ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“ကမ္မဿကတာသမ္မာဒိဋ္ဌိ”

“ကမ္မဿကတာသမ္မာဒိဋ္ဌိ”

ကျွန်တော်တို့ နာမ်ခန္ဓာခေါ်တဲ့ စိတ်ရဲ့လုပ်ငန်းသဘောကို ပိုမိုရှင်းလင်း သဘော ပေါက်အောင် သိသင့်တဲ့ အချက်အလက်များကို ဆက်လက်လေ့လာပါမယ်။ စိတ်မှာ စိတ်ရဲ့လုပ်ငန်းစဉ် ရှိပါတယ်။ မြင်မှု၊ ကြားမှု၊ အတွေ့သိမှု၊ အရသာသိမှု၊ အနံ့သိမှုဆိုတဲ့ လုပ်ငန်းစဉ် (၅)မျိုးသော စိတ်တွေဖြစ်ပါတယ်။ အပြင်အာရုံများ လာရောက်ရိုက်ခတ်တိုင်း ဖြစ်ပေါ်တဲ့စိတ်မျိုးဖြစ်လို့ သူတို့ကို အပြင်စိတ်လို့ ခေါ်ပါတယ်။ ဒီ (၅)မျိုးသော စိတ်တွေကို အခြေခံပြီး နောက်ကလိုက်ပြီးဖြစ်ပေါ်တဲ့ အတွင်းစိတ်ဖြစ်တဲ့ မနောဝိညာဏ် စိတ် အလုပ်လုပ်ပုံတွေ ရှိပါတယ်။ မနောဝိညာဏ် အလုပ်လုပ်ရာမှာ မြင်တာ၊ ကြားတာကို နောက်က လိုက်ပြီး အဓိပ္ပါယ်ဖော်တဲ့စိတ်၊ အဓိပ္ပါယ်ဖော်တဲ့အတိုင်း ထပ်ပြီးအလုပ်လုပ်တဲ့ စိတ်၊ ဒီလို စိတ်ဟာ အဆင့်ဆင့်လုပ်တယ်ဆိုတဲ့သဘောကို ကျွန်တော်တို့ သိမြင်ထားရင် နာမ်ခန္ဓာနဲ့ပတ်သက်တဲ့ အကြောင်း အရာကို နှလုံးသွင်းဆင်ခြင်ဖို့ အခြေခံကျကျ သိထားခြင်း ဖြစ်ပါတယ်။

သဘာဝတရားတွေ အလုပ်လုပ်နေပါတယ်။ သဘာဝတရားဆိုတာဟာ နာမ်ဓာတ် ဖြစ်သော စိတ်၊ ရုပ်ဓာတ်ဖြစ်သော ခန္ဓာကိုယ် – ဒီရုပ်နာမ် (၂)ပါးတို့ ပူးတွဲပြီး လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်နေကြ ပါတယ်။ ဒီမှာ သူ့နာမည်လေးနဲ့ သူ၊ သူ့သဘာဝကို ဦးဆောင်ပြီး လေ့လာတဲ့အခါ မြင်စိတ်၊ ကြားစိတ်များ ဖြစ်အောင်လုပ်နေတဲ့ စက်သဘောဆောင်တဲ့ အလုပ်တွေ လုပ်နေပါတယ်။ စက်လို လည်ပတ်နေတဲ့ သဘောကို ပါဠိလို ဝဋ္ဋလို့ခေါ်တယ်။ ဒီလို ဝဋ္ဋခေါ်တဲ့ စက်တွေလည်ပတ်နေတဲ့ အထဲမှာ မြင်ကိစ္စ၊ ကြား ကိစ္စ၊ အနံ့ကိစ္စ၊ အရသာကိစ္စ၊ အတွေ့ကိစ္စတို့ကို ဆောင်ရွက်ပေးတဲ့စက်ဟာ ပထမဦးဆုံး အလုပ်လုပ် ပါတယ်။ ဒီစက်ကို အကျိုးစက် ပါဠိလို ဝိပါကဝဋ္ဋ ခေါ်ပါတယ်။ အကျိုးများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနေတဲ့ သဘာဝအကြောင်းအရာတွေ ဖြစ်ပါတယ်။ ဝိပါကဆိုတာ အကျိုးတရားများအဖြစ် ထွက်ပေါ်လာတဲ့ စိတ်များဖြစ်ပါတယ်။ မြင်စိတ်၊ ကြားစိတ်တို့ဟာ အကျိုးတရားအဖြစ် ပေါ်ထွက်လာ တာပါ။ ဒီမှာ အကျိုးတရားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုင်းပိုင်းခြားခြား သိဖို့လိုပါတယ်။

မြင်စိတ်ဖြစ်ဖို့အတွက် မြင်စိတ်၏ ရပ်တည်ရာက စက္ခုပသာဒလို့ခေါ်တဲ့ မျက်စိအကြည်ရုပ်ပါ။ ရူပါရုံဆိုတဲ့ အဆင်းဓာတ်က မြင်စိတ်၏ မှီရာဖြစ်ပါတယ်။ မြင်စိတ်တစ်ခု ဖြစ်ဖို့အတွက် တည်ရာနှင့်မှီရာ ဟာ မျက်စိအကြည်ရုပ်နဲ့ ရူပါရုံခေါ်တဲ့ အဆင်းဓာတ် ဖြစ်ပါတယ်။ သူတို့ဟာ ရုပ်တရားများဖြစ်ပါတယ်။ စက္ခုပသာဒနဲ့ ရူပါရုံဆိုတဲ့ ရုပ်တရား (၂)ပါးက တည်ရာမှီရာအဖြစ် ထောက်ပံ့ပါတယ်။ သို့သော် အဓိပ္ပါယ် ကို အတိအကျသိထားဖို့က မြင်စိတ်ခေါ်တဲ့ စက္ခုဝိညာဏဓာတုကို နာမည်ဘယ်လိုပေးသလဲဆိုရင် ဝိပါကဝိညာဏဓာတုလို့ ပေးပါတယ်။ အကျိုးအဖြစ်နဲ့ ထွက်ပေါ်လာသော စိတ်ဆိုတော့ အကြောင်း တရား ရှိပါသေးတယ်။ စက္ခုဝိညာဏ် တကယ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးတဲ့ အကြောင်းတရား က ကမ္မသတ္တိဖြစ်ပါတယ်။ ကမ္မသတ္တိခေါ်တဲ့ ကံစွမ်းအားက အကြောင်းတရားအဖြစ် ထောက်ပံ့လိုက်မှ အကျိုးတရားဖြစ်သော စိတ် ပေါ်လာတာပါ။ ဒီအချက်အလွန် အရေးကြီးပါတယ်။

ဝိပါကဝိညာဏ်လို့ခေါ်ရတဲ့ မြင်စိတ်၊ ကြားစိတ်၊ အတွေ့စိတ်၊ အရသာစိတ်၊ အနံ့စိတ် ငါးမျိုး စလုံးဟာ ကံစွမ်းအားကြောင့် ဖြစ်ပေါ်လာသော အကျိုးစိတ်များ ဖြစ်ပါတယ်။ နာမ်ဓာတ်ဟာ ကံစွမ်းအား ရဲ့ အထောက်အပံ့ရနေတယ်ဆိုတဲ့ အချက်ကို သိဖို့လိုပါတယ်။ စိတ်ဆိုသောစိတ် ဖြစ်ပေါ်လာအောင် ကံစွမ်းအားကသာ ဆောင်ရွက်ပေးနိုင်ပါတယ်။ မျက်စိအကြည်နှင့် အဆင်းရူပါရုံတို့က တည်ရာမှီရာ အဖြစ်နဲ့ ထောက်ပံ့သော်လည်း သူတို့က စိတ်ဖြစ်ပေါ်လာအောင် လုပ်တာမဟုတ်ပါ။ မြင်စိတ်ဆိုတဲ့ စက္ခုဝိညာဏ်ဖြစ်ဖို့ မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒပေါ်မှာ ရပ်တည်၊ အဆင်းဆိုတဲ့ ရူပါရုံပေါ်မှာမှီပြီး တော့မှ ကံစွမ်းအားဆိုတဲ့ ကမ္မသတ္တိက ဆောင်ရွက်ပေးမှ မြင်စိတ်ဖြစ်တာပါ။ ဒီအချက်ဟာ အလွန်အရေး ကြီးပါတယ်။ ကမ္မသတ္တိနဲ့ တွဲဖက်ပြီး အလုပ်လုပ်တဲ့ဟာကို အကျိုးတရားအဖြစ် ပေါ်ထွက်လာတဲ့ စိတ်-ဝိပါကဝိညာဏ်လို့ ခေါ်ပါတယ်။ ဒီစက်လည်အောင် ဆောင်ရွက်ပေးနေတာကို ဝိပါကဝဋ္ဋ၊ မြန်မာလို ဝိပါကဝဋ်လို့ခေါ်ပါတယ်။ ဝိပါကဝဋ္ဋဆိုတာ အကျိုးအဖြစ်နဲ့ ဆောင်ရွက်နေသော စက်ဖြစ်ပါတယ်။ မိမိမှာ ရှိနေတဲ့ မြင်စိတ်၊ ကြားစိတ်တွေဟာ မိမိပြုထားသော ကံစွမ်းအားက ထောက်ပံ့ပေးနေလို့ ဖြစ်တာပါ။ ဝိပါကဝဋ်လည်တယ်ဆိုတာ မြင်ကိစ္စတွေ ဆောင်ရွက်လိုက်တာပါ။

