သစ္စာဆိုတာ အမှန်တရားပါ။ အမှန်တရားဆိုသော သစ္စာတရားဟာ သမုတိသစ္စာနှင့် ပရမတ္ထသစ္စာဟူ၍ (၂)မျိုးရှိပါတယ်။ အများသဘောတူလို့ လက်ခံ သတ်မှတ်ထားသော အမှန်တရားကို သမုတိသစ္စာခေါ်တယ်။ သဘာဝအားဖြင့် အဟုတ်တကယ်ရှိသော အမှန်တရားကို ပရမတ္ထသစ္စာ ခေါ်ပါတယ်။
သမုတိသစ္စာဆိုတာ လူလောကတစ်နေရာမှာ လူအများစုက လက်ခံထားသော အမှန်တရားဟာ အခြားတစ်နေရာဌာနပြောင်းလဲသွားရင် ပြောင်းလဲသွားတယ်၊ နောင်တချိန်မှာ အမှန်လို့လက်မခံရင် အချိန်ကာလကိုလိုက်ပြီး ပြောင်းလဲသွားတယ်။ အခြေအနေတခုမှာ မှန်တယ်လို့ လက်ခံထားပေမယ့် နောက် အခြေ အနေတစ်ခုကို ပြောင်းသွားရင်လည်း လက်မခံပါဆိုရင် အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ဒီလို အမျိုးမျိုး ကာလအလိုက်၊ ဌာနအလိုက်၊ အခြေအနေအလိုက် ပြောင်းလဲနေတဲ့သဘောဟာ သမုတိသစ္စာရဲ့ သဘောပါ။ အများသဘောတူ လက်ခံမှဖြစ်တာပါ။
ပရမတ္ထသစ္စာက ကာလပြောင်းရင်လည်း၊ ဌာနပြောင်းရင်လည်း၊ အခြေအနေ ပြောင်းရင်လည်း မှန်လျှက်ပါပဲ။ သဘာဝအားဖြင့် မှန်နေတဲ့ အမှန်တရားဖြစ်လို့ ကာလပြောင်း၊ ဌာနပြောင်း၊ အခြေအနေပြောင်းသော်လည်း သဘာဝအမှန်တရားက မပြောင်းလဲပါ။ သဘာဝအမှန်တရား(၄)ပါးမှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတို့ဖြစ်ပါတယ်။ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ (၂)ပါးကို လောကီသစ္စာ(၂)ပါးလို့ ခေါ်တယ်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာ(၂)ပါးကို လောကုတ္တရာသစ္စာ (၂)ပါးလို့ခေါ်ပါတယ်။
ကမ္ဘာပေါ်မှာ လူသားသန်းပေါင်း (၇၀၀၀)ခန့်နှင့်တကွမြောက်မြားစွာသော တိရစ္ဆာန်တွေရှိတယ်။ ဒီသတ္တဝါတွေမှာဒုက္ခသစ္စာရှိတယ်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာလည်း အဟုတ်ရှိတာပါ။ အနန္တစကြဝဠာမှာရှိသည့် အနန္တကမ္ဘာတွေပေါ်ရှိ လူ၊ နတ်၊ ဗြဟ္မာ အနန္တသတ္တဝါတိုင်းတွင် ဒုက္ခထင်ရှားရှိတယ်။ ထို့အတူ အစမထင် သံသရာမှာ ဖြစ်ခဲ့သော သတ္တဝါတွေ၊ ပစ္စုပ္ပန်မှာဖြစ်နေသော သတ္တဝါ၊ နောင်အနာဂတ်မှာဖြစ်မည့် သတ္တဝါတွေ သတ္တဝါရယ်လို့ဖြစ်လာလျှင် ဒုက္ခဆိုတာ ရှိမယ်။ ထို့အတူ အခြေအနေတွေဆိုသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတွေ ဘယ်လိုပြောင်းပြောင်း သတ္တဝါရယ်လို့ ဖြစ်လာလျှင် ဒုက္ခရှိမယ်။ ဒီလိုမှန်ကန်နေလို့ သဘာဝအမှန် ပရမတ္ထသစ္စာခေါ်တာပါ။
ရူပက္ခန္ဓာမှာဖြစ်နေတဲ့ နာတာ၊ ကျင်တာကို ဒုက္ခ၊ နာမက္ခန္ဓာမှာဖြစ်နေတဲ့ စိတ်ညစ်၊ စိတ်ဆင်းရဲ၊ ဝမ်းနည်း၊ ကြေကွဲတာတွေကိုလည်း ဒုက္ခ၊ ဒီလိုခံစားမှုနှင့် သိရသောဒုက္ခကိုသာလျှင် ဒုက္ခလို့သိတယ်။ ဒေသနာမှာလာတဲ့ ဒုက္ခအကြောင်း ကျယ်ကျယ်ဝန်းဝန်းသိဖို့ပါ။ ဒုက္ခသစ္စာ (၄)မျိုးမှာ ပီဠနဒုက္ခ၊ သန္တာပဒုက္ခ၊ ဒီ(၂)မျိုးကို ဝေဒယိတဒုက္ခခေါ်တယ်။ ဝိပရိဏာမ ဒုက္ခ၊ သင်္ခါရ ဒုက္ခတွေက ဝေဒယိတဒုက္ခတွေမဟုတ်ပါ။ ဒီဒုက္ခ (၄) မျိုးကို ဘယ်လိုနားလည်ရမှာတုံး ဒုက္ခ(၄)မျိုး အကြောင်းသိဖို့ တစ်ဆင့်ပြီးတစ်ဆင့်သွားရမယ်။
