ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“ဝိသုဒ္ဓိ (၇)ပါးနှင့် ဂရုကမ္မ”

“ဝိသုဒ္ဓိ (၇)ပါးနှင့် ဂရုကမ္မ”

သင်္ခါရဆိုတဲ့ စကားလုံးက အများသုံးစွဲနေကြပြီးဖြစ်တဲ့ စကားလုံးပါ။ ဗုဒ္ဓဒေသနာမှာ ပါသော သင်္ခါရ၏အဓိပ္ပါယ်ကို တိတိကျကျ သိအောင်နားလည်အောင် ကြိုးစားဖို့လိုပါတယ်။ ရုပ်နာမ်နှစ်ပါးရှိသော၊ အသက်ရှိသော သတ္တဝါများ၊ လူနှင့်တကွ သတ္တဝါများမှာ သင်္ခါရ ရှိပါတယ်။ ဒီသင်္ခါရက ရူပသင်္ခါရ(ရုပ်သင်္ခါရ)၊ နာမသင်္ခါရ(နာမ်သင်္ခါရ)။ သင်္ခါရ(၂)မျိုးပါ။

သင်္ခါရဆိုသော စကားလုံးသည် အလုပ်လုပ်ပေးတာ၊ စေတနာ စေတသိက်က အလုပ် လုပ်ပေးတာပါ။ စေတနာစေတသိက်က အလုပ်လုပ်ပေးတော့ ကံဖြစ်ပါတယ်။ သင်္ခါရ၊ စေတနာ၊ ကံဆိုသော စကား(၃)လုံးသည် အဓိပ္ပါယ်အတူတူကို ဖော်ညွှန်းကြောင်း သိရပါမယ်။ သင်္ခါရတို့၏ အစုအဝေး သင်္ခါရက္ခန္ဓာပါ။ ခန္ဓာဖွဲ့တယ်ဆိုတာ အစုအဝေးပါ။ သင်္ခါရက္ခန္ဓာဆိုတဲ့ အကြောင်းအရာ က လုပ်ငန်းသဘာဝတို့အလိုက် အလုပ်လုပ်နေတာကို သင်္ခါရလို့ခေါ်တယ်။ သင်္ခါရ = Function ၊ အလုပ်တွေလုပ်‌နေတဲ့ သဘာဝအကြောင်းကို လေ့လာတာပါ။

“သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာ” အလုံးစုံသောသင်္ခါရဓမ္မ၊ သင်္ခါရတရားတို့သည် အနိစ္စ မမြဲဘူး၊ ဒုက္ခ- ဆင်းရဲတယ်လို့ပြောပါတယ်။ ဒီကတစ်ဆင့်တက်ပြီး “ယဒါ ပညာယ ပဿတိ”။ သဗ္ဗေသင်္ခါရာ အနိစ္စာ၊ သဗ္ဗေသင်္ခါရာ ဒုက္ခာ စကားလုံးတို့၏ အဓိပ္ပါယ်ကို ပညာနှင့်ဆင်ခြင်၍ မြင်သောအခါ သင်္ခါရ အားလုံးဟာ မမြဲဘူး၊ သင်္ခါရအားလုံးဟာ ဒုက္ခဆိုတဲ့ အကြောင်းကို ပညာနှင့်မြင်ပြီဆိုလျှင် အထ နိဗ္ဗိန္ဒတိ ဒုက္ခေ။ သင်္ခါရတွေ နှိပ်စက်၍ အမြဲတမ်းခံစားနေရသော သင်္ခါရဒုက္ခကို အဟုတ်ဉာဏ်ပညာနှင့် မြင်သောအခါ သင်္ခါရဒုက္ခကို ငြီးငွေ့တယ်။ ဒီငြီးငွေ့တဲ့သဘော “ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ”။ ဧသ၊ ငြီးငွေ့တဲ့သဘော။ ဝိသုဒ္ဓိယာ၊ စင်ကြယ်သော။ မဂ္ဂေါ၊ လမ်း။ ဧသမဂ္ဂေါဝိသုဒ္ဓိယာ နှစ်လုံးဆက်ပြီးပြောရင် စင်ကြယ်ရာစင်ကြယ်ကြောင်း၊ စင်ကြယ်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ရာလမ်းကြောင်းဟာ ဒီအချိန်လေးက စပေါ်တာပါ။ သင်္ခါရ၏ဒုက္ခ၊ သင်္ခါရ၏အနိစ္စကို ပညာနှင့်မြင်လျှင် ထိုမြင်သောအချိန်သည် နိဗ္ဗာန်ရောက်ကြောင်း ဓမ္မသဘာဝ လမ်းစဉ်ကို မြင်ပါတယ်။

