ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag

“ဝိပဿနာသမ္မာဒိဋ္ဌိ”

“ဝိပဿနာသမ္မာဒိဋ္ဌိ”

ဝိပဿနာဆိုတာ ထူးသောဉာဏ်မျက်စိနှင့် မြင်အောင် ဆင်ခြင်သုံးသပ် ကြည့်ရှုခြင်းကို ခေါ်တယ်။ ဝိပဿနာခေါ်တဲ့ ထူးသောဉာဏ်မျက်စိနှင့် ကြည့်သောအခါ မှန်သောအမြင်၊ မှန်သော အယူများရရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ သိအောင်၊ နားလည်အောင် သုတမယပညာများကို ဆည်းပူးရပါတယ်။ ဒီမှာ သေသေချာချာ နှလုံးသွင်းရမည့် အချက်တွေ ရှိပါတယ်။

ကြားနေကျ၊ သိနေကျ စကားလုံးနှင့် သဘာဝမှာ တကယ်ရှိသော အကြောင်းအရာကို ဒေသနာမှာ ဖော်ပြထားပုံ၊ ဖော်ပြထားတဲ့ နည်းစနစ်၊ ဒီမှာ များသောအားဖြင့် ဝိပဿနာဆိုတဲ့ စကားလုံးဟာ လောကုတ္တရာခေါ်တဲ့ လောကမှထွက်ကြောင်း၊ သံသရာမှ လွတ်မြောက်ကြောင်း အကြောင်းအရာများကို သိအောင်ကြိုးစားခြင်း၊ အားထုတ်ခြင်းသည်သာလျှင် ဝိပဿနာလို့ ခံယူကြတာ များပါတယ်။ သေသေချာချာ နှလုံးသွင်းရ၊ ဆင်ခြင်ရမယ့်အချက်က ဝိပဿနာဆိုတာ ထူးထူခြားခြား ဉာဏ်နှင့် ထိုးထွင်း၍ သိအောင်မြင်အောင် ကြိုးစားလေ့လာရသော အလုပ်ပါ။ ဝိပဿနာဆိုသော တရားမှာ လောကီဝိပဿနာ၊ လောကုတ္တရာဝိပဿနာဟူ၍ နှစ်ပိုင်းကွဲပြား ထင်ရှားရှိနေပါတယ်။ ဝိပဿနာဆိုရင် လောကုတ္တရာ တရားများကိုသာဖော်ပြသော ဓမ္မသဘာဝလို့ အများက မှတ်ယူနေကြတာပါ။ ဝိပဿနာဆိုတဲ့ စကားလုံး ၏ အဓိပ္ပါယ်ကိုယ်တိုင်က ထူးခြားသောဉာဏ်မြင်အောင် ရှုမြင်တာ၊ သုံးသပ်တာပါ။

လောကီတရားများ၏ အကြောင်းအရာများကိုလည်း ထူးခြားသော ဉာဏ်မျက်စိနှင့် သိအောင် ကြိုးစားမှု အားထုတ်မှုရှိတယ်။ လောကုတ္တရာ တရားများအတွက်လည်းပဲ ထူးခြားသော ဉာဏ်မျက်စိနဲ့ သိအောင် အားထုတ်မှုရှိပါတယ်။ ဒီနှစ်ပိုင်းကို ကွဲပြားခြား နားအောင် သိဖို့ပါ။ ဘုရားရှင်ဟောကြားသော ဒေသနာမှာပါတဲ့ တရားများကို လေ့လာတဲ့အခါ ကျွန်တော်တို့ ကြားဖူး သိဖူးသော စကား အဘိညာဏ မြန်မာလို အဘိညာဏ်ဟာ ထူးခြားသောဉာဏ်နှင့် သိတာကို ခေါ်တာပါ။ ထိုထူးခြားသော ဉာဏ်ကို သာမန်နည်းနဲ့တော့ မရပါ။ ပထမ စိတ်ကို လေ့ကျင့်ရပါတယ်။ ဒီအခါ သမာဓိတွေ ရပါတယ်။ သမာဓိအား အဆင့်ဆင့်တက်လာလို့ ပထမအဆင့် ဥပစာရသမာဓိရပါတယ်။ နောက်တစ်ဆင့်က အပ္ပနာသမာဓိ၊ အလွန်ကိုတည်ငြိမ်ခိုင်မြဲသော စိတ်စွမ်းအားကို ရပါပြီ။ ဒါဟာ ဈာန်လို့ခေါ်တာပါ။ ဈာန်အဆင့်ဆင့်မှာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဖြစ်ပြီး စတုတ္ထဈာန်အဆင့်ရောက်တဲ့ သမာဓိ အားဆိုတာ အလွန်ကြီးမားပါတယ်။ ဒီသမာဓိအားပေါ်မှာ အခြေခံပြီး ထူးသောအသိ၊ ထူးသော အမြင် ရအောင် တည်ဆောက်တာကို အဘိဉာဏ (အဘိညာဏ်)လို့ ခေါ်ပါတယ်။ အဘိညာဏ်ခြောက်ပါးဆိုတာ ထူးသော ဉာဏ်နှင့် သိထားသော သဘာဝတရား ခြောက်မျိုးပါ။