ခံစားမှု(ပါဠိလို) ဝေဒနာမှာ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ သုခလည်းမဟုတ် ဒုက္ခလည်း မဟုတ်တဲ့ အဒုက္ခမသုခဝေဒနာမျိုးရှိပါတယ်။ ရူပက္ခန္ဓာမှာဖြစ်နေတာကို ကာယိကဒုက္ခ ဝေဒနာ၊ ကာယိကသုခဝေဒနာ၊ ကာယိကအဒုက္ခမသုခဝေဒနာရယ်လို့ (၃)မျိုးဖြစ်နေတာ၊ ဒီခံစားမှုတွေ ထင်ရှားသိသာတယ်။ဒီအကြောင်းတွေ သေသေချာချာသိဖို့ ကြိုးစားရမယ်။
ကာယိကဒုက္ခဝေဒနာတွေဖြစ်ပုံမှာ အမိဝမ်းဗိုက်မှာ ဘဝစတင်တဲ့ ပဋိသန္ဓေတည်တဲ့ အချိန်ကတည်းက ကမ္မသတ္တိက ထည့်ပေးလိုက်သော ရူပက္ခန္ဓာအရေပြားတွင် တပ်ဆင်ထားတဲ့ ကာယပသာဒ၊ ကိုယ်အကြည်ရုပ်မျိုးစေ့က ပါလာပြီးကြီးထွားလာတော့ အကြည်ရုပ်တွေ ထင်ရှားလာတာပါ။ အကြည်ရုပ်တွေဟာ ကမ္မဇရုပ်တွေပါ။ ဒီအကြည်ရုပ်တွေ ကိုယ်အရေပြားမှာ နေရာမလပ်ရှိတယ်။ အပ်နဲ့အရေပြားပေါ် တစ်နေရာကို ထောက်တာနဲ့ နာတယ်လို့ ပြောနိုင်တာ အကြည်ရုပ်က နေရာတိုင်းမှာ ရှိနေလို့ပါ။ ဒီကလာပ်စည်းလေးတွေ အမြဲတမ်း အလုပ်လုပ်နေရတယ်။ ကလာပ်စည်းများနှင့် တွဲထားတဲ့ အာရုံကြောလေးတွေက သူတို့အလုပ်လုပ်ဖို့၊ အကြည်ရုပ် တပ်ပေးလိုက်တဲ့ အကြောင်းရင်းခံက ခန္ဓာကိုယ် ကာကွယ်ရေးအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ကလာပ်စည်းပေါင်း မြောက်မြားစွာ ပျက်သွားတာကို မသိဘဲနေရင် ခန္ဓာကိုယ်ကြီး ပျက်စီးသွားမယ်။ ဒါကြောင့် မီးအပူနှင့် ထိလိုက်တာနဲ့ အာရုံကြောကတဆင့် ဦးနှောက်ကို ဒုက္ခဝေဒနာအဖြစ် လျှပ်စစ်လှိုင်းနဲ့ သတင်းပို့တော့ ဦးနှောက်က ချက်ချင်းနာမ်ဓာတ်ကို အကြောင်းကြားတယ်။ ဒီတော့ စိတ်ဆိုတဲ့ နာမ်ဓာတ်က လက်ခံ၊ စိစစ်၊ စစ်ဆေးပြီး ချက်ချင်း အရေးယူဆောင်ရွက်တယ်။
ပူလောင်နေပြီ၊ လောင်ကျွမ်းနေပြီဆိုတာကို ဦးနှောက်က မပြောနိုင်၊ နာမ်ဓာတ်ကသာ ပြောရတယ်။ ပူလောင်နေပြီ၊ လောင်ကျွမ်းနေပြီလို့ စိတ်ထဲမှာ ဒုက္ခဝေဒနာဖြစ်ပြီ သိတာနဲ့တစ်ပြိုင်နက် နာမ်ဓာတ်က ဒုက္ခဝေဒနာနဲ့ ပူတယ်ပြောမှ ရုပ်ခန္ဓာ ဦးနှောက်မှာရှိတဲ့ Motor Centre ဗဟိုဌာနကို အမိန့်ပေးပါတယ်။ Motor Centre က အလုပ်ဆောင်ရွက်ပေးတဲ့ ကမ္မဓာတ်ကြော Motor Nerve ကို အမိန့်ပေးတဲ့အခါ အာရုံကြောတွေက တစ်ဆင့် ခါချခိုင်းတော့ ကြွက်သားတွေက ချက်ချင်းဆောင်ရွက်ပြီး ပျက်စီးမှုကို ကာကွယ်ရေး လုပ်ရပါတယ်။
ကမ္မဓာတ်ကြောက အမိန့်ပေးတဲ့အတိုင်း ဆောင်ရွက်နေတဲ့ ကိစ္စကိုသိအောင် ရုပ်ကပြန်ပြန်ပြီး သတင်းပို့ရပါတယ်။ “ရူပက္ခန္ဓာက သူ့ရှင်ရေးအတွက် စနစ်နဲ့ ကာကွယ်ရေးကို တသက်လုံး သူ့ဟာသူလုပ်” နေတာပါ။ ရုပ်ခန္ဓာက သူ့ချည်းမလုပ်နိုင်၊ နာမ်ခန္ဓာကို အကူအညီတောင်းပြီး ရုပ်နှင့် နာမ်ပူးတွဲပြီး အဖွဲ့တွေနဲ့ ဆောင်ရွက်ကြရတာပါ။