ဒီမှာ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာကို မဂ္ဂတစ်ပိုင်း၊ ဝိသုဒ္ဓိတစ်ပိုင်းခွဲရင် မဂ္ဂဟာ မဂ္ဂင်(၈)ပါးတရား၏ ပထမဦးဆုံးဖြစ်သော သမ္မာဒိဋ္ဌိမဂ္ဂင်သည် ဒီဉာဏ်ကြောင့် နိဗ္ဗိန္ဒတိဆိုတဲ့ ငြီးငွေ့သော စိတ်ကလေးက ဖွင့်ပြလိုက်တာပါ။ ခန္ဓာငါးပါးနှင့် သွားနေရသော ဘဝခရီးသည် နှစ်သက်ဖွယ်မဟုတ်ဘဲ ငြီးငွေ့ဖွယ်ရာသာဖြစ်ပါလားလို့ အဟုတ်တကယ် သိသောအချိန်သည် ပထမဆုံးမဂ္ဂင်၏ တံခါးပေါက်ဖြစ်သော အမှန်တရားကိုမြင်တာပါ။ ဒါကို သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ်တယ်။ ဒီလို မြင်လိုက်တာနဲ့တပြိုင်နက် အထက်အဆင့်ဆင့်ဖြစ်သော သန့်ရှင်းစင်ကြယ်သော နိဗ္ဗာန်တရားသို့ ရောက်ကြောင်းအတွက် လမ်းကြောင်းလမ်းမှန် တွေ့တာပါ။

ဝိသုဒ္ဓိ (၇)ပါးရှိပါတယ်။ ဒီဝိသုဒ္ဓိ (၇)ပါးရှိတဲ့ အထဲမှာ ဝိသုဒ္ဓိတွေ အဆင့်ဆင့်တက်တယ်ဆိုတော့ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ပြီးတော့ ဉာဏဒဿနဝိသုဒ္ဓိ၊ ဒီလို အစဉ်နဲ့ ရွတ်ပြတာပါ။

ဓမ္မနုပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေသော ခန္ဓာငါးပါးဆိုသည့် ပုဂ္ဂိုလ်က သင်္ခါရဒုက္ခကို အဟုတ်မြင်၍ ဒီသင်္ခါရဒုက္ခတို့ နှိပ်စက်ခြင်းခံနေရသော ခန္ဓာငါးပါး၏ အဖြစ်ကို ငြီးငွေ့တာ၊ ငြီးငွေ့တဲ့ ဉာဏ်ဖြစ်ပေါ်လာတဲ့အခါ အခုပြောတဲ့ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ ဖြစ်တာပါ။ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာဆိုတာ တစ်ချက်တည်းနဲ့ အကုန်မဖြစ်ပါ။ ဒီဉာဏ်ရလို့ ဪ ဒီခန္ဓာငါးပါးအဟုတ် ဒုက္ခရောက်နေတာလို့ မြင်တဲ့အချိန်မှာ ခန္ဓာငါးပါးမှလွဲ၍ ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါဆိုတဲ့ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ၊ ပုဂ္ဂိုလ်မပါ၊ သတ္တဝါမပါဘူး။ ဒုက္ခရောက်နေတာ ဘယ်သူတုံး၊ ခန္ဓာငါးပါးဒုက္ခရောက်နေတာပါ။

ခန္ဓာငါပါးဒုက္ခရောက်နေတယ်ဆိုတာ ဘာတွေတုံး? ခန္ဓာငါးပါးကို ဖွဲ့စည်းထားတဲ့ ဓာတ်တွေ ဒုက္ခရောက်နေတာ၊ ရူပက္ခန္ဓာမှာရှိတဲ့ ဓာတ်တွေကလည်း ဒုက္ခရောက်နေတယ်။ နာမက္ခန္ဓာ မှာရှိတဲ့ ဓာတ်တွေကလည်း ဒုက္ခရောက်နေတယ်။ ဒီဒုက္ခကို ဉာဏ်နဲ့မြင်လိုက်တဲ့အခါမှာ အဓိက အကျဆုံးအချက်က အတ္တဒိဋ္ဌိကို ဖယ်လိုက်တာ၊ လုံးဝကုန်မသွားသော်လည်း အခုပညာနဲ့ဖယ်တာ၊ အစမှာ သုတမယပညာနဲ့ ဖယ်တာ၊ ဒီဖယ်တဲ့ကိစ္စဟာ အရေးအကြီးဆုံး။ ဘာလို့အရေးကြီးနေတာတုံး အတ္တဒိဋ္ဌိဖုံးလွှမ်းနေရင် ရှိနေတဲ့ ဓမ္မသဘာဝတွေကို မမြင်ပါဘူး။ ငါ့ဒုက္ခ ငါ့ဒုက္ခချည်း ပြောနေတာပါ။

