်ခြင်တာ၊ အခုကခန္ဓာငါးပါးအလုပ်လုပ်နေတဲ့ သင်္ခါရကို ဆင်ခြင်တာပါ။ ခန္ဓာငါးပါးရှိရင်အလုပ်က လုပ်နေရမှာ၊ အလုပ်သဘောနဲ့ နေတာဟာ အလုပ်ပဲ၊ အလုပ်သဘောနဲ့ အလုပ်လုပ်ရတဲ့ အလုပ်ဟာ သူ့အလုပ်သူလုပ်တာ၊ ရူပက္ခန္ဓာက ရူပက္ခန္ဓာအလုပ် လုပ်တယ်။ ဝေဒနာက္ခန္ဓာက ဝေဒနာက္ခန္ဓာအလုပ်လုပ်တယ်။ သူ့အလုပ် သူလုပ်နေတာကို ကိုယ်က စိုးရိမ်ပူပန်နေရင်လည်း စိုးရိမ်ပူပန်တာပဲရှိမယ်။ သူ့အလုပ်ကို သူလုပ်မှန်း သဘောအတိုင်း လက်ခံရင် အလုပ်လုပ်နေတဲ့ ခန္ဓာငါးပါးဟာ ဒီလိုပါပဲလားလို့ လက်ခံလိုက်တော့ သဘာဝအတိုင်း ဒီခန္ဓာနဲ့ ဒီသင်္ခါရကို လက်ခံလိုက်တဲ့အခါ သင်္ခါရပေါ်မှာ သဘာဝကျကျ ယူလိုက်တော့ သင်္ခါရအပေါ်မှာ ကြောက်လဲမကြောက်၊ တွယ်လည်း မတွယ်ဖြစ်ဖြစ် သွားတာကို သင်္ခါရုပက္ခန္ဓာဉာဏ် ခေါ်တယ်။

“အနုလောမဉာဏ်ကို ရှုမြင်ခြင်း”

သင်္ခါရုပေက္ခန္ဓာဉာဏ် ပြီးတော့မှ ဒါတွေအားလုံး ခြုံငုံသုံးသပ်လိုက်တော့ အနုလောမဉာဏ်ကို ရှုမြင်သုံးသပ်သိရပါတယ်။ ဒီ(၃)ချက်ဟာ ဘာကိုပြောတာတုန်းဆိုတော့ ခန္ဓာငါးပါး၏ လုပ်ငန်းသဘာဝတွေပေါ်မှာ ဖက်ထားတဲ့ တွယ်ဖက်မှုကို ချရမယ်။ ဒီလို တွယ်ဖက်မှုကို ချဖို့လိုပါလားလို့ သိလာတော့ ဘေးအန္တရာယ်များတဲ့ ခန္ဓာငါးပါးကို ဥပမာပေးထားတာက အမေတစ်ယောက်သည် ဒုက္ခတွေရောက်လို့ ပေးကြလွှားကြတဲ့ အထဲမှာ သားလေးတစ်ယောက်ကိုတွေ့တော့ ပွေ့ပိုက်ပြီး ယူလာတယ်။ သူသားမှတ်လို့ ဘေးရန်တွေထဲက ပွေ့ချီလာတာပါ။ သူ့ကလေးလည်း မဟုတ်ပါလားလို့ သိလာတော့ သူများသားလေးခိုးလာတာပါလားလို့ စွပ်စွဲမှာလည်း တွေးမိပြန်တော့ ကဲ မတတ်နိုင်ဘူး ဆိုပြီး ကလေးကို ချရတယ်။ ဘာဖြစ်လို့ချရတာလဲ၊ သူပိုင်မဟုတ်မှန်းသိလို့၊ ပြီးတော့ သူများက စွပ်စွဲမှာစိုးလို့ ချလိုက်တာ၊ ဒိလို ချက်လိုက်တဲ့ဉာဏ်၊ ဘာကိုချလိုက်တာတုန်း၊ ခန္ဓာငါးပါးကို မပိုင်မှန်းသိလို့ ချလိုက်တာပါ။

“မဂ္ဂင် မဂ္ဂဉာဏ်သို့တက်ရောက်ခြင်း”

အနုလောမဉာဏ်က ချပြီးတစ်ဆင့်ကြည့်လိုက်တဲ့အခါ သူဟာ လမ်းဆုံလမ်းမ လမ်းလေးခွမှာ ရပ်နေပြီလို့ သိတာပါ။ ဒီအခါ သူများရဲ့ ဘေးရန်ကလွတ်ဖို့လမ်းရှိလားလို့ ကြည့်တော့ လမ်းတွေ့တယ်။ ဒီလမ်းက ဘေးရန်က လွတ်ဖို့လမ်းလို့ သိလိုက်တဲ့အခါ ဒီလမ်းပေါ်တက်လိုက်တယ်။ လမ်းပေါ်ကို တက်လိုက်တဲ့ဉာဏ်ကို မဂ္ဂဉာဏ်လို့ခေါ်တယ်။

“ဖိုလ်ဉာဏ်သို့ရောက်ရှိခြင်း”

လုံခြုံတဲ့နေရာရောက်လို့ လုံလုံခြုံခြုံလေးနဲ့ ဘေးရန်ကင်းသွားတယ်ဆိုတာကို ခံစားနေရတာက ဖိုလ်ဉာဏ်ပါ။ ဒီလို ဉာဏ်စဉ်တွေ အဆင့်ဆင့် တက်လာတာသိမှ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ လမ်းစဉ်ကို ပိုင်းခြား၍သိသော ပညာ၊ အမှန်ကို သိသောပညာ၊ ဒီသမ္မာဒိဋ္ဌိဉာဏ်ရဖို့ ကျွန်တော်တို့ ကြိုးစားရတာပါ။ အခုရထားတဲ့ သုတမယ၊ စိန္တာမယကို အခြေခံ၍ ဘာဝနာများပွားများပြီး မိမိမှာတွယ်ကပ်နေသော “အစွဲဥပါဒါန်” များကို ပျက်အောင်၊ ကျေအောင်၊ ချေနိုင်ခွဲနိုင်အောင် သဒ္ဓါ၊ သတိ၊ ဝီရိယနှင့်ကြိုးစားအားထုတ်ကြပါစို့။

(မဂ္ဂဖလသမ္မာဒိဋ္ဌိ အခန်းပြီး၏)

သာဓု သာဓု သာဓု