ကာယဝိညာဏ်စိတ်ထဲမှာ ဝေဒနာစေတသိက် ပါတယ်။ အရေးယူဆောင်ရွက်ဖို့ ဒုက္ခဝေဒနာကပြောမှ ချက်ချင်း အရေးယူမှာဖြစ်ပါတယ်။ ဒုက္ခဝေဒနာက ကာယဝိညာဏ် စိတ်ထဲမှာပါတာကိုဘယ်လိုခေါ်သလဲ၊ သင်္ဂြိုဟ်စကားနဲ့ပြောရင် ကာယသမ္ဖဿဒုက္ခဝေဒနာ၊ ဒါဟာ နာမ်က ဒုက္ခဝေဒနာနဲ့ပြန်ပြောမှ ချက်ချင်းအရေးယူဆောင်ရွက်မှာမို့ အဟုတ်ရှိတဲ့ ဒုက္ခဟာ လောင်ကျွမ်းပျက်စီးတာ ကာကွယ်ပေးဖို့၊ ဒါမှ ရူပက္ခန္ဓာ ဆက်လက်ရှင်သန်မှာပါ။ ဒီအမှန်တရားတွေ ဆက်သွယ်နေတဲ့အကြောင်း မသိပါ။ နာတယ်လို့ ရုပ်ကပြောနေတာ၊ နာမ်တရားကို အကူအညီတောင်း နာမ်ဓာတ်က ဒုက္ခဝေဒနာနဲ့ ပြောရတာဟာ သူတည်ထောင်ထားတဲ့ ဘဝဟာ ကမ္မသတ္တိမကုန်မချင်း ဒီအလုပ်တွေ လုပ်နေရမယ်။
ဒီသဘောတရားတွေ အဟုတ်ရှိ တကယ်ရှိ အလုပ်လုပ်နေရင် ဒုက္ခဆိုတာလေးက တစိတ်တဒေသအဖြစ် ဝေဒနာက္ခန္ဓာဟာ လိုအပ်လို့ပေါ်လာရတာပါ။ အကြောင်းတရားကခိုင်းလို့ အကျိုးတရား အဖြစ်ပေါ်လာတာ၊ ပရမတ္ထသစ္စာ အမှန်တရားထဲမှာ ခံစားမှုနဲ့သိရတဲ့ ဝေဒယိတဒုက္ခဟာ တကယ်ရှိ အဟုတ်ရှိတာဟာ ရူပက္ခန္ဓာ ဆက်လက်ရှင်သန်ရေးအတွက် လိုအပ်ရင်အရေးယူဖို့ပါ။ ဒီဝေဒယိတဒုက္ခဟာ ခန္ဓာကိုယ်ကို အကျိုးပြုဖို့ မနုဿဗီဇ ချလိုက်ကတည်းက ကမ္မသတ္တိက ရုပ်ခန္ဓာမှာ ကရိယာပစ္စည်းတွေ အစုံအလင် တပ်ဆင်ပေးလိုက်တာပါ။ နှစ်ပေါင်းများစွာသုံးနေပေမယ့် အခုထိ ကောင်းနေတာ၊ အလုပ်လုပ်နေတာဟာ အတိတ်ဘဝများကပြုခဲ့သော ကမ္မသတ္တိစွမ်းအားနဲ့ ရူပက္ခန္ဓာကို တည်ဆောက်ပေးတာကြောင့်ဖြစ်တယ်။ ကုသလကမ္မသတ္တိက ကျွမ်းကျင်တဲ့ အင်ဂျင်နီယာဖြစ်တော့ လူ့ဗီဇအပြည့်အစုံကို တပ်ဆင်ပေးလိုက်တာပါ။
အကုသလကမ္မသတ္တိစွမ်းအားနဲ့ မကျွမ်းကျင်တဲ့ အင်ဂျင်နီယာ ဆောက်တော့ တိရစ္ဆာန်ရဲ့ဗီဇသာ ဆောက်နိုင်တာပါ။ တိရစ္ဆာန်က ရုပ်ခန္ဓာပါလာသော်လည်း လူလို ပြည့်စုံတဲ့ခန္ဓာကိုယ် မပါ၊ ကရိယာ ပြည့်ပြည့်စုံစုံ ပါမလာပါ။ စဉ်းစားရမယ့်အချက်က ဒုက္ခ အဟုတ်ရှိ၊ တကယ်ရှိတာ ကိုယ်မှာဖြစ်သော ခံစားမှုနဲ့ သိရသောဒုက္ခဟာ အကြောင်းနဲ့ဖြစ်လာတာ၊ ဒီဝေဒယိတ ဒုက္ခဟာ သူမပါရင်မပြီးလို့ ရူပက္ခန္ဓာ ပျက်စီးနေတာကို ချက်ခြင်းအရေးယူဖို့ ရုပ်တရားအလုပ်ကို နာမ်တရားက ကူညီတာဟာ ကမ္မသတ္တိက တည်ထောင်ပေးတဲ့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ ဆက်လက်ရှင်သန်ရေးအတွက် အလုပ်လုပ်နေတာ၊ ဒီသဘာဝတရားတွေကို ပြတ်ပြတ်သားသားနဲ့ သိဖို့၊ ဒီဝေဒနာတွေ တကယ်ရှိ၊ သူ့လုပ်ငန်းသူလုပ်၊ အကြောင်းနဲ့ အကျိုးဆက်စပ် လုပ်နေတယ်ဆိုတာ သဘောပေါက် နားလည်သည့်တိုင် ကိုယ်ပိုင်ဉာဏ်သုံးပြီး စဉ်းစား ဆင်ခြင်နှလုံးသွင်းပါ။ ဒါသည်ပင်လျှင် ဗုဒ္ဓဘာသာတို့၏ အဓိကအလုပ်၊ စဉ်းစားမှ ဒုက္ခဝေဒနာအကြောင်း အဟုတ်သဘောပေါက်လာမယ်။ ဒီလို အဟုတ်သဘောပေါက်လာမယ်ဆိုရင် မြင့်သောတရား၊ မြတ်သောတရားကို တက်လှမ်းဖို့ ဒုက္ခသစ္စာကို နားလည်ဖို့ဖြစ်ပါတယ်။