အခုပြောနေတဲ့ ဒုက္ခဟာ သင်္ခါရဒုက္ခပါ။ ဒီသင်္ခါရဒုက္ခကို အတ္တက ဘယ်လိုမှ မမြင်ပါ။ အတ္တသိတာက ကာယိကဒုက္ခ၊ စေတသိကဒုက္ခဆိုတဲ့ ခံစားမှုနဲ့ဖြစ်နေတဲ့ဟာကိုသာ သိတာ၊ ပညာနဲ့ သိရတဲ့ ဒုက္ခမျိုးကိုတော့ အတ္တက မသိပါဘူး။ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့ ဦးဆောင်၍ ပြောနေသောစကား၊ လုပ်နေသော အလုပ်တွေဟာ အမှန်အကန် မဖြစ်ပါ။ ငါအစွဲ၊ ငါ့ကိုယ် ငါ့ခန္ဓာအစွဲ လျော့သွားသည်နှင့် တပြိုင်နက်ပြောတဲ့ စကားပေါ်မှာ အပိုတွေပြောဖို့ ယောဂီရဲ့ စိတ်ဆန္ဒထဲမှာကို မရှိဘူး။ နည်းသွားပြီ။ ပြောရင်လည်း လိုတာလေးတွေပဲပြောမယ်။ သိမ်သိမ်မွေ့မွေ့ပြောမယ်။ အဓိပ္ပါယ်ရှိရှိလေးပြောမယ်။ ဒီလို ပြောတဲ့သဘောကို သမ္မာဝါစာ‌ခေါ်တယ်။

ဒီလိုပဲ အလုပ်လုပ်တဲ့အခါလည်း အပိုတွေမလုပ်ဘူး။ လိုတာလေးတွေပဲလုပ်၊ အကျိုးရှိတာလေးတွေပဲ လုပ်တယ်။ ဒီလို လုပ်တဲ့သဘောကို သမ္မာကမ္မန္တခေါ်တယ်။ ဒီသမ္မာဝါစာ- အပြောမှန်နှင့် သမ္မာကမ္မန္တ- အလုပ်မှန်သည် သီလမဂ္ဂင်။ အပြောမှန်၊ အလုပ်မှန်ရင် ဘာဖြစ်လာတုံး- အနေမှန်တယ်။ ဒီအနေမှန်တဲ့သဘောက မိမိတို့ဘဝမှာ အသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေစားသောက်ရာမှာ ဥစ္စာပစ္စည်းရရာရကြောင်းအတွက် သူများအသက် မသတ်ဘူး၊ မူးယစ် ဆေးဝါးမရောင်းဘူး၊ လူကုန်မကူးဘူး၊ အဆိပ်လက်နက်မရောင်းဘူး စသည့်အလုပ်မျိုးကို မလုပ်ရုံနဲ့ သမ္မာအာဇီဝဆိုတဲ့သဘော၊ မဂ္ဂင်ထိုက်သော သမ္မာအာဇီဝသို့ မရောက်ပါဘူး။ မဂ္ဂင်ထိုက်သော သမ္မာအာဇီဝက ဘာဖြစ်လာမှတုံး။

အပြောလည်းမှန်မှ၊ အလုပ်လည်းမှန်မှပါ။ ဘယ်အချိန်မှ မှန်တာတုံး။ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတွေ အလွန်နည်းသွားပြီး ခန္ဓာငါးပါး၏ ဒုက္ခကို အဟုတ်မြင်နေ၍ သံဝေဂဉာဏ်တွေရနေမှ။ သံဝေဂဉာဏ်၏ ဦးစီးဦးဆောင်ပြုခြင်းကြောင့် ကိုယ်အမူ အရာလည်း ပြောင်းသွားတယ်။ နှုတ်အမူအရာလည်း ပြောင်းသွားတယ်။ ဘယ်လမ်းပေါ် ပြောင်းတာတုံး သမ္မာဝါစာ၊ သမ္မာကမ္မန္တမဂ္ဂင် လမ်းပေါ်ပြောင်းလာတယ်။ ဒီတော့ ဘာပါဖြစ်လာတုံး သမ္မာအာဇီဝခေါ်တဲ့ အနေမှန်တဲ့ အဆင့်ထိအောင် ရောက်လာတယ်။ အနေမှန်တယ်ဆိုတာဟာ ပစ္စည်းဥစ္စာရှာဖွေမှု သန့်ရှင်းစင်ကြယ်တဲ့ အဆင့်ထက်ပိုလွန်တယ်။ ဒီလို မဂ္ဂင်သုံးပါး စင်ကြယ်ပြီဆိုရင် သီလမဂ္ဂင်စင်ကြယ်ခြင်း၊ သီလမဂ္ဂင်စင်ကြယ်တာကို ဘာခေါ်တုံး။ သီလဝိသုဒ္ဓိ။