မြင်ထားတဲ့ အဆင်းရူပါရုံ၏ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့စက်က ကိလေသစက်၊ ကိလေသဝဋ် ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းအားက မြင်ထားတဲ့အဆင်းရူပါရုံ၏ အဓိပ္ပါယ်ကို ပေါ်လွင်လာအောင် ဖော်ပြပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ ကိလေသဝဋ်က အဓိပ္ပါယ်တွေပြန်နိုင်ဖို့ တစ်သက်လုံး မှတ်လာတဲ့ သညာက္ခန္ဓာ ခေါ်တဲ့ အမှတ်အဖွဲ့ကြီးထဲက မှတ်ထားတာတွေကို အားပြုရပါတယ်။ ကိလေသဝဋ်မှာ အလုပ်လုပ်တဲ့ စိတ်ကို‌တော့ အတွင်းစိတ်ဖြစ်သော မနောဝိညာဏ်လို့ ခေါ်ပါတယ်။ အတွင်းစိတ်ရဲ့ အလုပ်လုပ်ပုံမှာ အဆင်းကို မြင်လိုက်တာနဲ့ အတိတ်က မှတ်ထားခဲ့တဲ့ မှတ်တမ်းကြီးထဲကို ဝင်ပြီးရှာပါတယ်။ အတိတ်က မှတ်တမ်းနဲ့ ပစ္စုပ္ပန်ရူပါရုံနဲ့ ဆက်ပြီးရှာတဲ့ အလုပ်ကိုလုပ်၍ အဓိပ္ပါယ်ဖော်ပါတယ်။ ဒီလို အလုပ်လုပ် နေတာကို ကိလေသဝဋ်လို့ ခေါ်ပါတယ်။ မနောဝိညာဏ်က အဓိပ္ပါယ် ဖော်ပေးလိုက်တဲ့အတိုင်း ကမ္မဆိုတဲ့ တုန့်ပြန်မှု အလုပ်တွေကို ကမ္မဝဋ်က ဆက်လုပ်ပါတယ်။

အဆင်းရူပါရုံကို မြင်လိုက်တာနဲ့ တပြိုင်နက် မနောဝိညာဏ်က အဆင့်ဆင့် အလုပ်လုပ်ပါတယ်။ မြင်လိုက်တာဟာ လူ၊ ပြီးတော့ ဒါဟာ ယောက်ျား၊ ဒါဟာ မိန်းမ၊ နာမည်သိရင် မောင်ဖြူ၊ မောင်ညိုလို့ အမည်ကိုပါ ထုတ်ဖော်ပေးတယ်။ ဒါ့အပြင် မောင်ဖြူဟာ ဘယ်တုန်းက ငါ့ကို မကောင်းကျိုးပေးခဲ့တာ ဆိုတဲ့ အကြောင်းအရာထိအောင် မနောဝိညာဏ်က ပြန်ထုတ်ဖော်ပေးတယ်။ အဓိပ္ပါယ်ဖော်တဲ့ အလုပ်က ဒီလိုအဆင့်ဆင့် လုပ်သွားရပါတယ်။ ဒါဟာ ငါ့ရန်သူ၊ ဒါဟာ ငါ့မိတ်ဆွေ၊ ငါ့ကောင်းကျိုးကို လုပ်ပေးတဲ့သူ လို့လည်း အဓိပ္ပါယ်ကိုဖော်ပါတယ်။ ဒီလို အဓိပ္ပါယ်ပေါ်လာတဲ့အခါကျတော့ ရန်သူလို့ အဓိပ္ပါယ်ဖော် လိုက်ရင် ကမ္မဝဋ်က မုန်းတယ်ဆိုတဲ့ မုန်းစိတ်တွေ ထုတ်လိုက်ပါတယ်။ ဒီလို ကမ္မဝဋ်က အလုပ်လုပ် တော့ မုန်းတဲ့စိတ်တွေကြောင့် ကမ္မသတ္တိခေါ်တဲ့ စွမ်းအား ထွက်ပါတယ်။ ဒီစွမ်းအားတွေက အလွန် အရေးကြီးပါတယ်။ မုန်းတယ်ဆိုတာ ကမ္မဝဋ်မှာ ဖြစ်နေတဲ့ မနောဝိညာဏ်၏ အလုပ်ပါ။ ချစ်တယ်၊ မုန်းတယ်ဆိုတဲ့ အလုပ်တွေကို မနောဝိညာဏ်က လုပ်ရုံမက ကမ္မသတ္တိဆိုတဲ့ ကံစွမ်းအားကိုပါ ထုတ်ထား ပါတယ်။ ဒီကမ္မသတ္တိတွေက ရုပ်နာမ်နှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာမှာပဲ ဝန်းရံစုဝေးနေပါတယ်။ ဒီအဓိပ္ပါယ်ကို နားလည်သဘောပေါက်အောင် စဉ်းစားပါ။ ကမ္မသတ္တိတွေဟာ ရုပ်နာမ် (၂)ပါးတို့ အလုပ်လုပ်တဲ့အထဲက ထွက်ပေါ်လာတာပါ။ ထွက်လာပြီးတော့ ကမ္မသတ္တိတွေဟာ အခြားတပါးကို မသွားပါဘူး။ ပြုသူရဲ့ ဒီခန္ဓာမှာပဲ သူတို့က ဝန်းရံကိန်းအောင်းနေပါတယ်။ ဒီဘဝ ဒီခန္ဓာ ရကတည်းက လုပ်သမျှသော ကံစွမ်းအားတွေဟာ ဒီခန္ဓာမှာပဲ စုဝေးနေပါတယ်။ ဒါတင်မက အတိတ်ဘဝတွေက လုပ်ခဲ့တဲ့ ကံစွမ်းအားတွေလည်း ဒီခန္ဓာမှာပဲ စုဝေးနေပါတယ်။ ဒီသဘောကိုသိတော့ ကံစွမ်းအားဆိုတဲ့ အဖွဲ့ကြီးက အလွန်ကြီးပါတယ်။ ဒီအလွန်ကြီး အလွန်များတဲ့ ကံစွမ်းအားတွေက ချက်ချင်းပဲ အလုပ်လုပ် ပေးပါတယ်။

မြင်တဲ့အခါ မြင်စိတ်အဖြစ်နဲ့ စိတ်အသစ်အသစ်ဖြစ်အောင် ကံစွမ်းအားက ပြုလုပ်ပေးပါတယ်။ အခုမြင်တဲ့ အကြောင်းအရာကို မှီပြီးအလုပ်တွေလုပ်တော့ ကံစွမ်းအားက ထွက်လာပါတယ်။ ကံစွမ်းအား တွေက တစ်ကြိမ်မက ကြိမ်ဖန်များစွာ ဖြစ်နေပါတယ်။ အခုချစ်တယ်၊ မုန်းတယ်လို့ပြောတာက မနောကမ္မ လုပ်တာပါ။ မနောကမ္မရဲ့ အရှိန်တွေ တက်လာတော့ မုန်းတဲ့စိတ်တွေ အရှိန်ပြင်းလာရင် နှုတ်က မုန်းတဲ့ အကြောင်း၊ မကြိုက်တဲ့ အကြောင်းတွေ ပြောတယ်။ ပြောတော့ ဝစီကမ္မတွေဖြစ်လာပြီး ကံစွမ်းအားတွေ ထုတ်ပါတယ်။ ချစ်စိတ် မုန်းစိတ်တွေက ချစ်တဲ့မုန်းတဲ့ အကုသိုလ်ကံစွမ်းအားတွေပဲ ထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာမှာ လူတွေဟာ မိမိတို့ကိုယ်တိုင် ကောင်းတဲ့စိတ်ထားတွေ ရှိကြပါတယ်။ သဒ္ဓါတရားတွေ ကောင်းလို့ လှူတဲ့ကိစ္စတွေလုပ်တယ်၊ သီလ ဆောက်တည်တဲ့အလုပ်တွေ လုပ်တယ်၊ ဘာဝနာပွားတဲ့ အလုပ်တွေလည်း လုပ်ကြပါတယ်။ လုပ်တဲ့အလုပ်ကြောင့် ထွက်ပေါ်လာတဲ့ ကံစွမ်းအားတွေကလည်း ဒီခန္ဓာငါးပါးမှာပဲ ဝန်းရံနေပါတယ်။ ဒီတော့ ကမ္မသတ္တိထဲမှာ ကုသလဆိုတဲ့ ကောင်းတဲ့ကံစွမ်းအားတွေ ပါသလို အကုသလဆိုတဲ့ မကောင်းတဲ့ ကံစွမ်းအားတွေလည်း ပါပါတယ်။ ဒီကံစွမ်းအားတွေက ဝန်းရံရုံ ဝန်းရံနေတာ မဟုတ်ဘဲ မြင်လိုက်တဲ့ အဆင်းရူပါရုံကို သိတဲ့ဝိညာဏ်လေးပေါ်အောင် ကမ္မသတ္တိတွေက ထောက်ပံ့ပေးနေပါတယ်။ ကမ္မသတ္တိက မြင်စိတ်ဖြစ်အောင် ထောက်ပံ့ပေး ခြင်းပါ။ ဒီတော့ ကမ္မက အကြောင်းသတ္တိပါ။ ဒီအကြောင်း သတ္တိကြောင့်ဖြစ်သော ဝိညာဏ်ခေါ်တဲ့ စိတ်ပေါ်လာရတယ်။ ဒီဝိညာဏ်က ကံ၏အထောက်အပံ့ကြောင့် ရတဲ့အတွက် သူ့ကို အကျိုးစိတ် ဝိပါကဝိညာဏ်လို့ခေါ်တယ်။ ဒီသဘောကို နားလည်အောင် သေသေချာချာ စဉ်းစားပါ။