သာဓု သာဓု သာဓု။
“ဒုက္ခသစ္စာ”
ဒုက္ခသစ္စာနှင့်ပတ်သက်၍ အနက်(၄)မျိုးဖွင့်ဆိုထားသည့်အနက် ပထမဦးဆုံးဖြစ်တဲ့ ရူပက္ခန္ဓာမှာ ဖြစ်ပေါ်နေသော ကာယိကဒုက္ခဝေဒနာများအကြောင်း၊ ရူပက္ခန္ဓာမှာ ဒုက္ခတွေ ပေါ်နေရှိနေတဲ့အကြောင်း သစ္စာတရားခေါင်းစဉ်မှာ အတော်အသင့် ဆွေးနွေးခဲ့ပါတယ်။ နာမ်ဓာတ်၊ နာမက္ခန္ဓာ(၄)ပါးထဲက ဝေဒနာက္ခန္ဓာအထဲပါနေတဲ့ ဝေဒနာများကို ခွဲပြောတော့ ရူပက္ခန္ဓာမှာဖြစ်တဲ့ ကာယိကဝေဒနာ၊ စိတ်ဆိုသော နာမက္ခန္ဓာမှာဖြစ်တဲ့ စေတသိကဝေဒနာ၊ ဒီတော့ ဝေဒနာ(၂)ပါးမှာ ကာယိကဝေဒနာဆိုတဲ့ နာခြင်း၊ ကျင်ခြင်းဆိုတာ ရူပက္ခန္ဓာ ပဋိသန္ဓေတည်စဉ်က တပ်ဆင်ပေးလိုက်သော ကာယပသာဒက ရူပက္ခန္ဓာ၏ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်အောင် တပ်ပေးထားတာ၊ ရောက်ရှိလာတဲ့ ခန္ဓာကိုယ်ပျက်စီးမှုအပေါ် ချက်ချင်းသတင်းပို့တော့ ရုပ်တရားက နာမ်ဓာတ်ကို အကူအညီတောင်းတော့ နာမ်ဓာတ်က ဒုက္ခဝေဒနာအဖြစ်နဲ့ သတင်းပို့ရတယ်၊ ဒီတော့ ဒုက္ခဝေဒနာပေါ်လာတယ်။ ဒါကို ကာယိကဒုက္ခဝေဒနာ၊ ဒီဝေဒနာဟာ ရူပက္ခန္ဓာ ဆက်လက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့အရာပါ။ ပြင်ပက ဝင်ရောက်လာတဲ့ ပူလောင်၊ နာကျင်ထိခိုက်မှုတွေနဲ့ ရူပက္ခန္ဓာ ဒုက္ခရောက်တဲ့အကြောင်း အရေပြားရှိ ကိုယ်အကြည်ရုပ်က အာရုံကြောနဲ့ သက်ဆိုင်ရာ ဦးနှောက်ရှိ ဗဟိုဌာနကို သတင်းပို့တော့ နာမ်ခန္ဓာက သတင်းယူပြီး ဒုက္ခဝေဒနာလို့ ပြောတော့ Motor Centre က Motor nerve တွေက ချက်ချင်းအရေးယူ လောင်ကျွမ်းနေရင် ငြိမ်းသတ်ဖို့၊ နာကျင်နေတဲ့နေရာက ဖယ်ပေးဖို့ပြင်ပေးဖို့ လုပ်ဆောင်ရတယ်။ ဒါ ရုပ်နှင့် နာမ်တွဲဖက်၍ ခန္ဓာကိုယ်ကာကွယ်ရေးလုပ်ငန်းများ လုပ်တဲ့အထဲမှာ ကာယိကဒုက္ခဝေဒနာ အဖြစ်နဲ့ ပေါ်လာတာပါ။ ဒီဝေဒနာဟာ ခန္ဓာကိုယ်အတွက်လိုအပ်သော ဝေဒနာတစ်ခုအဖြစ်နဲ့ ပါဝင်ဆောင်ရွက်နေရတယ်ဆိုတာ သဘောပေါက်နားလည်ဖို့ပါ။ ဒုက္ခဝေဒနာမရှိလို့ မသိရင် မကာကွယ်နိုင်ပါ။
ဒါတင်မဟုတ်၊ ရူပက္ခန္ဓာရဲ့ အတွင်းပိုင်းမှာ စနစ်နှင့်လုပ်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းများဖြစ်သော အစာခြေစနစ်၊ ဒီစနစ်က စားသောက်လိုက်သော အစာအာဟာရတွေကို အစာအိမ်မှာ ကြေညက်အောင် လုပ်ပေးတယ်။ ပြီးတော့ အစာအိမ်မှ အူသိမ်၊ အူမတွေဆီ အဆင့်ဆင့်ပို့ပေးတယ်။ အစာခြေသောအင်္ဂါအဖွဲ့အစည်းထဲတွင် လိုအပ်သော အစာများအစဉ်အမြဲရှိနေရမည်။ အစာအိမ်ထဲမှာ အစာခြေစရာပစ္စည်းမရှိလျှင် အစာအိမ်က အချဉ်ဓာတ်ရည်တွေက အစာအိမ်နံရံမှာဖုံးပေးထားတဲ့ အရေပြားလေးတွေကို တိုက်ခိုက်တော့ အရေပြားထဲမှာ sensory nerve ခေါ်တဲ့ ဝေဒနာဓာတ်ကြောတွေ၊ သတင်းပို့မယ့် အာရုံကြောနဲ့ sensory cell တွေ ပါတယ်။ ဓာတ်ရည်တွေက (အက်စစ်ဓာတ်တွေက) အစာအိမ်နံရံကို တိုက်ခိုက်တဲ့အခါ “ဆာတယ်” ဆိုတဲ့ ခံစားမှုဆိုတာကို ကာယိကဒုက္ခဝေဒနာနဲ့ သတင်းပို့ တော့ အစာစားရတော့မယ်။