ဒီသဘောတွေကို သေသေချာချာ နှလုံးသွင်းတတ်တော့ သီလဝိသုဒ္ဓိက ဘာကို အထောက် အကူပေးတာတုံး၊ စိတ္တဝိသုဒ္ဓိ – စိတ်၏စင်ကြယ်ခြင်းသို့ရောက်အောင် ဆောင်ရွက်ပေးနိုင်တယ်။ သီလဝိသုဒ္ဓိဖြစ်မှ စိတ္တဝိသုဒ္ဓိဖြစ်တယ်။ အထနိဗ္ဗိန္ဒတိဒုက္ခေဆိုတဲ့ အချိန်အခါမှာ သံဝေဂဉာဏ်တွေ ရနေကတည်းကိုက ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ မဟုတ် ခန္ဓာငါးပါးတို့ ဒုက္ခရောက်‌နေတာလို့ မြင်တဲ့ သစ္စဉာဏ်ရပြီဆိုရင် ဒိဋ္ဌိကလည်း စင်ကြယ်တယ်။ ဒါက ဘာခေါ်လဲ ဒိဋ္ဌိဝိသုဒ္ဓိပါ။ သို့သော်ဒါက သုတမယ၊ စိန္တာမယဉာဏ်နဲ့သာ ရနေတဲ့ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်တယ်။ အဟုတ်ရမှာက ဘာဝနာဉာဏ်နဲ့ ထပ်တလဲလဲပွားမှ ရမှာပါ။

ဒီလို အဆင့်ဆင့်ပွားများလိုက်တော့ သီလဝိသုဒ္ဓိလည်းရတယ်၊ စိတ္တဝိသုဒ္ဓိလည်း ရတယ်၊ ဒိဋ္ဌိဝိသုဒ္ဓိလည်း ရတယ်။ အဲဒီကျတော့မှ ကင်္ခါဝိတရဏဝိသုဒ္ဓိဆိုတာ ဒီလို ဝိသုဒ္ဓိတွေ ဖြစ်ပြီးမှ ဒါတွေဟုတ်ရဲ့လား၊ မှန်မှမှန်ပါ့မလားဆိုတဲ့ အဖြစ်မျိုးတွေက စင်ကြယ်သွားတယ်။ ဒီတော့ သီလဝိသုဒ္ဓိကစလို့ ကင်္ခါဝိတရဏဝိသုဒ္ဓိအထိ လေးပါး၊ ဒါ တစ်ချက်တည်းတော့ ဖြစ်တာမဟုတ်ပါ။ ယောဂီက ဘာဝနာကို ထပ်တလဲလဲပွားနေမှ ဒီအဆင့်တွေကို တဖြည်းဖြည်းတက်တာပါ။ အဲလို တက်လာတဲ့အခါ ဒိဋ္ဌိဝိသုဒ္ဓိသည်ပင်လျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ပါ။ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မှ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဖြစ်တာပါ။

ဒီလို စိတ်ထဲမှာ အတ္တတွေ၊ သက္ကာယတွေ လျော့သွားပြီဆိုရင် အဟုတ်လျော့တဲ့ အခါကျတော့ မိမိကိုယ်တိုင် ပွားများအားထုတ်နေသော တရားသည် အတ္တမပါ၊ ပုဂ္ဂိုလ်မပါ၊ သတ္တဝါမပါ ခန္ဓာငါးပါးတို့၏ ဒုက္ခကို သေသေချာချာ မြင်နေပြီ။ ဒီလိုမြင်နေပြီဆိုမှ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ၊ ဒီစင်ကြယ်သော လမ်းကြောင်းဟာ စင်ကြယ်ရုံတင်မက မှန်လည်းမှန်ကန်တယ်။ ဘာဖြစ်လို့ မှန်ကန်တယ်ပြောနေတာတုံး။ ခန္ဓာငါးပါး ရုပ်နာမ်တရားနှစ်ပါးပေါ်မှာ အခြေတည်၍ သူတို့ရောက်နေတဲ့အခါ ငါ့ဒုက္ခ၊ သူ့ဒုက္ခဆိုတဲ့ ကိုယ်ပိုင်ဒုက္ခမျိုး မဟုတ်တော့ပါ။ ဒီလို မဟုတ်ခြင်းကြောင့် ဒီလမ်းစဉ်ဟာ မှန်တဲ့လမ်းစဉ်ပါ။ ဒီ မှန်တဲ့လမ်းစဉ်ကို ဘာခေါ်တုံး။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိပါ။

လမ်းစဉ်မှန်ပြီဆိုတဲ့ အခါကျတော့ မိမိတို့ရဲ့ စရိုက်၊ မိမိတို့နာမ်ခန္ဓာရဲ့ အဇ္ဈာ သယနဲ့ ကိုက်ညီတဲ့ ဘာဝနာမျိုးကို ပွားများတာပါ။ ပွားတဲ့အခါ ဒီလမ်းကြောင်း‌ပေါ်ပဲ ပြန်သွားတာပါပဲ။ ဘာတွေပွားနေတာတုံး၊ ရူပက္ခန္ဓာမှာရှိတဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာပါ။ ရူပက္ခန္ဓာနှင့်ပတ်သက်တဲ့ အကြောင်းအရာများကို အားသန်တဲ့ပုဂ္ဂိုလ်က ရူပက္ခန္ဓာမှာရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုပွားတာပါ။ ဒီလိုပဲ ဝေဒနာက္ခန္ဓာမှာ ရှိသော အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာများကို ပွားများတာပါ။