မြင်စိတ် – စက္ခုဝိညာဏ်၊ ကြားစိတ် – သောတဝိညာဏ်တွေက ဝိပါက ဝိညာဏ်တွေပါ။ ပြီးတော့မှ ကိလေသစက်က အဓိပ္ပါယ်ပြန်ပေး၊ အဓိပ္ပါယ်ဖော်ပေးရပါတယ်။ ဒီနောက် ဒီအဓိပ္ပါယ်တွေ ဖော်ပြတဲ့အတိုင်း ကြိုက်သည်၊ မကြိုက်သည်၊ ချစ်သည်၊ မုန်းသည်တွေကို ဆက်ပြီး ကမ္မဝဋ်က လုပ်ပေး သဖြင့် ကံစွမ်းအားတွေ ထွက်လာပါတယ်။ ဒီသဘောကို ဉာဏ်နဲ့ ဆင်ခြင်ကြည့်ရင် မိမိရုပ်ခန္ဓာ၊ နာမ်ခန္ဓာဆိုတဲ့ ကိုယ်နဲ့စိတ် နှစ်ပါးရှိတဲ့အပြင် ကံစွမ်းအား အဖွဲ့အစည်းကြီးကလည်း ရှိနေပါတယ်။ ကံစွမ်းအားကတော့ ရုပ်နှင့်နာမ်တို့လို ခန္ဓာမဖွဲ့ပါ။ သူက စွမ်းအားအဖြစ်နဲ့ စုဝေးနေတဲ့ သဘောလို့ သိရပါမယ်။ ပြောတိုင်း၊ လုပ်တိုင်း အမြဲတမ်း ကံစွမ်းအားတွေ တိုးနေပါတယ်။ ဒီကံစွမ်းအားတွေကပဲ မြင်စိတ်၊ ကြားစိတ်၊ အနံ့စိတ်၊ အရသာစိတ်၊ အတွေ့စိတ်တွေ ဖြစ်အောင်လုပ်ပေးတယ်။ ဒီအကျိုး စိတ်များ လည်အောင် လှည့်ပေးတဲ့စက်ကို ဝိပါကဝဋ်ခေါ်တယ်။

အကျိုးစိတ်တွေ တည်ဆောက်ပေးတော့ မနောဝိညာဏ်က နောက်ကလိုက်ပြီး သညာက္ခန္ဓာကို မှီပြီးတော့ (နှိုင်းယှဉ်ပြီး) ပစ္စုပ္ပန်မှာ မြင်တဲ့ရူပါရုံကို အဓိပ္ပါယ်ပြန်ဆိုတယ်။ ဒီလို အဓိပ္ပါယ်ဖော်ရုံ တင်မကပါ ဒါဟာ မိတ်ဆွေ၊ ရန်သူလို့ ပြန်ဆိုတယ်။ ဒီလို ပြန်ဆိုလိုက်တော့ နောက်က လိုက်လာတဲ့ မနောဝိညာဏ်ကထပ်ပြီး ကမ္မဆိုတဲ့အလုပ်တွေ လုပ်တာပါ။ အဓိပ္ပါယ်ဖော်ပေးတဲ့အတိုင်း ချစ်တော့လည်း လုပ်တယ်၊ မုန်းတော့လည်း လုပ်တယ်၊ ကြိုက်တာလည်း လုပ်တယ်၊ မကြိုက်တာလည်း လုပ်တယ်၊ ဒီလိုလုပ်တိုင်း ကံစွမ်းအားတွေထွက်ပြီး ခန္ဓာမှာပဲ ဝန်းရံတိုးပွားနေပါတယ်။ ဝိပါကဝိညာဏ်တွေဖြစ်တိုင်း၊ ဖြစ်တိုင်း ကံစွမ်းအား၏ထောက်ပံ့မှုကြောင့် ဖြစ်ရတယ်။ ဒီအကြောင်းအရာကို သေသေချာချာ နှလုံးသွင်းပါ။

လူအပါအဝင် သတ္တဝါတိုင်းမှာ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ၊ ကံစွမ်းအား အဆောက်အအုံကြီး ရှိတယ်။ သေသေချာချာ နှလုံးသွင်းရမယ့် အချက်က ရုပ်နာမ် (၂)ပါးဟာ ပဋိသန္ဓေတည်ပြီး မွေးလာကတည်းက ဘဝခရီးကို လျှောက်လာကြတာ နောက်ဆုံးပိတ် ရုပ်နာမ်(၂)ပါးစလုံး လုပ်ငန်းရပ်တယ်၊ ချုပ်တယ်။ ဇီဝိတိန္ဒြေ ချုပ်တယ်လို့ ခေါ်တယ်။ ဒါဟာ သေခြင်းတရားပါ။ သေခြင်းတရားက ဖြတ်လိုက်တဲ့အခါ ရုပ်နာမ် (၂)ပါးလုံး စက်ရပ်သွားပါပြီ။ သူတို့က တကယ် ဝတ္ထုပစ္စည်းတွေနဲ့ ရှိပြီး အလုပ်လုပ်နေခဲ့တာပါ။ သို့သော် ကံစွမ်းအားက စွမ်းအားအဖြစ်နဲ့ ရှိနေပါတယ်။ ရုပ်နာမ် (၂)ပါး ချုပ်တယ်ဆိုတာနဲ့ တစ်ပြိုင်နက် စွမ်းအားအဖြစ်ရှိနေတဲ့ ကံအဆောက်အအုံကြီးက ရုပ်အသစ်၊ နာမ်အသစ်ကို ချက်ချင်း တည်ပေးပါတယ်။ ကံစွမ်းအားကြီးက ချက်ချင်း ရုပ်မျိုးစေ့နဲ့ နာမ်မျိုးစေ့ (၂)ခုကို တည်ပေးလိုက်တာပါ။ ကံစွမ်းအားက တည်ပေးလိုက်တာနဲ့ တစ်ပြိုင်တည်း ဗီဇနိယာမအတိုင်း ရုပ်ခန္ဓာက ဆက်လက်ကြီးထွားပါတယ်။ ထိုအတူ နာမ်ခန္ဓာကလည်း ဆက်လက်ကြီးထွားလာပါတယ်။ အလုပ် လုပ်ပါတယ်၊ ဒါဟာ ဘဝသစ်ပါ၊ ဘဝသစ်ကို ရအောင် တည်ပေးထားတာဟာ ကံစွမ်းအားပဲ ဖြစ်တယ်။ သိရမယ့်အချက်က အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝကို ဆက်သွယ်တဲ့နေရာမှာ အတိတ်ကရှိ‌နေတဲ့ ရုပ်နာမ်ခန္ဓာ အသက်ဝိညာဉ်ဆိုတဲ့ စကားတွေ ဟာ ရုပ်နာမ် (၂)မျိုး ချုပ်တာနဲ့ သူတို့အကုန်လုံး ရပ်သွားပါပြီ။ သူတို့ ဘာမှမရှိတော့ မလုပ်တော့ပါ။

သို့သော် ကံစွမ်းအားက ရှိနေပါတယ်။ အတိတ်က ရှိခဲ့တဲ့ ရုပ်နာမ်နဲ့ မဆက်သွယ်၊ မသက်ဆိုင်ဘဲ ကံစွမ်းအားက ရုပ်မျိုးစေ့၊ နာမ်မျိုးစေ့ အသစ်ကို တည်ပေးလိုက်တော့ ဘဝအသစ် ရပြန်တာပါ။ လူတွေ၊ သတ္တဝါတွေမှာ ကံစွမ်းအားအဆောက်အအုံကြီးက ရှိနေတော့ ဘဝတစ်ခုပြတ်သွားလို့ သေပြီးရင်လည်း နောက်ဘဝတစ်ခုကို ထပ်တည်ပေးပြန်တာပါ။ ဒီလို ဘဝတွေဆက်ကာဆက်ကာနဲ့ ဘဝအဆက်ဆက် သွားနေရတာပါ။ ဘဝအဆက်ဆက် သံသရာကို တည်ဆောက်ပေးတဲ့နေရာမှာ ကံစွမ်းအားကအဓိက တည်ဆောက် ပေးပါတယ်။ ကံစွမ်းအားတွေထဲမှာ ကောင်းသောကံစွမ်းအားတွေ အများကြီးရှိသလို မကောင်းတဲ့ ကံစွမ်းအားတွေလည်း အများကြီးရှိပါတယ်။