အစာအိမ်ထဲ အရေပြားက သူ့အပေါ်ကျရောက်လာတဲ့ ဘေးရန်များကို နာမ်ဓာတ်က ဒုက္ခဝေဒနာနဲ့ သတင်းပို့တာပါ။ ဒီကိစ္စမှာ ရုပ်အလုပ်လုပ်နေတာ ဇီဝကမ္မခေါ်တဲ့ ရှင်ရေး အလုပ်ပါ။ ဇီဝကမ္မရှင်ရေးအလုပ်အတွက် လိုအပ်ချက်များထဲက တစ်ခုသောလိုအပ်ချက်ဟာ ဆာတယ်လို့ သတင်းပို့တာပါ။
ရူပက္ခန္ဓာသည် သူ့လုပ်ငန်းနဲ့သူ စဉ်ဆက်မပြတ် ရှင်ရေးလုပ်ငန်းအတွက် ဆောင်ရွက်နေရတာပါ။ ထမင်းဆာရင်၊ ရေဆာရင်၊ အခဲလိုရင်အခဲထည့်ပေး၊ အရည်လိုရင် အရည်ထည့်ပေးရတာ ရှင်ရေးလို အပ်ချက်ဖြစ်လို့ပါ။ လိုအပ် ချက်ကို ဒုက္ခသစ္စာမှာ စကားလုံးအဖြစ်ပြောခဲ့တာမှာ နောင်လာမယ့် သမုဒယ သစ္စာမှာ ဒီလိုအပ်ချက်ရဲ့ အဓိပ္ပါယ် ပိုထင်ရှားလာအောင် ပြောရမယ့်အကြောင်းရှိပါတယ်။ ရူပက္ခန္ဓာက ဇီဝကမ္မရှင်ရေးအလုပ် လိုအပ်ချက်ကိုပြောတော့ အလုပ်အလွေးနှင့် စားရသောအစာ၊ အရည်အဖြစ် သောက်ရသော Liquid food၊ ဒီ(၂) မျိုးကို စားသောက်လိုက်တဲ့အခါ အပြင်ဘက်က ထည့်သွင်းပေးသော အဖတ်တွေ၊ အရည်တွေ အာဟာရရုပ်တွေပါ။ အာဟာရရုပ်ထဲမှာပါတာ ကစီဓာတ်၊ သကြားဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေပါ။ ဥတုရုပ်တွေက ရေ၊ လေတွေပါ။ ဒီရေ၊ လေကို ရူပက္ခန္ဓာက သူ့လိုရာဌာနမှာ အသုံးပြုလိုက်တော့ ရေက သွေး၊ လျှာရည်၊ ချွေး၊ မျက်ရည်အဖြစ် အရည်အမျိုးမျိုးသည် ရေဓာတ်ကို အခြေခံတယ်။ ဒီရေတွေ ခန္ဓာကိုယ်ထဲမှာ စုပေါင်းလိုက်ရင် ခန္ဓာကိုယ် အလေးချိန်ရဲ့ သုံးပုံနှစ်ပုံ ရှိတယ်။ ပေါင်(၁၅၀)လေးရင် ပေါင်(၁၀၀)က ရေတွေပါ။ ဒီရေတွေ အမြဲတမ်း ဒီလောက်ရှိနေမှ ရှင်တယ်၊ လျော့သွားရင် ရေဆာတယ်၊ ဒီပစ္စည်း၊ ဒီချွေးတွေ ရေတွေက သွေးထဲကျတော့ ဥတုဇ အပိုင်းတစ်ခုပါ။
လေကို နှာခေါင်းကရှူတဲ့အခါ လေထဲမှာ အောက်စီဂျင်နဲ့ နိုက်ထရိုဂျင်ဓာတ်တွေ ပါတယ်။ နှာခေါင်းထဲ ဝင်သွားတဲ့ လေထဲမှာ အောက်စီဂျင်(oxygen) က ၅ပုံ ၁ပုံပါတယ်၊ နိူက်ထရိုဂျင် (Nitrogen)က ၅ပုံ ၄ပုံပါတယ်။ နှာခေါင်းထဲဝင်သွားပြီး သွေးထဲမှာပါတဲ့ သွေးနီဥလေးတွေ ထဲမှာပါသော ဟီမိုဂလိုဘင်ဓာတ် (hemoglobin)က အောက်စီဂျင်ကို ဖမ်းယူလိုက်တော့ အောက်စီဟီမိုဂလိုဘင် ( oxyhemoglobin) ဖြစ်သွားတယ်။ ဒီအောက်စီဟီမိုဂလိုဘင် ဖြစ်သွားတော့ သွေးနဲ့လေ အဆုတ်ထဲမှာတွေ့ပြီး အသစ်အသစ်ဖြစ်သော လေထဲပါလာတဲ့ အောက်စီဂျင်တွေကို သွေးနီဥထဲပါတဲ့ ဓာတ်က ဖမ်းယူ။ အောက်စီဟီမိုဂလိုဘင်ဖြစ်သွားတဲ့အခါ နှလုံးက အဆုတ်ထဲက အောက်စီဂျင်ရလာတော့ နှလုံးကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ပေးလိုက်တယ်။ သွေးက သယ်သွားတဲ့