ဒီတော့ ခန္ဓာငါးပါးမှာ မိမိတို့၏ စရိုက်အလိုက် မိမိတို့ ပွားများလို့ သင့်လျော်တယ်ဆိုတဲ့ လမ်းအတိုင်းလိုက်တော့ ကိုယ်ပွားများတဲ့နည်းတွေနဲ့ ပွားများတဲ့အလုပ်ဟာ အကျိုးပြုတယ်ဆိုတာ သိလာပြီ။ သိလာတဲ့အခါ ဒီလမ်းစဉ်ဟာ မိမိနဲ့သင့်တော်တဲ့ လမ်းစဉ်ပါလို့ သိလာပြီဆိုရင် ဘာတဲ့တုံး ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိပါ။ ဒီအကျင့်ဟာ မိမိအတွက် အကျိုးပြုသောလမ်းစဉ် ဖြစ်တယ်လို့ သေသေချာချာ ပိုင်းပိုင်းခြားခြား သိသွားတာပါ။ ဒီတော့ ဆက်၍ဆက်၍ ပွားများရပါတယ်။ ဆက်၍ပွားများတဲ့အခါ အဆင့်အဆင့် မဂ်တရားများက ပယ်ပေးပါတယ်။ ပထမဦးဆုံး ဘာကိုပယ်ရမှာတုံး။ အတ္တဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိကို ပယ်ရမှာပါ။ ယောဂီက သေသေချာချာ ပယ်ဖို့ ကြိုးစားတဲ့အခါ ဝိပဿနာဉာဏ်နဲ့ပဲ ပယ်ရမှာပါ။ သို့သော် ဘာအားပါရမှာတုံး သမာဓိအား ပါရမယ်။ သမာဓိအားနှင့်တွဲ၍ ဝိပဿနာဉာဏ်နှင့် ပယ်ရပါမယ်။

ဒီအချိန်မှာ သေသေချာချာ စဉ်းစား၊ ဘာကိုပယ်ရမှာတုံး။ အတ္တဒိဋ္ဌိ၊ ဒိဋ္ဌိကို ပယ်ရမှာ၊ ဒိဋ္ဌိဟာ ဥပါဒါနက္ခန္ဓာမှာရှိတဲ့ ဒိဋ္ဌုပါဒါန်ရှိတယ်။ အဲဒီမှာတော့ ပုဂ္ဂိုလ်၊ သတ္တဝါပေါ်မှာ စွဲတာပါ။ ဒီထက်သိမ်မွေ့နူးညံ့ပြီး ဘဝအဆက်ဆက် လိုက်ပါလာတဲ့ ဒိဋ္ဌိကို ဒိဋ္ဌိအနုသယ ခေါ်တယ်။ အနုသယဆိုတာ ဘာတဲ့တုံး။ ဓာတ်ခံ၊ ဘာဓာတ်ခံတုံး ယုံတဲ့ဓာတ်ခံ။ ဒီယုံတဲ့ ဓာတ်ခံဖြစ်သော ဒိဋ္ဌိအနုသယကိုသာလျှင် အမြစ်ပါပြုတ်အောင် ပယ်ရမယ်။ ပယ်နိုင်ဖို့က ဘာစွမ်းအားပါမှတုံး။ သမာဓိအားလည်းပါမှ ဝိပဿနာအားလည်းပါမှပါ။

သိရမည့်အချက်က ပွားများနေတဲ့ လုပ်ငန်းတွေ တင်ပလ္လင်ခွေထိုင်၊ ဒူးတုပ်ထိုင်၊ ဒူးတုပ် ထိုင်ပြီးတော့ ရှုမှတ်နေတဲ့အလုပ်သက်သက်သာလျှင် တရားထိုင်ခြင်း ဝိပဿနာအလုပ်လို့ မှတ်ယူနေလို့မရပါဘူး။ ဝိပဿနာအလုပ်ဆိုတာ ဒီလိုထိုင်တဲ့အလုပ်လည်း ပါတယ်။ သို့သော် Contemplation အား အလွန်အရေးကြီးတယ်။ ဒါဟာ ဘာအားတုံး စိန္တာမယပညာအားပါ။ စိန္တာမယပညာအားနဲ့ သေသေချာချာ ဓမ္မသဘာဝများကို စဉ်းစားတိုင်း အဓိပ္ပါယ်တွေပို၍ ပို၍သိလာတော့၊ သိလာတဲ့ အဓိပ္ပါယ်တွေကို ပို၍ ခိုင်မာလာအောင် ဘာဝနာနဲ့ လုပ်ရတယ်။ ဘာဝနာနဲ့လုပ်ရတဲ့အခါ ဝိပဿနာဉာဏ်တို့ ပို၍ထိုးထိုးထွင်းထွင်း သိနိုင်၊ နားလည်နိုင်အောင် ဘာအားကို ယူရတာတုံး။ သမာဓိအားယူရတယ်။ ဒီသမာဓိအားဆိုတာဟာ သမာဓိလမ်းကြောင်းပေါ်မှာ လျှောက်နေတဲ့ သမထဆရာတို့ပြောတဲ့ သမာဓိမျိုးနဲ့ မတူပါ။