အရေးကြီးတဲ့အချက်က ဘဝအသစ်တည်လိုက်တဲ့အခါ ကောင်းသောကံစွမ်းအားက ရုပ်ဗီဇ နာမ်ဗီဇကို တည်ပေးရင် ကောင်းတဲ့အဆင့်ရှိသော ရုပ်နာမ်(၂)ပါးကို ရတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာမှာရှိနေတဲ့ အဆင့်တွေမှာ ရုပ်ချောတာပါတယ်၊ ရုပ်ဆိုးတာလည်း ပါတယ်။ ကံစွမ်းအားက ဒီဘဝမှာရသော ရူပက္ခန္ဓာ၏ တင့်တယ်တာ၊ ပြေပြစ်တာကိုလည်း ဆောင်ရွက်ပေးတယ်၊ မတင့်တယ် မပြေပြစ်တာကိုလည်း ဆောင်ရွက်ပေးတယ်။ နာမ်ခန္ဓာမှာလည်း ဉာဏ်ပညာ ထက်မြက်တာပါတယ်။ ဉာဏ်ပညာ နုံ့တာပါတယ်။ သို့သော် လူရယ်လို့ ဖြစ်လာအောင် တည်ပေးတဲ့ ကမ္မက ကောင်းသော ကုသလကမ္မ ဖြစ်ပါတယ်။

လူထက်အဆင့်နိမ့်တဲ့ ခွေးတွေ ကြောင်တွေမှာလည်း ကံစွမ်းအားက အကြီးကြီးပါ။ ကုသလ ကမ္မက အားနည်းပြီး အကုသလကမ္မတွေများတဲ့ သတ္တဝါများကို ပဋိသန္ဓေတည်တဲ့အချိန်မှာ အဆင့် နိမ့်တဲ့ဘဝမှာ တည်ပေးပါတယ်။ တိရစ္ဆာန်ဘဝကို တည်ပေးလိုက်ပါတယ်။ တိရစ္ဆာန်ဘဝ ရောက်သွားပြီ ဆိုရင် ရုပ်မျိုးစေ့ နာမ်မျိုးစေ့အသစ်က တိရစ္ဆာန်ဗီဇအတိုင်း သွားကြရပါတယ်။ ဒီသဘောကို သေသေ ချာချာ နှလုံးသွင်းတတ် ဆင်ခြင်တတ်မှ သတ္တဝါဖြစ်ခြင်းဟာ ဒီလိုပါလားလို့ သိပါတယ်။ ဒီတော့ နှလုံးသွင်းတတ်တဲ့ ပုဂ္ဂိုလ်က ပညာမျက်စိနဲ့ ကြည့်ရပါတယ်။

လောကမှာရှိနေတဲ့ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဆင့်အတန်းချင်းမတူ၊ ရုပ်ရည်ချင်း မတူတာတွေဟာ ဘဝကို တည်တဲ့အချိန်ကတည်းက သူတို့ကို တည်ပေးလိုက်တဲ့ ဘဝရဲ့ ဗီဇအဆင့် အနိမ့်အမြင့် ကွာခြားခဲ့လို့ ဖြစ်ပါတယ်။ ဒါက တစ်မျိုးပါ။

အဆင့်တွေမြင့်နေတဲ့ လူသားတို့ရဲ့ ခန္ဓာမှာ စွမ်းအားတွေ ပါလာပါတယ်။ လူသားရဲ့ နာမ်ခန္ဓာမှာ သိအား၊ မှတ်အား၊ ခံစားအား၊ အားထုတ်အားတွေပါတယ်။ နာမ်ခန္ဓာအားတွေ ကောင်းတော့ မှတ်ဉာဏ် တွေလည်း ကောင်းတယ်။ သိတဲ့ဝိညာဏ်အားတွေလည်း ကောင်းတယ်။ ကောင်းတဲ့အတွက် သိအား၊ မှတ်အားတွေနဲ့ ပညာတွေ သင်ယူရပါတယ်။ သိအား မှတ်အားပေါ်မှာ အခြေခံပြီးမှ စဉ်းစားအား ဆင်ခြင် အားတွေက ထွက်ပါတယ်။ သိအား၊ မှတ်အား၊ စဉ်းစားအားတွေဟာ လူသား၏ နာမ်ခန္ဓာမှာ ပါလာ ပါတယ်။ သိရမယ့်အချက်က တိရစ္ဆာန်ဆိုတဲ့ သတ္တဝါတွေကျတော့ ခန္ဓာကိုယ်က အဆင့်နိမ့်တယ်။ သူတို့ရဲ့ သိအား မှတ်အားကလည်း အလွန်အဆင့်နိမ့်တယ်။ ဒီတော့ သူတို့ရဲ့ ဘဝခရီးဟာ ပင်ပင်ပန်းပန်း လျှောက်ကြရပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေမြင်ရင် သူ့တို့ရဲ့ ရုပ်ခန္ဓာ နာမ်ခန္ဓာတင်မက သူတို့ပြုထားတဲ့ အကုသလကမ္မတွေက သူတို့ကို နှိပ်စက်လို့ ဒီလို ဆင်းရဲတဲ့ဘဝကို ရောက်ရတယ်ဆိုတာ သဘောပေါက် နားလည်ရမယ်၊ ဒီလို စဉ်းစားနိုင်ရမယ်။ စဉ်းစားရင် ကံစွမ်းအားဟာ ဘယ်လောက် ကြီးမားတယ်ဆိုတာ သိလာပါလိမ့်မယ်။ ကံအားတွေဟာ ညံ့ရင်ညံ့သလောက် သံသရာမှာ အဆင့်နိမ့် သွားသည်ထက် နိမ့်သွားရပါတယ်။ ကံစွမ်းအားတွေ မြင့်သည်ထက်မြင့်အောင် ကြိုးစားရင် ဘဝ အဆင့်ဟာ မြင့်သည်ထက် မြင့်လာပါတယ်။ ဒီလို ပိုင်းခြားဝေဖန်တတ်တဲ့ ဉာဏ်ရှိရပါမယ်။ ဒီဉာဏ်ဟာ ကံအကြောင်းကို သိတဲ့ဉာဏ်ဖြစ်ပါတယ်။

ကံသာလျှင် ဒီရုပ် ဒီနာမ် ဒီခန္ဓာတွေကို တည်ပေးနေပါတယ်။ တည်ပေးတဲ့ အဆင့်နိမ့်တာ မြင့်တာဟာ ကံပေါ်မှာတည်ပါတယ်။ ဒီလိုသိတဲ့ ဉာဏ်ကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်လို့ ခေါ်ပါတယ်။ ဒီဉာဏ်ဟာ အလွန်အရေးကြီးပါတယ်။ ကံစွမ်းအားရဲ့ အကြောင်းကို ပိုင်းပိုင်းခြားခြား သိတဲ့ဉာဏ် ဖြစ်ပါတယ်။ ဒီဉာဏ်ရှိမှ ကောင်းမှုကိုလည်း သိတယ်။ မကောင်းမှုကိုလည်းသိတယ်။ ကောင်းမှုက ထွက်ပေါ်လာသော ကောင်းစွမ်းအားကိုလည်း သိတယ်၊ မကောင်းမှုက ထွက်ပေါ်လာတဲ့ မကောင်း စွမ်းအားကိုလည်းသိတယ်။ ဒီသဘာဝတွေကို ပိုင်းပိုင်းခြားခြား သိပါမှ ဘာကိုရှောင်ရမယ်၊ ဘာကို တိုးပွားအောင် ဆောင်ရွက်ရမယ်ဆိုတာကို သဘော‌ပေါက်ပါတယ်။ ဒါတွေဟာ မိမိတို့ နေ့စဉ်ဆောင်ရွက် နေတဲ့ အလုပ်တွေဖြစ်ပါတယ်။

ဒီအလုပ် (၃)မျိုးကတော့

(၁) စိတ်နဲ့ တွေးတောကြံစည်တယ်။

(၂) နှုတ်နဲ့ ပြောတယ်။

(၃) ကိုယ်နဲ့ လုပ်တယ်။

ဒီအလုပ်တွေမှာ စိတ်က ဦးဆောင်ပါတယ်။ ဒီစိတ်ကို မနောဝိညာဏ်လို့ ခေါ်ပါတယ်။ မနော ဝိညာဏ်ဟာ ကမ္မဝဋ်မှာ အလုပ်လုပ်နေသော အတွင်းစိတ်ဖြစ်ပါတယ်။ အတွင်းစိတ်မှာ မကောင်းတဲ့၊ သူတပါးကို ပျက်စီးစေလိုသောစိတ်မျိုးနဲ့ တွေးတောလိုက် ကြံစည်လိုက်တယ်ဆိုရင် မနောကမ္မအဖြစ် ရောက်ရှိသွားပါတယ်။ မနောကမ္မက အရှိန်ပြင်းလာလို့ နှုတ်ကနေ မကောင်းတဲ့စကားတွေ ပြောလိုက်ရင် အကုသလကဝစီကမ္မ အဖြစ်ရောက်ရှိသွားပါတယ်။ ဒီက တဆင့်တက်ပြီး ကိုယ်နဲ့လုပ်လိုက်ရင် အကု သလကာယကမ္မအဖြစ်သို့ ရောက်ရှိသွားပါတယ်။ အကုသလကမ္မကြောင့် ထွက်ပေါ်လာတဲ့ အကုသလ ကမ္မသတ္တိတွေဟာ ခန္ဓာငါးပါးမှာလာပြီး ဝန်းရံစုဝေးနေကြပါတယ်။ ဒီလို အကုသိုလ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း အဆင့်နိမ့်သည်ထက် နိမ့်သွားပါတယ်။ ဒီတော့ မကောင်းသောစိတ်တွေ မဖြစ်အောင် ကြိုးစားရ ပါမယ်။ ကောင်းသော စိတ်တွေ တိုးပွားအောင်လုပ်ရမယ်။