အောက်စီဂျင်ဓာတ်တွေ ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့ပြီး အလုပ်လုပ်ကြတယ်။ အလုပ်လုပ်တော့ ခန္ဓာကိုယ်က အဟောင်းအမြင်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ် (Carbon dioxide) ပြန်ထွက်လာတာကို ဟီမိုဂလိုဘင်က ပြန်သယ်လာတော့ ကာဘောက်စီဟီမိုဂလိုဘင် (carboxyhemoglobin) ဖြစ်လာတယ်။ ဒီ ကာအောက်စီ ဟီမိုဂလိုဘင်က သယ်လာတာ နှလုံးပြန်ရောက်၊ နှလုံးက သွေးဟောင်းတွေ အဆုတ်ကိုပြန်ပို့ပေးတော့ အဆုတ် လေအိတ်ကလေးတွေထဲ ရောက်လာတော့ ပြန်ထုတ်လိုက်သော လေထဲမှာ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်တွေ ပါသွားတယ်။ အသစ်ဖြစ်တဲ့ အောက်စီဂျင်ကို ယူလိုက်တယ်။
စဉ်ဆက်မပြတ် ဥတုရုပ်ဖြစ်သော ရေတွေ လေတွေ ဥတုရုပ်နှင့် ဥတုဇရုပ်ကွဲ အောင်ကြည့်ပါ။ အောက်စီဟီမိုဂလိုဘင်ဆိုတာ ဥတုရုပ်ထဲပါတဲ့ အောက်စီဂျင်ကို ယူသွားတော့ သူ ဘာဖြစ်လဲ ဥတုဇရုပ် သွေးထဲမှာဖြစ်သွားတယ်။ သွေးထဲမှာ အောက်စီဂျင်ဓာတ် စဉ်ဆက်မပြတ် သယ်ဆောင်ပေးတဲ့လုပ်ငန်းကို လုပ်နေတာ ဘယ်လောက်အရေးကြီးသလဲ၊ စဉ်းစားပါ။ ထမင်းက တစ်နေ့ ၂ ကြိမ် ၃ကြိမ် အကြိမ်ကြိမ် ခွဲစား၊ တစ်ခါစားရင် ၃၊ ၄ နာရီနေတယ်။ ရေတွေ ကော်ဖီတွေ တစ်နေ့ ၅ကြိမ် ၆ကြိမ်သောက်ရင် ၁နာရီ၊ ၂နာရီနေတယ်။ လေကို ရှုတဲ့ကိစ္စက တစ်မိနစ်ကို အကြိမ် ၂၀ ပုံမှန်ရှူသွင်း ရှူထုတ်လုပ်ရတယ်။ တစ်ကြိမ်ကို ၃စက္ကန့်ပဲကြာတယ်။ ဒါ ဇီဝကမ္မ လိုအပ်ချက်ကို ဖြည့်နေရတာပါ။
ဝင်လေထွက်လေက ရှင်ရေးလုပ်ငန်းအတွက် လိုအပ်ချက်၊ ဝင်လေ ထွက်လေ မလုပ်နိုင်လို့ ရပ်သွားရင် မိနစ်ပိုင်းအတွင်း သေသွားမယ်။ ဥတုရုပ်ဖြစ်တဲ့လေက ဥတုဇရုပ်တွေ အသစ်အသစ်ဖြစ်အောင် လုပ်နေရတဲ့လုပ်ငန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာ သိရမယ်။ လေရှူမရရင် ချက်ချင်း မောလာလို့ ချက်ချင်း အောက်စီဂျင်ထည့်ပေး၊ ရှူအောင် ခန္ဓာကိုယ်ကို လုပ်ပေး၊ ချက်ချင်းအရေးမယူနိုင်ရင် သေသွားမယ်။ အဆုတ်လေရှူအောင်၊ နှလုံးပြန်ခုန်အောင် ကျွမ်းကျင်သူတွေမှ လုပ်တတ်တယ်။ ရူပက္ခန္ဓာရှင်ရေးဆိုတာ အရေးပေါ်လာရင် ဒီကိစ္စ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာထင်ရှားတယ်။
ကာယိကဒုက္ခဝေဒနာဟာ လေနဲ့ပတ်သက်ရင် ဥတုရုပ်တွေက ဥတုဇရုပ်ဖြစ်အောင် လုပ်ပေးလို့ သတ္တဝါတွေရှင်တာပါ။ လေတစ်ခါရှူထားရင် ၃စက္ကန့်ခံတယ်။ လေအပြည့်မရရင် ဒုက္ခဝေဒနာနှင့် သတင်းပို့တယ်။ ဒုက္ခဝေဒနာ ခန္ဓာကိုယ်မှာရှိနေတယ်ဆိုတာ ရှင်ရေးလုပ်ငန်းမှာ လိုအပ်ရင်အရေးယူ ဆောင်ရွက်ဖို့၊ ဒီလုပ်ငန်းအဆက်မပြတ်ဖို့ တပ်ပေးထားတဲ့အာရုံခံ ကိရိယာတွေက ချက်ချင်း