ဒီသမာဓိအားက ဓမ္မာနုပဿနာကို နှလုံးသွင်းနေသော ယောဂီသည် ဓမ္မ၏အဓိပ္ပါယ်ကို သိသည်ထက် သိပြီးတော့ မိမိစိတ်သည် ဓမ္မ၏ အနက်အဓိပ္ပါယ်ထဲရောက်၍ နစ်မြုပ်ပြီး နှလုံးသွင်း ဆင်ခြင်နေရင် သမာဓိအားတွေ တက်တယ်။ ဒီပုဂ္ဂိုလ်သည် ဒီလို အားထုတ်ပါများမှ မိမိလိုရာဖြစ်သော အဓိပ္ပါယ်ကို သိတာပါ။ သိတော့မှ အခုဘယ်ကို ဦးတည်ပြီး ဆောက်ရွက်ရမှာတုံး။ မိမိနာမ်ခန္ဓာအတွင်းမှာ ဘဝအဆက်ဆက် လိုက်ပါလာတဲ့ ဒိဋ္ဌိအနုသယကို မြင်အောင် ကြည့်။ ဪ ယုံတတ်တဲ့သဘောဟာ အနုသယအဖြစ်၊ ဓာတ်ခံအဖြစ်နဲ့ ပါနေတာပါလားလို့ သိပြီ ဆိုတော့ သူ့ကိုပယ်နိုင်အောင် အနိစ္စလက်နက်၊ ဒုက္ခလက်နက်၊ အနတ္တလက်နက်နဲ့ ဒိဋ္ဌိအနုသယကို ပယ်ဖျက်ရမယ်၊ ဖြတ်ရမယ်။

ဒီလောက်ထက်မြက်တဲ့ အနိစ္စလက္ခဏာက အဟုတ်မြင်လာတော့ ဘယ်တရားကို ယုံရမယ်၊ ဘယ်တရားကို မယုံဘူးလို့ ပြောစရာမလိုဘူး၊ ဘယ်သူက ပြနေတာတုံး။ အနိစ္စ လက္ခဏာက။ အနိစ္စက ဘာပြနေတာတုံး။ ပစ္စုပ္ပန်တည့်တည့်မှာကို ဖြစ်ခြင်းနဲ့ ပြနေပြီ၊ ပစ္စုပ္ပန် တည့်တည့်မှာကို ပျက်ခြင်းနဲ့ပြနေပြီ။ ဒီဖြစ်ခြင်း ပျက်ခြင်းဟာ ယုံထားတာလား၊ အဟုတ်တွေ့ နေတာလား အဟုတ်တွေ့နေတာပါ။ အဟုတ်တွေ့နေတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း ဓမ္မဓာတ်ကမှ ဒိဋ္ဌိ အနုသယကို ချေနိုင်ဖျက်နိုင်တာပါ။ ဒါဟာ လုပ်ငန်းသဘောပါ။ ဒီလို သဘောပေါက်ပြီဆိုရင် ဘယ်အချိန်ကျမှ သမထကနေ ဝိပဿနာပြောင်းရမှာတုံးဆိုတဲ့ ပြဿနာ မပါလာဘူး။ အချိန်မရွေး ဝိပဿနာအားကို တက်အောင်မွေးပါ၊ ဒီ ဝိပဿနာထဲမှာပဲ မိမိ၏ဉာဏ်ကို မြုပ်နှံထားပါ။ ဒီအားတွေ ထက်သန်လာရင် သမာဓိအားလည်း တက်တယ်၊ ပညာအားလည်းတက်တယ်။ ဒီသမာဓိအား၊ ပညာအား သုံး၍ ဘယ်သူ့ကို ချေဖျက်မှာတုံး၊ အနုသယဒိဋ္ဌိကို ချေဖျက်မှာ၊ ဘာလက်နက်နဲ့တုံး။ အနိစ္စ လက်နက်နဲ့ပါ။