ကောင်းသောစိတ်တွေဆိုတာဟာ သူတစ်ပါးကိုမြင်ရင် ဒီပုဂ္ဂိုလ်၊ ဒီသတ္တဝါဟာ ချမ်းသာနေရင် လည်း သူ့ရဲ့အတိတ်ဘဝ အကျိုးပေးတွေကလည်း ကောင်းနေ၊ ပစ္စုပ္ပန် အားထုတ်မှုတွေလည်း ကောင်းနေလို့ ချမ်းသာနေရတယ်လို့တွေးပြီး ဝမ်းမြောက်ရပါမယ်။ ချမ်းသာတယ်ဆိုတာဟာ ခန္ဓာ ငါးပါးရဲ့ဘေးမှာ ဝန်းရံနေတဲ့ ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပါတယ်။ အမှန်တော့ ဒီဝတ္ထုပစ္စည်းတွေက သူ့ရဲ့ အဆင့်ကို မြင့်အောင် မလုပ်နိုင်ပါဘူး။ ပစ္စည်းက ပစ္စည်းပါပဲ။ အဆင့်မြင့်အောင် လုပ်နိုင်တာက သူ့ရဲ့ စိတ်နဲ့ သူ့ရဲ့အသိပညာကသာ အဆင့်မြင့်အောင် လုပ်နိုင်တာပါ။ စိတ်နဲ့အသိပညာ မြင့်လာရင် မိမိချမ်းသာလာတဲ့အတွက် ကောင်းသော ဒါနမှုကို ဆောင်ရွက်ရမယ်လို့ သိလာတယ်။ ဆောင်လည်း ဆောင်ရွက်တယ်။ ထို့အတူ သီလလည်းဆောက်တည်ရမယ်လို့ သိလာတယ်။ သီလစင်ကြယ်မှု ရှိလာတယ်။ ပြီးတော့ ဘာဝနာအလုပ်ကို လုပ်ရမယ်လို့လည်း သိလာတယ်။ ဘာဝနာလည်း ပွားများ လာတယ်။ ဒီလို အဟုတ် အလုပ်လုပ်ပါမှ ကုသလကမ္မ စွမ်းအားတွေ တိုးလာပါတယ်။ ကုသလ ကံစွမ်းအားတွေ တိုးလာပြီဆိုရင် ဘဝအဆင့်ကလည်း ကောင်းလာတယ်၊ အဆင့်မြင့်လာတယ်။ ဒီဘဝ ကုန်ဆုံးသွားလို့ နောက်ထပ်ဘဝအသစ် တည်ရဦးမယ်ဆိုရင် ကုသလကမ္မများက မြင့်သောဘဝ၊ မြတ်သောဘဝကို ဆက်လက်တည်ဆောက်ပေးပါလိမ့်မယ်။ ဒါတွေဟာ ကံ ကံ၏အကျိုးလို့ ခေါ်ပါတယ်။ ကံကြောင့် ကမ္မသတ္တိထွက်တယ်၊ ကမ္မသတ္တိကြောင့် ထွက်ပေါ်လာတဲ့ အကျိုးကိုတော့ ကမ္မဝိပါကဆိုတဲ့ ကံ၏ အကျိုးလို့ ခေါ်ပါတယ်။

ဘဝသစ်မှာဖြစ်လာတဲ့ ရုပ်ဗီဇအသစ် နာမ်ဗီဇအသစ်တွေက အကျိုးတရားပါ။ ဒီအကျိုး တရားတွေရဲ့ မြင့်ခြင်း၊ နိမ့်ခြင်းဟာ ကိုယ်ပြုတဲ့ ကမ္မခေါ်တဲ့ ကံတွေပေါ်မှာ တည်နေပါတယ်။ ကံတွေက မိမိနေ့စဉ်လုပ်ကိုင်နေသော ပစ္စုပ္ပန်အလုပ်များပေါ်မှာ ဘယ်လို တည်သလဲဆိုရင် နေ့စဉ်အလုပ်တွေမှာ တွေးတောခြင်းဆိုတဲ့ မနောကမ္မ၊ နှုတ်ဖြင့်ပြောဆိုတဲ့ ဝစီကမ္မ၊ ကိုယ်ဖြင့်လုပ်တဲ့ ကာယကမ္မတို့ကို ပြုလုပ်တဲ့အခါ အဆင့်နိမ့်သော အတွေးမျိုး၊ အဆင့်နိမ့်သော အပြောမျိုး၊ အဆင့်နိမ့်သော အလုပ်မျိုး တွေကိုလုပ်ရင် အကုသိုလ်တွေ တိုးလာပါတယ်။ အဆင့်မြင့်သောအတွေး၊ အဆင့်မြင့်သောအပြော၊ အဆင့်မြင့်သော အလုပ်တွေကိုလုပ်ရင် ကုသိုလ်တွေတိုးပါတယ်။ ဒီတော့ မိမိကိုယ်တိုင်က ပြုလုပ်တဲ့ အလုပ်ဟာ ကောင်းသည်၊ မကောင်းသည်ကို သိရပါမယ်၊ ဆင်ခြင်ရပါ့မယ်။ မကောင်းတဲ့စိတ်ထားကို ပယ်မယ်၊ မကောင်းတဲ့ အပြောကို ပယ်မယ်၊ မကောင်းတဲ့ အလုပ်ကို ပယ်မယ်၊ မဖြစ်အောင် တားဆီးမယ်။ ကောင်းတဲ့အလုပ်တွေကို တိုးပွားအောင် လုပ်ရပါမယ်။ ကောင်းသော အလုပ်တွေကို ရွေးချယ်လုပ်နိုင်လာ ရင် ကုသလကမ္မ စွမ်းအားတွေ တိုးလာပါတယ်။ ဒီလို တိုးလာတဲ့အတွက် ဘဝအဆင့်ကလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်လာပါတယ်။ ကုသလကမ္မတွေကို အခြေခံပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်း ကြောင်းကိုလည်း ပြုလုပ်ရပါမယ်။ ဒါ့အပြင် နိဗ္ဗာန်မဂ်ဖိုလ်သို့ တက်လှမ်းနိုင်ဖို့ ကုသလကမ္မဖြစ်သော ဘာဝနာပွားများခြင်း အလုပ်များကိုလည်း ဖြည့်ဆည်းကြရပါမယ်။

ဝိပဿနာဘာဝနာ၊ သမထဘာဝနာစသော ဘာဝနာတရားများကို ပွားများရပါတယ်။ ပွားများတဲ့ အခါမှာ အခြေခံဖြစ်သော ကံ၏အကြောင်း၊ ကံ၏အထောက်အပံ့တို့ဟာ ဘယ်ပုံဘယ်နည်း ပေးတယ်။ ဘယ်ပုံဘယ်နည်း ကံကောင်းအောင် လုပ်ရမယ်ဆိုတာကို သိထားရမယ်။ ကံကောင်းအောင် သူများက လုပ်မပေးနိုင်ပါ။ မိမိကိုယ်တိုင်သာ လုပ်ရပါမယ်။ မိမိ၏ ဉာဏ်အား၊ ဝီရိယအား၊ အဓိကအကျဆုံး ဖြစ်သော သတိအားများကို သုံး၍ ကောင်းအောင် နေထိုင်ကြရပါမယ်။ မကောင်းမှုတွေ မလုပ်ဖြစ်အောင် စောင့်ထိန်းပေးတာလည်း သတိ၊ ကောင်းမှုတွေ လုပ်ဖြစ်အောင် စောင့်ထိန်းပေးတာလည်း သတိဖြစ်ပါ တယ်။ ဒါကြောင့် သတိအားလည်း ရှိရပါမယ်။ ကောင်းသောအလုပ်တွေကို ဆောင်ရွက်တဲ့ သဒ္ဓါအား၊ ဝီရိယအားလည်း ရှိရပါမယ်။ ဒီအကြောင်းအရာတွေကို သိအောင် သမ္မာသမ္ဗုဒ္ဓက ရှင်းလင်းပြမှ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်မျိုးကို ရကြတာပါ။ ဒီဉာဏ်မျိုးကိုရမှ ပထမအဆင့်အနေနဲ့ ဘဝခရီးကို မှန်ကန်စွာ တည့်မတ်စွာ လျှောက်နိုင်ကြမှာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဘုရား၏ အဆုံးအမများကို ခံယူပြီး ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်များ တိုးပွားပြီးတော့ မှန်ကန်ဖြောင့်မတ်တဲ့ ဘဝခရီးကို လျှောက်လမ်းဖို့ ကုသလကမ္မများ တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားဆောင်ရွက်နိုင်သော သူတော်ကောင်းများ ဖြစ်ကြပါစေ။

သာဓု_________သာဓု________သာဓု

“ကမ္မဿကတာ သမ္မာဒိဋ္ဌိကို ခွဲခြမ်းစိတ်ဖြာ၍ ‌လေ့လာခြင်း”