(၁) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဆိုတာ ရှေးကဖြစ်ဖူးသော အတိတ်ကာလက ဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်၍ ဆင်ခြင်စဉ်းစားနိုင်သော အဘိညာဏ်ပါ။

(၂) ဒိဗ္ဗစက္ခုအဘိညာဏ်

(၃) ဒိဗ္ဗသောတအဘိညာဏ်

(၄) ပရစိတ္တဝိဇ္ဇာနာန အဘိညာဏ် (စေတောပရိယ အဘိညာဏ်) ဆိုတာ စိတ်၏အကြောင်းကို ထိုးထွင်း၍သိအောင် (ဝါ) သူတစ်ပါး၏စိတ်ကို ထိုးထွင်း၍ သိတဲ့ပညာ

(၅) ဣဒ္ဓိဝိဓအဘိညာဏ်ဆိုတာ ဖန်ဆင်းမှုအမျိုးမျိုးကို ဆောင်ရွက်နိုင်တဲ့ အဘိညာဏ်ပါ။

(၆) အာသဝက္ခယအဘိညာဏ်

သေသေချာချာ သိရမယ့် အကြောင်းအရာက အာသဝက္ခယလို့ခေါ်တဲ့ ကိလေသာ အာသဝေါတရားများ ကုန်ရာကုန်ကြောင်းကို လေ့လာသောပညာ၊ အထူးသိသောဉာဏ်ကို အာသဝက္ခယဉာဏ် ခေါ်ပါတယ်။ ဒီ အာသဝက္ခယ ဉာဏ်သည်သာလျှင် လောကုတ္တရာပညာ အစစ်ဖြစ်ပါတယ်။ ရှေ့ (၅)ခု ဖြစ်သော ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ စသည့် (၅)ပါးဟာ လောကီအဘိညာဏ်တရားများ ဖြစ်ပါတယ်။ ဒီလောကီ အဘိညာဏ် (၅)ပါးသည် ဝိပဿနာပညာ(၅)မျိုးဖြစ်ပါတယ်။ ထူးသောဉာဏ်နှင့် မြင်လို့သိလို့ ပေါ်ပေါက်လာတဲ့ ပညာရပ်များကို ဝိပဿနာခေါ်ပါတယ်။ လောကီအဘိညာဏ်(၅)ပါး ဆိုတာလည်း လွယ်ကူစွာရနိုင်သည့် ဓမ္မသဘာဝမျိုး မဟုတ်ပါ။

အဘိညာဏ်ဆိုတဲ့ သဘာဝတရား ထူးသောဉာဏ်ပညာနှင့်သာ အာသဝခေါ်သော ကိလေသာ များကို အဟုတ်တကယ် ပယ်နိုင်သတ်နိုင်တဲ့ ထူးသော ပညာဆိုသည့် သဘောကို အခြေခံကျကျ စဉ်းစားထားမှ သဘာဝတရားတွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိနားလည်နိုင်မယ်။ လောကုတ္တရာပညာ ဖြစ်သော အာသဝက္ခယဆိုတဲ့ ဉာဏ်ကိုရအောင်၊ ရောက်အောင် အားထုတ်တဲ့နေရာမှာ နှစ်ပိုင်းဖြစ် လာပါတယ်။ အဘိညာဏ်များကို ရယူပြီးမှ ဝိပဿနာဉာဏ်ဘက်ကို ကူးရင် အဘိညာဏ်နှင့် တကွရသော ပညာနှင့် အာသဝေါတရားကုန်သော ပုဂ္ဂိုလ်မှာ အဘိညာဏ် ၁ပါး၊ ၂ပါး၊ ၃ပါး၊ ၄ပါး၊ ၅ပါး၊ ၆ပါးနှင့် ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ အဘိညာဏ် ၆ ပါးနှင့် ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်များကို ဆဠာဘိညရဟန္တာလို့ ခေါ်ပါတယ်။ ဒီလို အဘိညာဏ် ၆ပါးနှင့်တကွ ရသော ပုဂ္ဂိုလ်တွေရှိသလို လောကီအဘိညာဏ် ၅ပါးကို မရပေမယ့် လောကုတ္တရာ အဘိညာဏ်ဖြစ်သော ကိလေသာတွေ ကုန်ကြောင်းဖြစ်တဲ့ အာသဝက္ခယဉာဏ်ကိုရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒီ ပုဂ္ဂိုလ်တွေက ကိလေသာသက်သက် ကုန်ရာကုန်ကြောင်းကို ကြိုးစားအားထုတ်လို့ ကိလေသာတွေ ကုန်ပြီဆိုရင် ရဟန္တာဖြစ်ပါတယ်။