အနိစ္စ အဟုတ်မြင်နေတယ်ဆိုတာ ဒိဋ္ဌိနဲ့မြင်တာမဟုတ်၊ တကယ်ရှုမှတ်နေလို့ ဓမ္မသဘော ကို မြင်တာပါ။ အဲလိုပါပဲ အနိစ္စသဘောမြင်သလို ဒုက္ခကိုလည်း မြင်မယ်၊ အနတ္တကိုလည်း မြင်မယ်။ ဒီလက်နက်သုံးခုစလုံးသည် ထက်မြက်တယ်။ ထက်မြက်မှုက ဘယ်အပေါ်မှာတည်တာတုံး။ တည်ငြိမ်တဲ့သမာဓိအား၊ စူးရှတဲ့ဝိပဿနာအား၊ ဒီအားတွေနဲ့ပဲ ဒိဋ္ဌိအနုသယကို အမြစ်ပါမကျန် ဖယ်လိုက်ရင် နောက်ထပ် ဟိုဟာယုံပါတယ်၊ ဒီဟာယုံပါတယ်ဆိုတာတွေ မရှိတော့ပါဘူး။ ဒီလိုမရှိမှ သူ့ထက်မြင့်တဲ့တရားများကို တက်လှမ်းနိုင်မှာပါ။ ဒါဟာ ပထမဦးဆုံးဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်တာပါ။ ဒိဋ္ဌိပယ်ရင် ဝိစိကိစ္ဆာလည်း ပယ်ပြီးသားဖြစ်တယ်။ ယုံတာကို ပယ်ရင် မယုံတာကိုလည်း ပယ်ပြီးသား ဖြစ်တယ်။

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်ပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ သောတာပန်ပါ။ သောတာပန် သောတာပန်နဲ့ ပါးစပ်ကပြောပေမယ့် ဒီလိုသိမှ၊ လူ့ဘဝ လူ့ခန္ဓာရှိနေသော်လည်း ဒီပုဂ္ဂိုလ်ဟာ နာမ်ခန္ဓာက ပြောင်း သွားပြီ။ သူ့ နာမ်ခန္ဓာထဲမှာ ဒိဋ္ဌိမပါတော့ဘူး။ ဒီတော့ သူဟာ ပုဂ္ဂိုလ်အသစ် ဖြစ်သွားပြီ။ ကိလေသာနဲ့ အမြဲတမ်းရစ်ပတ်နေတဲ့ ပုထုဇဉ်တို့၏ နာမ်ခန္ဓာမျိုးနှင့် မတူသော အတ္တဒိဋ္ဌိ၏ ချုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်မျိုးဟာ မျက်စိနဲ့ကြည့်လို့ ခန္ဓာကြီးကို မြင်နေရသော်လည်း သူ့နာမ်ခန္ဓာက ပြောင်းလဲသွားတာကို သူသာ “ပညာ”နဲ့ သိတာပါ။ ပညာနဲ့သိပုံသိနည်းက ယုံတတ်တဲ့သဘောတွေကို ဖယ်လိုက်ပြီ၊ မယုံတာတွေလည်း ဖယ်လိုက်ပြီ၊ လက်တွေ့ အဟုတ်ထိနေ သိနေတဲ့ ထိမှုသိမှု ဓမ္မသဘာဝကိုသာလျှင် လက်ကိုင်ထား၍ မိမိ၏အဖြစ်ကို မိမိ သိတာပါ။

ဒီသောတာပန်ဆိုတဲ့ ပုဂ္ဂိုလ်က ပုဂ္ဂိုလ်လို့သာသုံးတာ၊ သောတာပန်ဖြစ်နေသော ခန္ဓာ ငါးပါး၏ နာမက္ခန္ဓာတွင် ယုံတတ်တဲ့သဘော၊ မယုံတတ်တဲ့သဘော “ငါ” “သူ” ဆိုတဲ့အစွဲ မပါလာသောကြောင့် ကာယကံမှုပြုရင်လည်း ငါ့ဖို့၊ ငါ့ကိုယ် ဆိုတာကိုပြုစရာမရှိတော့ပါ၊ ပြောရင် လည်းပဲ ငါအနိုင်ရဖို့၊ ငါသိဖို့လို့ ပြောစရာမလိုတော့ပါ၊ အပိုတွေဖြစ်တဲ့ ပိသုဏဝါစာတွေ၊ ဖရုသ ဝါစာတွေ၊ သမ္ဖပ္ပလာပတွေ၊ မုသာဝါဒတွေ မပြောတော့ပါဘူး။ ဒီလို မပြောတဲ့အခါ သမ္မာဝါစာ မဂ္ဂင်ကိုလည်း အလိုလိုစင်ကြယ်တယ်။ သမ္မာကမ္မန္တမဂ္ဂင်လည်း အလိုလို စင်ကြယ်တယ်။ အဲတော့ အမြင်လည်းမှန်နေပြီ၊ အတွေးလည်း မှန်နေပြီဆိုရင် အနေကလည်း မှန်တယ်။ ဘာမဂ္ဂင်တုံး သမ္မာ အာဇီဝမဂ္ဂင် စင်ကြယ်ပြီ။ ဒီမဂ္ဂင်သုံးပါး စင်ကြယ်တာဟာ “ အဓိသီလသိက္ခာ” ဖြစ်ပါတယ်။ အဓိသီလသိက္ခာဆိုတဲ့ အလွန်စင်ကြယ်တဲ့ အကျင့်သီလ ရှိပြီဆိုရင် ဒီစွမ်းအားတွေက ဘာတွေကို တားနိုင်တာတုံး။