သမ္မာဒိဋ္ဌိ

သမ္မာသမ္ဗုဒ္ဓဟောကြားသော ဓမ္မဒေသနာများကို သင်ယူရတဲ့အခါ သာမန်လူတို့ နားလည်ဖို့ အဆင့်လောက်မှာကို အလွန်ကျယ်ဝန်း၊ အလွန်နက်နဲ၊ အလွန်သိမ်မွေ့ပါတယ်။ ဒီသဘောတွေကို မိမိဉာဏ်နဲ့ ဆင်ခြင်နိုင် စဉ်းစားနိုင် သုံးသပ်နိုင်ပါမှ သဘော‌ပေါက်နားလည်ပြီး မိမိရဲ့ဉာဏ်လည်း တက်လာပါတယ်။ ဉာဏ်၏ နယ်ကလည်း နားလည်သလောက် ကျယ်ဝန်းလာပါတယ်။ ပညာအလင်း ရလာတဲ့အခါ လောကကိုဖြန့်ကျက်ပြီး လောကမှာရှိနေတဲ့ သဘာဝ တရားများ၏ အနေအထားများကို ကြည့်တတ် မြင်တတ်လာပါတယ်။ သဘာဝတို့၏ သဘောကို အခြေခံနှင့်တကွ သိနားလည်ပြီးတော့ ဒါတွေဟာ ဒီသဘောတွေပါလားလို့ သိမြင်လာတဲ့အခါ အမြင်က မှန်လာတယ်။

အမြင်ပေါ်မှာ တည်ပြီး မိမိ၏ အယူများကိုလည်း တည်ဆောက်လာတယ်။ ဘုရားရှင်ပေးသော ပညာများကို စနစ်တကျသင်ယူလိုက်တဲ့အခါ ပညာပေါ်အခြေတည်၍ မိမိ၏ဉာဏ်ကို သုံးခြင်းကြောင့် အမြင်မှန်နှင့် အယူမှန်များ ရလာတဲ့အခြေအနေကို ပါဠိလို သမ္မာဒိဋ္ဌိ ဉာဏ်ပညာလို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိအဆင့် (၃)ဆင့်ခွဲပါတယ်။ ဒါတွေက

(၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ

(၂) ဝိပဿနာသမ္မာဒိဋ္ဌိ

(၃) မဂ္ဂဖလသမ္မာဒိဋ္ဌိတို့ဖြစ်ပါတယ်။

“ကမ္မဿကတာသမ္မာဒိဋ္ဌိ”

သမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံးကို ထပ်ပြီး ပိုင်းခြားဆင်ခြင်တဲ့ ပညာရှိပါတယ်။ ကမ္မ ဿကတာ သမ္မာဒိဋ္ဌိဆိုတာ ကံသည်သာလျှင် မိမိ၏အစွမ်း၊ ကံ၏အစွမ်းသာလျှင် အဓိက၊ ကံစွမ်းအားနှင့် သတ္တဝါတို့ သံသရာခရီးကို သွားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်၊ ကံနှင့်ပတ်သက်သော (ဝါ) ကံစွမ်းအားနှင့်ပတ်သက်သော အမြင်မှန် ဖြစ်ပါတယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ အဆင့်ကိုရောက်ဖို့ အလွန်ခက်ပါတယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိကို ခွဲခြမ်းစိတ်ဖြာ လေ့လာမယ်ဆိုရင် ကံ (၃)ပါးကို လုပ်တဲ့အခါ အလုပ်ကို ကမ္မ၊ အလုပ်လုပ်ခြင်းကြောင့် ထွက်ပေါ် လာသော စွမ်းအားကို သတ္တိ၊ နှစ်ခုပေါင်းတော့ ကမ္မသတ္တိ၊ မြန်မာလို ကံစွမ်းအားပါ။ ဒီကံစွမ်းအားဆိုတဲ့ စကားလုံး၏အဓိပ္ပါယ်ကို ဉာဏ်ကရောက်အောင် စဉ်းစားနိုင်ဖို့ အရေးကြီးပါတယ်။ အလုပ်လုပ်တိုင်း ထွက်လာတဲ့ ကံစွမ်းအားတွေဟာ လွယ်လွယ်နဲ့ ပျောက်ကွယ် မသွားဘဲ စုဝေးပြီးနေတဲ့ သဘောရှိတယ်။ စုဝေးနေတာကို ပါဠိလို အာယူဟန ခေါ်တယ်။ အင်္ဂလိပ်လို accumulation ခေါ်တယ်။ ကံစွမ်းအားများသည် ကမ္မများကို ထုတ်လုပ်သော ကံအလုပ်တွေကို လုပ်သည့် ခန္ဓာငါးပါးမှာပဲ ဝန်းရံစုဝေးနေတယ်။ ဒီသဘောကို ဉာဏ်က ရောက်အောင် ဆင်ခြင်ရပါမယ်။

ပြုသမျှအလုပ်မှာ ရုပ်စွမ်းအား၊ စိတ်စွမ်းအားနှစ်ခုနဲ့ အလုပ်တွေလုပ်တာပါ။ အခုစကားပြောတယ်ဆိုတာ ဝစီကမ္မပါ။ နာမ်စွမ်းအားနဲ့ ရုပ်စွမ်းအားတို့ ပူးတွဲဆောင်ရွက်ခြင်းကြောင့် ဝစီကမ္မ ဖြစ်ပေါ်လာတယ်။ ဝစီကမ္မဖြစ်ပေါ်လာတော့ ကံစွမ်းအား ထွက်လာတယ်။ ကာယကံမှုတွေ ပြုဖို့အတွက် နာမ်စွမ်းအားနဲ့ ရုပ်စွမ်းအားတို့ဆောင်ရွက်မှ ကံတွေ ပြီးမြောက်တယ်၊ ကမ္မပထမြောက်တယ်။ မနောကမ္မက ဦးဆောင်ပြီး အလုပ်တွေဖော်ပြ၊ သူက အကုန်လုံးဆောင်ရွက်ပေးတာပါ။ မနောကမ္မ ဆောင်ရွက်တဲ့အတိုင်း ဝစီကမ္မ၊ ကာယကမ္မတွေ ထွက်ပေါ်လာတယ်။ ဒီကံတွေလုပ်တိုင်း ကမ္မပထ မြောက်ရင် ကံစွမ်းအားတွေ ထွက်ပေါ်လာတယ်။ ဒီသဘာဝတွေကို ဉာဏ်ကရောက်အောင် စဉ်းစားဆင်ခြင်တတ်ဖို့ပါ။

အခုခေတ်မှာ ထွန်းကားနေတဲ့ သိပ္ပံပညာမှာ သဘာဝတွေကို အကြောင်းအကျိုး ဆက်စပ်ပြီး သင်ကြားတာ တွေ့ရမှာပါ။ သိပ္ပံပညာ၏နယ်က ရုပ်သဘာဝတို့၏ စွမ်းအားများ၊ ရုပ်စွမ်းအားတို့၏ လုပ်ငန်းသဘော၊ ရုပ်သဘာဝတို့၏ အလုပ် များကိုသာလျှင် အဓိက ဖြေရှင်းပြနိုင်ပါတယ်။ ဒီသဘော တရားတွေကို စနစ် တကျလေ့လာဖူးသော ပုဂ္ဂိုလ်များဟာ ဒီအခြေခံပညာများကိုသုံး၍ ဘုရားရှင်၏ ဒေသနာမှာပါသော ကံစွမ်းအားဆိုသော အလုပ်သဘော (၃)မျိုး၏ သဘောသဘာဝနှင့် စွမ်းအားတို့ အကြောင်းကို လေ့လာနိုင်ပါတယ်။ ဒီသဘောကို သေသေချာချာ ဉာဏ်ကရောက်အောင် စဉ်းစားဖို့ လိုပါတယ်။

ဒီမှာ စွမ်းအားတို့၏သဘောကို လေ့လာရမယ်။ မော်တော်ကားမောင်းတဲ့ အလုပ်မှာ စက်ကလုပ်မှ အလုပ်ဖြစ်တာပါ။ အလုပ်ဖြစ်မှ ကားက သွားတာပါ။ ကားသွားမှ ကမ္မပထ မြောက်တယ်။ ကားမောင်း နေစဉ် မောင်းနေတဲ့ကားရဲ့ ဂီယာဖြုတ်လိုက်ရင် လည်နေတဲ့စက်အားနဲ့ ချိတ်ဆက်ပြေးနေသော ကားဘီးများ တခြားစီ ဖြစ်သွားတယ်။ နောက် စက်ကိုရပ်အောင် သော့နဲ့ပိတ်လိုက်ပါ။ စက်လည်း ရပ်သွားပြီ၊ ဂီယာလည်း ဖြုတ်ပြီးပြီ။ သို့သော် ကားဟာ ဆက်ပြီးသွားနေတာ တွေ့ရပါမယ်။ သူကို တွန်းသော စက်အားမရှိတော့သော်လည်း သူ့မှာ အရှိန်ရှိနေတာ တွေ့ရမှာပါ။ ဒီအရှိန်က မူလက သွားခဲ့သော ကား၏ စွမ်းအားပါ။ ဒီစွမ်းအားကို သတ္တိခေါ်ပါတယ်။ မော်တော်ကား တစ်နာရီ မိုင်(၄၀)နှုန်း သွားနေတာဟာ ကမ္မပထမြောက်အောင် စက်တွေက အလုပ်လုပ်နေတာပါ။ ဒီစက်တွေ ရပ်လိုက်စေကာမူ သူ့မှာရှိနေတဲ့ acquired momentum ခေါ်တဲ့ အရှိန်သတ္တိကြောင့် စွမ်းအား အဟုတ်တကယ်ရှိလို့ ကားဟာ လိမ့်နေတာပါ။ ဒီသဘောကို ဉာဏ်ကရောက်အောင် စဉ်းစားပါ။