အကြောင်းကြား၊ ရုပ်ကနာမ်ကို အကူအညီတောင်း နာမ်က ဒုက္ခဝေဒနာနဲ့ သတင်းပေးရတယ်။ လေရှူ၊ အစာစား၊ ရေ၊ အရည်တွေ အမြဲဖြည့်ပေးရတာက ဝင်တဲ့ကိစ္စပါ။ ဒီရေတွေ၊ အစာတွေကို ပြန်ထုတ်ရတယ်။ ထုတ်တော့ ဆီးအဖြစ်၊ ဝမ်းအဖြစ်ထုတ်ဖို့ ဒုက္ခဝေဒနာနဲ့ အကြောင်းကြားတယ်။ ရှင်သန်ရေးအတွက် ဒုက္ခဝေဒနာကို နည်းမျိုးစုံနဲ့ ရုပ်ကအသုံးပြုတော့ နာမ်ကလိုက်ပြီး ဆောင်ရွက်ပေးနေရတယ်။ ရုပ်မှာ ဖြစ်တဲ့ ဒုက္ခတွေကို နာမ်ဓာတ်က မကောင်းတဲ့၊ အခံခက်တဲ့ ဝေဒနာနဲ့ သတင်းပို့ပေးရတယ်။ ဒါတွေဟာ ရူပက္ခန္ဓာ အသက်ဆက်ရှင်ဖို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေရတာ၊ ရပ်လို့မရပါ-အမြဲတမ်းအဆင် သင့်ဖြစ်နေရတယ်။
ဒေသနာပါအကြောင်းအရာကို အခုခေတ် လေ့လာထားတဲ့ ပညာရပ်များနဲ့ ဆက်စပ်ကြည့်တော့ ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာတယ်။ ရုပ်ခန္ဓာမှာရှိတဲ့ အာရုံခံကိရိယာတွေဟာ အလွန်သိမ်မွေ့ နူးညံ့တဲ့ ပစ္စည်းတွေပါ။ ဒီအာရုံခံကိရိယာတွေ မြောက်မြားစွာတပ်ထားတာ အရေပြားအပြင်က လွှမ်းခြုံထားသလို အတွင်းမှာလည်း သူ့ ကောဋ္ဌာသတွေကို ခြုံလွှမ်းပေးရုံမက ကာယပသာဒ ပါလို့ သူတို့ အလုပ်လုပ်လို့ ချက်ချင်းသိ သိမှအရေးယူဆောင်ရွက်နိုင်၊ နာမ်ဓာတ်က ရုပ်ဓာတ် လိုအပ်ချက်ကို ကူညီနိုင်တယ်။ ဒီတော့ ရုပ်နဲ့ နာမ်ပူးတွဲပြီး အလုပ် လုပ်နေရတာ နှလုံးသွင်းနိုင်ဖို့ပါ။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာ ပသာဒရုပ်တွေက အလင်းရောင်မျက်စိထဲ ဝင်သွားတဲ့အပေါက်လေး – သူငယ်အိမ်၊ ဒီသူငယ်အိမ် လေးက အညိုရောင်၊ အနက်ရောင်၊ ဥရောပဘက်က အပြာရောင်နဲ့ပစ္စည်း – သူ့တံခါးက ကျဉ်းလို့ကျယ်လို့ ရတယ်။ အလင်းများရင် ကျဉ်းပြီး အလင်း နည်းရင် ကျယ်တယ်၊ အလိုလိုရတယ်။ အလင်းများရင် ကျဉ်းပြီး အလင်းနည်းရင်ကျယ်တယ်၊ အလိုအလျောက် ကာကွယ်ရေးအတွက် တပ်ဆင်ပေးထားတာ၊ လင်းလွန်းအားကြီးရင် မျက်စိက မှေးပေးရတယ်။ အလင်းနဲ့လိုက်ပြီး ကျယ်တာကျဉ်းတာကို သိချင်ရင် မှောင်တဲ့အခန်းမှာ ဖရောင်တိုင်ထွန်း မျက်စိနားကပ်ရင် လင်းနေတာကို မှန်ထဲကြည့်ရင် သူငယ်အိမ်လေး မြင်တယ်၊ ဖရောင်းတိုင်ခွာ- ခွာသွားရင် အလင်းအားနည်းသွားသည်နှင့်အမျှ သူငယ်အိမ်က ကျယ်လာတယ်၊ စမ်းကြည့်ပါ။ သဘာဝကမ္မဇရုပ်များက တပ်ဆင်ပေးလိုက်တာကောင်းလို့ စက္ခုပသာဒက အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်။