ဘဝအဆက်ဆက် သံသရာက ပြစ်မှားခဲ့သော အကုသိုလ်များထဲတွင် အပါယ်လေးပါး ကို ပဋိသန္ဓေပေးနိုင်သည့် အကုသိုလ်များကို ဒီပုဂ္ဂိုလ်ရဲ့ စွမ်းအားက ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်ပြီးသား ဖြစ်သော နာမ်ခန္ဓာက တားနိုင်တယ်။ တားနိုင်လောက်အောင် ကြီးမားပါတယ်။ ဒါကြောင့်မို့ ဒီလို ပွားများတဲ့တရား၊ ပွားများတယ်ဆိုတာ ဘာလုပ်တာတုံး၊ အလုပ်၊ အလုပ်ဆိုတာ ကမ္မ၊ မနော ကမ္မနှင့် ပွားများထားသော တရားအလုပ်။ ဒီအလုပ်က ဘာဖြစ်တုံးတွေ အလွန့်အလွန် အရှိန်အဝါ ကြီးမားတယ်၊ သူ့ကို “ဂရုကမ္မ” ခေါ်တယ်။ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ကို ရအောင် အားထုတ်ထားသော အလုပ်၏စွမ်းအား ဂရုကမ္မဖြစ်ပါတယ်။ “ဘဝအဆက်ဆက် သံသရာက ကျူးလွန်ခဲ့သော အကုသိုလ်များထဲတွင် အပါယ်လေးဘုံကို ပို့ချပေးမည့် အကုသိုလ်များကို ဒီ ဂရုကမ္မက တားနိုင်တယ်”။ အပါယ်ကို မရောက်ရုံတင် မကပါဘူး။ ပုထုဇဉ်တို့ရဲ့ နာမ်ခန္ဓာဟာ မရေမတွက်နိုင်လောက်သော အနာဂတ်ဘဝတွေဖြစ်အောင် လုပ်ပေးနေတာပါ။ အခု သောတာ ပတ္တိမဂ်ရလို့ သူ့ရဲ့ ဂရုကမ္မအစွမ်းက သူဟာ အခုရှိနေတဲ့ လူ့ဘုံမှာသော်လည်းကောင်း၊ နတ်ဘုံမှာ သော်လည်းကောင်း ပဋိသန္ဓေတည်ရင် ဒီဘဝမျိုး (၇)ကြိမ်ထက် ပိုတည်ဖို့ မလိုတော့ပါ။ ဒီလောက် ထိအောင် စွမ်းအားက ထက်တယ်။ အလွန်ကြောက်စရာကောင်းတဲ့ သံသရာကို (၇)ဘဝနဲ့ ပြတ် အောင် ဖြတ်နိုင်ခြင်း သည် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်လိုက်သော ဂရုကမ္မ၏ စွမ်းအားပါ။

ဒီလို သဘောပေါက်ရင် ဒီတရားတွေကို ပင်ပင်ပန်းပန်း တကယ်အားထုတ်ပါ။ အားထုတ်မှလည်း ရမှာပါ။ ရရင်လည်း ဒီအကျိုးတရားတွေကို ခံစားရမှာပါ။ ဒါဆိုရင် ဝိသုဒ္ဓိ (၇)ပါးမှာ ပထမအဆင့်ဖြစ်တဲ့ လေးခု၊ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိပြီးတော့ နောက်တစ်ဆင့်က မဂ္ဂါမဂ္ဂဉာဏဝိသုဒ္ဓိပါ။ ဒီလမ်းအတိုင်း လိုက်တယ်။ ပြီးတော့ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ၊ နောက်ဆုံးပိတ်က ဉာဏဒဿန ဝိသုဒ္ဓိပါ။ ဒီမှာ သောတာပတ္တိ ပုဂ္ဂိုလ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်နိုင်ခြင်းစွမ်းအားနဲ့ ဉာဏဒဿန ဝိသုဒ္ဓိကို ရပါတယ်။ ဒါကို သေသေချာချာသိမှ၊ ဒါတစ်ချက်တည်းနဲ့ ဖြစ်တာမဟုတ်ပါဘူး။ အလွန့်ကို ကြိုးကြိုးစားစား သဒ္ဓါ၊ သတိ၊ ဝီရိယ၊ ပညာနဲ့ အလွန်ကြိုးစားမှ ရပါတယ်။ ချက်ချင်း မဟုတ်ပါဘူး။ ဒါလောက်နားလည်ရင် တော်လောက်ပါပြီ။

သာဓု သာဓု သာဓု။