ဒီမှာ တစ်ဆင့်တက်ပြီး နည်းနည်းစဉ်းစားကြည့်ကြဦးစို့။ မော်တော်ကား တစ်နာရီ မိုင် (၄၀) လောက်သွားနေစဉ် ဂီယာဖြုတ်ပြီး စက်ပိတ်လိုက်သော်လည်း ကားကဆက်သွားနေတယ်။ သို့သော် ခဏနေတော့ သူရပ်ရတယ်။ ဘာလို့ရပ်ရတာတုံးဆိုတော့ ကားရဲ့ရှေ့က တွန်းနေတဲ့ လေထုရယ်၊ ကားတာယာတွေနဲ့ လမ်းတို့ ပွတ်တိုက်နေတဲ့ ပွတ်မှုအားရယ်၊ ဒီ(၂)ခုက ပြေးနေတဲ့ ကားရဲ့အရှိန်ကို လျှော့စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အာကာသထဲ သွားနေတဲ့ယာဉ်ကို ကြည့်ပါ။ လေထုရဲ့ အထက်ရောက်သွားလို့ လေမရှိတဲ့ အာကာသထဲမှာ သွားနေသော ဒီယာဉ်ကို ရပ်အောင် ထွန်းပေးမယ့် လေအားက မရှိ၊ မြေကြီးလို ပွတ်တိုက်စရာလည်း မရှိပြန်တော့ အာကာသ ယာဉ်ကြီး ဆက်၍ဆက်၍ သွားနေတယ်။ ပထမ Rocket ခေါ်တဲ့ တွန်းအားစက်ကြီးက အာကာသယာဉ်ကြီးကို တွန်းပေးလိုက်တာကြောင့် တစ်နာရီကို မိုင်တစ်သောင်းဆိုရင်လည်း သူက တစ်သောင်းနှုန်းနဲ့ အာကာသထဲကို သွားနေတာပါ။ တွန်းလိုက်တဲ့ဟာက ကမ္မ၊ သွားနေတဲ့ဟာက အရှိန်၊ ဒီသဘောက ကမ္မသတ္တိနဲ့တူပါတယ်။ အာကာသယာဉ်မှာ ရှိနေသော စွမ်းအားဟာ မရပ်မနား သွားနေသလို ကမ္မသတ္တိကလည်း ခန္ဓာငါးပါးနှင့် မရပ်မနား လိုက်နေတာပါ။

အလုပ် နောက်ထပ်တစ်ခုလုပ်ရမှ ကုန်ဆုံးတယ်။ ကံစွမ်းအားက အလုပ်မလုပ်ရမချင်း မကုန်ပါ။ အလုပ်လုပ်ရမှ ကုန်တယ်ဆိုတဲ့ သဘောဥပဒေသကို ဉာဏ်ကရောက်အောင် စဉ်းစားပါ။ အာကာသယာဉ်များဟာ လေထုထဲကို ပြန်ဝင်လာမှ လေထုကတွန်းလို့ အရှိန်က လျော့လာတာ၊ အလုပ်လုပ်ရမှ အရှိန်လျော့တာ။ စွမ်းအားတို့၏ သဘောဟာ အလုပ် မလုပ်ရသေးသမျှ ကာလပတ်လုံး ရှိနေတာပါ။ အလုပ်လုပ်ရမှ စွမ်းအားက ကုန်သွားတာပါ။ ဒီသဘောလိုပဲ ကံဆိုသောအလုပ်ကို လုပ်လိုက်တဲ့အခါ အလုပ်ကြောင့် ထွက်ပေါ်လာတဲ့ စွမ်းအားဟာ နောက်ထပ်သူက အလုပ်မလုပ်ရသေးသမျှ ကာလပတ်လုံး စွမ်းအားက မကုန်ပါ။ သူက ခန္ဓာငါးပါးမှာပဲ ဝန်းရံစုဝေးနေတာပါ။

ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် (၂)ပါးအပြင် ကံစွမ်းအားရှိတယ်ဆိုတဲ့ သဘောကို ဉာဏ်ကမြင်မှ ကံစွမ်းအားရှိနေတာ သဘောပေါက်တယ်။ သတ္တဝါလို့ ခေါ်ရတဲ့ ပညတ် လူသတ္တဝါ၊ တိရစ္ဆာန်သတ္တဝါ၊ နတ်ဗြဟ္မာဆိုတဲ့ သတ္တဝါတိုင်းမှာ ရုပ်နာမ် (၂)ပါးရှိတယ်၊ ခန္ဓာငါးပါး ရှိတယ်။ သူတို့ရဲ့ ခန္ဓာငါးပါးမှာ ကမ္မသတ္တိအဆောက်အအုံကြီးက ဝန်းရံထားတာပါ။ ကမ္မသတ္တိ အဆောက်အအုံထဲမှာရှိတဲ့ ကံစွမ်းအား တွေက အလုပ်မလုပ်ရသေးသမျှ မကုန်ပါ။ အလုပ်လုပ်ရမှ ကုန်သွားတယ်ဆိုတဲ့သဘောကို ဉာဏ်က ရောက်အောင် စဉ်းစားပါ။ ဒီတော့ ကမ္မသတ္တိ အဆောက်အအုံကြီး ရှိမှန်းကိုသိမှ ကံ၏သဘောကို နားလည်တာပါ။

ကံစွမ်းအားကို သံလိုက်စွမ်းအားနှင့်နှိုင်းယှဉ်ပြီး ပြောပါဦးမယ်။ ရိုးရိုးသံမဏိတုံးဟာ တွန်းအား ဆွဲအား မရှိပါ။ သို့သော် သံလိုက်တုံးနဲ့ သံလိုက်ဓာတ်အား သွင်းပေးလိုက်တဲ့အခါ သံမဏိတုံးရဲ့ ပတ်ဝန်းကျင်မှာ သံလိုက်စွမ်းအား (magnetic field) က ပေါ်လာပါတယ်။ ဒီသံလိုက်တုံးကို ဘယ်နေရာယူသွားသွား သံလိုက်စွမ်းအားက လိုက်ပါနေတယ်။ ဒီသဘောလိုပဲ ခန္ဓာငါးပါးရှိနေသေးသမျှ ကမ္မသတ္တိတွေ ဝန်းရံနေတယ်။ ခန္ဓာငါးပါး ဘယ်သွားသွား ကမ္မသတ္တိက အမြဲတမ်း အမြဲတမ်း ပါနေတယ်။ ဒီသဘောကို ဉာဏ်က ရောက်အောင် စဉ်းစားပါ။

စွမ်းအားဆိုတာ ရုပ်မှာလည်း စွမ်းအား၊ နာမ်မှာလည်း စွမ်းအားရှိပါတယ်။ အခုပြောနေတဲ့ စွမ်းအားက ရုပ်နာမ်နှစ်ပါး ပူးတွဲ၍ ကမ္မပထမြောက်အောင် အလုပ်လုပ်သောကြောင့် ထွက်ပေါ်လာသော ကမ္မသတ္တိအကြောင်းပါ။ ဒီသဘောတွေကို သေသေချာချာ နားလည်ပြီး သဘောပေါက်တော့မှ ကံ၏သဘောကို ပိုင်းပိုင်းခြားခြား မြင်လာတယ်။ ကမ္မပထမြောက်သော ပြောသမျှ ဝစီကံ၊ လုပ်သမျှသော ကာယကံ၊ ဆင်ခြင်စဉ်းစားတွေးတောတဲ့ မနောကံဆိုတဲ့ အလုပ်(၃)ပါးလုံးက ကမ္မသတ္တိတွေ ထွက်ပြီး ပြုသော ခန္ဓာငါပါးမှာ ဝန်းရံနေတယ်။ ကံစွမ်းအားတွေဟာ အမြဲတမ်း တိုးတက်ပြီး၊ သူတို့ရဲ့ အဆောက် အအုံဟာ အမြဲတမ်းကြီးထွားနေတယ်။ သို့သော် သူတို့ကိုလည်း ခန္ဓာငါးပါးက အမြဲတမ်း အသုံးပြုနေ တယ်။ ကံစွမ်းအားတွေကို အသုံးပြုပုံသဘော သဘာဝကိုလည်း သိမှဖြစ်ပါမယ်။ ကံစွမ်းအား အဆောက် အအုံကြီးဖြစ်သော နာနာက္ခဏိက ကမ္မအဆောက်အအုံကို နာနာက္ခဏိကကမ္မသတ္တိ အဆောက်အအုံကြီး လို့ ခေါ်ပါတယ်။ ကံ အဆောက်အအုံကြီးနဲ့ ခန္ဓာငါးပါး အဆောက်အအုံကြီး(၂)ခုကို သေသေချာချာ ကြည့်ပါ။