ကျန်တဲ့ပသာဒရုပ်တွေလည်း သူ့အလုပ်နဲ့သူ ဒုက္ခကာကွယ်ရေးလုပ်ငန်းအတွက် စားတဲ့အစာကို လျှာကမသိခင် နှုတ်ခမ်းက အရင်သိတယ်၊ ဟင်းချို၊ ကော်ဖီပူအေးကို နှုတ်ခမ်းကသိပြီး သင့်တော်မှ ပါးစပ်ထဲထည့်၊ ရောက်သွားတော့ ရုပ်ခန္ဓာနှင့် သင့်/မသင့် လျှာမှာရှိတဲ့ ဇိဝှါပသာဒရုပ်(Taste bud) တွေက စိစစ်ပေး၊ ဝါးလို့ မာတာတွေ့ ဖောဋ္ဌဗ္ဗာရုပ် အရိုးတွေ့ရင် ဖယ်။ စပ်လွန်း ငံလွန်းတယ်လို့ လျှာကပြောရင် မသင့်တော်ဘူးဆိုရင် ချက်ချင်းပြန်ထုတ်၊ မစားခင်ကတည်းက အနံ့က ပုပ်သိုးနေရင် နှာခေါင်းကသိတော့ မစားနဲ့ပြော၊ ပါးစပ်ထဲ အသွင်းမခံပါ။ ဒါစိစစ်နေတာ၊ ကိုယ်ထဲရောက်မှ လိုက်ပြင်ဖို့ အလွန်ခက်လို့ ဒုက္ခဝေဒနာနဲ့ မသင့်တာပြောတယ်။
သုခဝေဒနာ အကြောင်းလည်း သိရန်လိုတယ်။ ကောင်းသော ခံစားမှုတံခါး ၅ ပေါက်- ပါးစပ်၊ နှာခေါင်း၊ နား၊ ကိုယ်၊ မျက်စိမှာ အာရုံခံ ကိရိယာထဲကို အာရုံတွေက ပြေး၀င်လာတာပါ။ မျက်စိကို အလင်းဓာတ်တွေ၊ နားကို အသံလှိုင်းတွေ အပြင်ကလာပြီး ရိုက်ခတ်တယ်။ ဒီ ၂ ခုက အကျယ်ဝန်းဆုံး ဆက်သွယ်တာ၊ နှာခေါင်းတို့၊ လျှာတို့က သူ့ဆီကို ဝတ္ထု ပစ္စည်းရောက်မှ သေသေချာချာ သိတာပါ။ အာရုံနဲ့ အာရုံခံကိရိယာနှစ်ခု ဆက်သွယ်ရင် မျက်စိမှာ အလင်းရောင် လှိုင်းတွေများရင် မျက်စိစူးတဲ့ဒုက္ခဝေဒနာ၊ အလင်းရောင်လှိုင်းပုံမှန်နေရင် မျက်စိမစူး၊ သုခဝေဒနာပါ။ သုခဝေဒနာနဲ့ပတ်သက်လို့ ထင်ရှားတဲ့ နေရာမှာပြောမယ်၊ အာရုံခံကိရိယာတွေက ခံနိုင်တဲ့ စွမ်းအင်ရှိတယ်။ ဝင်လာတဲ့အာရုံမှာ အရှိန်အဟုန် ရှိတယ်။ အာရုံခံကိရိယာက အရှိန်အလွန်ပြင်းရင် (Over stipulation) မခံနိုင်၊ ဒုက္ခဖြစ်တယ်။ အာရုံ၏ အရှိန်နဲ့ အာရုံခံကိရိယာနဲ့ ပုံမှန်အံကျဖြစ်ရင် (Optimum stipulation) ပုံမှန်ရိုက်ခတ်တာ၊ အရှိန်အဟုန် အနိမ့်အမြင့်က ခံနိုင်လောက်တော့ သုခဝေဒနာဖြစ်တယ်။
စားနေတဲ့ ဟင်းထဲမှာ ဆားပါတယ်၊ မိမိလျှာက ပုံမှန်အဆင့်အနေအထား ဆားရဲ့ ပမာဏရှိတယ်၊ ပုံမှန်ထက်များရင် ဆားငံလို့လျှာက ဒုက္ခဝေဒနာနဲ့ ပြောတယ်။ စားနေကျပုံမှန် ဆားက အနေတော်ဆိုရင် သုခဝေဒနာနဲ့ ပြောတယ်။ သွေးတိုးရောဂါရှိသူက အငံလျှော့စားတော့ သူ့ရဲ့ပုံမှန်နဲ့ သူများရဲ့ ပုံမှန်မတူတော့ပါ။ လျှာထဲရှိ ဇိဝှါပသာဒတွေက စိစစ်သတ်မှတ်တာ၊ ပုံမှန်အတိုင်း လာမလာ၊ လွန်ကဲလာ ရင်လည်း သူကပြောတာပါ။ ရူပက္ခန္ဓာက လက်ခံနေကျပုံမှန်အနေအထားလာမှ ခန္ဓာကိုယ်အတွက် အကျိုးပြုတာပါ။ ပုံမှန်အနေအထားဆိုတာ ထပ်တလဲလဲ အကြိမ်ကြိမ်စားလာတော့ သညာကမှတ်တယ်။ သညာက မစွဲသေးရင် မသိ၊ စွဲရင်သညုပါဒါနက္ခန္ဓာဖြစ်လာပြီ။ ဝေဒနုပါဒါနက္ခန္ဓာလည်း ဖြစ်တယ်၊ အရသာပေါ်မှာ စွဲစွဲမြဲမြဲ မှတ်ထားပြီး သူ့စံနဲ့သူနေတာ၊ စံနဲ့လွန်ရင်ဒုက္ခ၊ စံချိန်ကိုက် သင့်လျော်တဲ့ အနေအထားကို သုခဝေဒနာနဲ့ ပြောတယ်။ ကော်ဖီ ချို၊ ခါး၊ ပေါ့၊ ဆိမ့် အမျိုးမျိုးဖြစ်တယ်။ ဒီနာမက္ခန္ဓာ နှစ်ပါးက မှတ်ထားတာ၊ အကျိုးပြုနှင့် အပြစ်ပြုမှာကို သုခ၊ ဒုက္ခ၊ ဝေဒနာတွေနဲ့ခွဲတယ်။ တံခါး ငါးပေါက်မှာ သုခ၊ ဒုက္ခ ဘယ်လိုစိစစ်တယ်ဆိုတာကို သဘောပေါက်နားလည်အောင် ကြိုးစားကြပါစို့။
သာဓု သာဓု သာဓု။