ခန္ဓာငါးပါး အဆောက်အအုံက ဘဝတစ်ခုရဲ့ နောက်ဆုံးပိတ်အချိန်ဆိုတဲ့ သေခြင်းတရား (စုတိ) အချိန်ကိုရောက်တော့ ရုပ်အဖွဲ့ရော နာမ်အဖွဲ့ရော (၂)ခုစလုံး ရပ်ကြတယ်။ ဒီရုပ်နာမ်နှစ်ပါး ချုပ်ငြိမ်း သော်လည်း သူတို့တည်ဆောက်ခဲ့တဲ့ ကမ္မသတ္တိအဆောက်အအုံကြီးက မချုပ်ငြိမ်းနိုင်ပါ။ ရှိနေတာပါ။ သူက ချုပ်ငြိမ်းမသွားတဲ့အပြင် ချက်ချင်း ဒီရုပ်နာမ်(၂)ပါး တို့ကဲ့သို့ သဘောတူသော ရုပ်နာမ်နှစ်ပါးတို့ရှိတဲ့ ဗီဇ၊ ရုပ်ဗီဇ နာမ်ဗီဇအသစ် နှစ်ခုကို တည်ဆောက်ပေးပြန်ပါတယ်။ ဒီအချက်ကို သေသေချာချာ မြင်အောင်ကြည့်ပါ။ ကံစွမ်းအား ရှိနေသလောက် ဘာလုပ်နေမှာတုံး၊ ရုပ်ဗီဇ နာမ်ဗီဇအသစ်ကို တည်ပေးတာပါ။ ဒီမှာ စကားအသုံးအနှုန်းလေးကို ကြည့်၊ အတိတ်ဘဝကရှိသော ရုပ်နာမ်ခန္ဓာတို့ ချုပ်ငြိမ်းသွားတယ်၊ ချုပ်ငြိမ်းသွားပြီးတာနဲ့တစ်ပြိုင်နက် ပစ္စုပ္ပန်ဘ၀ကို တည်လိုက်တယ်။ တည်လိုက်တဲ့ အခါ ဒါကို ပဋိသန္ဓေလို့ခေါ်တယ်၊ ဇာတိလို့လည်း ခေါ်ပါတယ်။

ခန္ဓာငါးပါး ရထားတော့ စားဝတ်နေရေး ပြေလည်ဖို့အတွက် ထောက်ပံ့သော ကံတွေရှိပါသေး တယ်။ အပ ပစ္စည်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးတဲ့ကံကို ဥပထမ္ဘက ကံလို့ခေါ်ပါတယ်။ ဒီကံ အနည်းအများကိုလိုက်၍ ပစ္စည်းဥစ္စာများ ပေါမှု၊ နည်းပါးမှု ဖြစ်ပါတယ်။ အဓိက မြင်ခြင်း ကြားခြင်း လုပ်ပေးတဲ့ကံက ချို့ယွင်းရင် မျက်စိမမြင်၊ နားမကြားပါက ဘာမှမတတ်နိုင်ပါ။ စက္ခုပသာဒ၊ သောတပသာဒတို့ အလုပ်လုပ်တာ ပြည့်စုံအောင် စဉ်ဆက်မပြတ် လုပ်ပေးနေတာက ဇနက ကံပါ။ ဇနက ကံစွမ်းအားတွေ ထောက်ပံ့နေလို့ မြင်ခြင်း ကြားခြင်းတို့ ဖြစ်တာပါ။ ဒီသဘော သဘာဝတွေကို သိမှ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်တာပါ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ နယ်နယ်ရရ မဟုတ်ပါ။ ကံက နာမ်ခန္ဓာကိုလည်း ထောက်ပံ့တယ်။ ပသာဒရုပ်များကိုလည်း ထောက်ပံ့တယ်၊ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာသော ရုပ်ပစ္စည်းတို့ ပေါမှု၊ များမှုကိုလည်း ထောက်ပံ့တယ်ဆိုတာ မြင်မှပါ။

ဒီမှာ ဆုတ်ယုတ်အောင်လုပ်တဲ့ ကံလည်းရှိသေးတယ်။ သူ့ကို ဥပပီဠကကံလို့ ခေါ်တယ်။ ကံစွမ်းအားတွေ အလုပ်လုပ်နေတဲ့ သဘောကို မိမိတို့ဉာဏ်က စဉ်းစားတတ် ဆင်ခြင်တတ်မှ ကမ္မသတ္တိ အစွမ်းကို သိတာပါ။ ကမ္မသတ္တိတွေ ဖြစ်အောင်လုပ်ပေးနေ၊ ဖြည့်တင်းပေးနေတာက ကာယကံ၊ ဝစီကံ၊ မနောကံတွေပါ။ ကမ္မသတ္တိကို အသုံးပြုနေတာက ဇနကကံ၊ ဥပထမ္ဘကကံတွေ ဖြစ်ပါတယ်။ ဥပထကမ္ဘက ကံမျိုးဖြစ်အောင် လုပ်ပေးနေတဲ့ကံမျိုးကို ကုသလကမ္မလို့ ခေါ်တယ်။ ဥပပီဠကကံမျိုး ဖြစ်အောင် လုပ်ပေးနေတဲ့ ကံကို အကုသလကမ္မလို့ ခေါ်တယ်။ ဆုတ်ယုတ်အောင် လုပ်ပေးတဲ့ကံကို အကုသလကမ္မ၊ တိုးတက်အောင် လုပ်ပေးတဲ့ကံကို ကုသလကမ္မခေါ်ပါတယ်။ ဒီလိုမြင်လာမှ ကုသလ၏သဘော အကုသလ၏ သဘောကို သိလာတာပါ။ ဒီ ကုသလ အကုသလတို့၏ ဖြစ်မှုသဘောက ကာယကံ၊ ဝစီကံ၊ မနောကံတို့ပေါ်မှာ မူတည်နေတယ်။

ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို လုပ်ပေးနေတာက စေတနာ စေတသိက် ဖြစ်ပါတယ်။ စေတနာကို ထပ်ပြီးပူးပေါင်းလုပ်တဲ့ ကမ္မထဲမှာပါတဲ့ အကုသလတွေက လောဘစွမ်းအား၊ ဒေါသစွမ်းအား၊ မောဟစွမ်းအားဆိုတာကို သိရမယ်။ ဒီစွမ်းအားတွေနဲ့ လုပ်လိုက်တော့ အကုသလတွေဖြစ်ပြီး အကုသလ ဝိပါကတွေ ဖြစ်ပါတယ်။ ဒီမှာ ဘာတွေပါလဲ သိလား၊ မျက်စိရှိပေမယ့် ကောင်းကောင်းမမြင်ရ၊ နားရှိပေမယ့် ကောင်းကောင်း မကြားရပါ။ ဒါတွေဟာ အကုသလကမ္မ၏ ဝိပါကတွေပါ။ ဒါကြောင့် အကုသလဖြစ်ဖို့ ရှောင်ရမယ်။ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို ထိန်းသိမ်းရမယ်။ အလောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ သတိ၊ ဝီရိယ အားတွေနဲ့ အလုပ်လုပ်မှ ကုသလကမ္မတွေ ဖြစ်ပါတယ်။ ဒီလို ပိုင်းပိုင်းခြားခြား ကမ္မ၏အကြောင်းကို စဉ်းစားတတ်လျှင် ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။

သမ္မာဒိဋ္ဌိဆိုတဲ့ အချက်ကို ပြေပြေလည်လည်နဲ့ ကျယ်ကျယ်ဝန်းဝန်း စဉ်းစားတတ်ဖို့ ဘုရားရှင်က ရှင်းပြတာပါ။ ဒါအလွန်ကျဉ်းမြောင်းတဲ့ နည်းလေးနဲ့ ပြတာပါ။ အလွန်ကျယ်ဝန်းသော ကံစွမ်းအားကို ဘုရားရှင်နှင့်တကွ ဒီပညာရပ်ကို လေ့လာတဲ့ပုဂ္ဂိုလ်ကြီးတွေမှ သိတာပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်းဟာ ဒီပညာများကို သင်ရမှ ကံကောင်းမှန်းသိတာပါ။ ဒီပညာများကို မသင်ရလျှင် ကံမကောင်းပါ။ ကမ္မ ဿကတာသမ္မာဒိဋ္ဌိဆိုတဲ့ အဆင့်ကိုရဖို့ အလွန်ခက်ပါတယ်။ ကျွန်တော်တို့တတွေ ဒါတွေကို သိလာပြီဆိုရင် ကောင်းကံတွေကိုလည်း ကာယကံ၊ ဝစီကံ၊ မနောကံတွေက လုပ်တယ်။ မကောင်းကံတွေ ကိုလည်း ကာယကံ၊ ဝစီကံ၊ မနောကံတွေက လုပ်ပါတယ်။ ဒီကံ၏ စွမ်းအားကြောင့်ဖြစ်တဲ့ ကမ္မဝိပါကတွေကိုလည်း အလုံးစုံ ခံစားနေရပါတယ်။ ဒီကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်ပညာကို ရရင် အမြင်မှန်၊ အယူမှန် ရတာ ဖြစ်ပါတယ်။ ဒီလို အမြင်မှန်၊ အယူမှန်ကို ရလို့ရှိရင် အကုသိုလ်ကို ရှောင်ပါ၊ အကုသိုလ်မဖြစ်သေးတာ မဖြစ်စေနဲ့၊ ဖြစ်ပြီးသားကို လျော့ပါးအောင်လုပ်ပါ။ ကုသိုလ်မဖြစ်သေးတာကို ဖြစ်အောင် လုပ်ပါ။ ဖြစ်ပြီးသားကို တိုးပွားအောင်လုပ်ပါ။ ကျွန်တော်တို့တတွေ ဘုရားရှင်အဆုံးအမကို လိုက်နာပြီး ဘဝမှာ အကျိုးရှိဆုံးဖြစ်သော ကောင်းကံများ စုဝေးနိုင်အောင် ကြိုးစားအားထုတ်ကြပါစို့။

(ကမ္မဿကတာသမ္မာဒိဋ္ဌိ အခန်းပြီး၏)

သာဓု__________သာဓု__________သာဓု