ရဟန္တာဖြစ်ရာ ဖြစ်ကြောင်းအားထုတ်ရတဲ့ ပညာကို အာသဝက္ခယပညာ ခေါ်ပါတယ်။ ဒီလို ကိလေသာ အာသဝေါတရားများကုန်၍ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ကို သုက္ခဝိပဿက ရဟန္တာခေါ်ပါတယ်။ ဒီသဘော သဘာဝတွေကို သေသေချာချာ နှလုံးသွင်းတတ် ဆင်ခြင်တတ်လျှင် ဝိပဿနာလို့ သုံးနှုန်းတဲ့ စကားလုံးကို ခြုံငုံ၍ ဆင်ခြင်တတ် စဉ်းစားတတ်ပါပြီ။

အာသဝေါတရားများ ကုန်ရာကုန်ကြောင်းအတွက် ထူးသောဉာဏ်ကို ရအောင် အားထုတ်ရတဲ့ ဝိပဿနာကို “မဟာဝိပဿနာ”လို့ခေါ်ပါတယ်။ အာသဝေါတရားများ ကုန်ရာကုန်ကြောင်းအတွက် ထူးသောဉာဏ်နှင့် အားထုတ်ရတဲ့ ပညာမှာ ကျင့်မှုသိက္ခာပါ လာပါတယ်။ အာသဝေါတရားများ ကုန်ရာ ကုန်ကြောင်းအတွက် အားထုတ်ရတဲ့ပညာ၊ အားထုတ်ရတဲ့အကျင့်ကို အဓိပညာသိက္ခာလို့ခေါ်ပါတယ်။ ဒါကို လောကုတ္တရာဝိပဿနာ (ဝါ) မဟာဝိပဿနာပညာ (ဝါ) အဓိပညာဝိပဿနာလို့ ခေါ်ပါတယ်။ ဒီသဘာဝတရားတွေကို မိမိတို့ကိုယ်တိုင် နှလုံးသွင်းကြ၊ ဆင်ခြင်ကြရပါတယ်။ အဓိပညာ ဝိပဿနာ ဆိုတာ နှလုံးသွင်းပုံ၊ နှလုံးသွင်းနည်းတွေက ထပ်တလဲလဲ ကြားနာထားရတဲ့ နည်းတွေပါပဲ။ အနိစ္စာနုပဿနာ ဝိပဿနာ ဆင်ခြင်ရှုပါတယ်။

“အနိစ္စာနုပဿနာ ဆင်ခြင်သုံးသပ်ခြင်း”

အနိစ္စာနုပဿနာဆိုတာ မမြဲသောသဘောကို ဆင်ခြင်သုံးသပ်နေတဲ့ သဘာဝပါ။ အနိစ္စာနုပဿနာပညာဟာ လောကုတ္တရာပညာ၊ လောကုတ္တရာဝိပဿနာလမ်းကြောင်းပေါ်မှာ လျှောက်ရသော နည်းပညာဖြစ်ပါတယ်။ အနိစ္စဆိုသော မမြဲခြင်းသဘောကို ရှုတော့မယ်ဆိုရင် အရှုခံဖြစ်သော ကမ္မဋ္ဌာန်း တရားတွေ၊ ရုပ်နာမ်နှစ်ပါးတို့ အလုပ်လုပ်နေသော ရုပ်နာမ်တို့၏ သင်္ခါရ (သင်္ခါရဆိုတာ အလုပ်)၊ ရုပ်တွေ လုပ်နေသော အလုပ်( သို့မဟုတ် ) နာမ်ဓာတ်တွေလုပ်နေတဲ့ အလုပ်၊ ဒီအလုပ်တွေကို ဆင်ခြင်တဲ့အခါ ရုပ်က သူ့သဘာဝနှင့် သူ့လုပ်ငန်း သူလုပ်နေတာ၊ ဒီမှာ ရုပ်၏သဘောက ကျရာနေရာက သူ့ရဲ့လုပ်ငန်းကို သူလုပ်နေတာ၊ ကျရာနေရာဆိုတာ ရူပက္ခန္ဓာထဲမှာပါနေတဲ့ အဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းဆိုတာ ကလာပဆိုတဲ့ ကလာပ်စည်းလေးတွေပါ။

ဒီကလာပအဖွဲ့အစည်းတွေကို တစ်မျိုးစီ နာမည်ပေးလိုက်တော့ သူ့လုပ်ငန်းနဲ့သူ ကျရာအလုပ် လုပ်ရပါတယ်။ အရိုးအဖွဲ့အစည်း၊ အသားအဖွဲ့အစည်း၊ သွေးအဖွဲ့အစည်းတွေဟာ သူကျရောက်ရာ နေရာမှာ သူ့လုပ်ငန်းကိုသူ ကျေပွန်အောင် ဆောင်ရွက်နေရတယ်။ ရူပက္ခန္ဓာမှာ အရိုးအဖွဲ့အစည်းလေး တွေဟာ သူကျရာနေရာမှာသူ့လုပ်ငန်းကို ဆောင်ရွက်သည့် သဘောပင်လျှင် အရိုးကလာပ်စည်း၏ အလုပ်ဖြစ်ပါတယ်။

“အရိုးအဖွဲ့အစည်း၏ အလုပ်-သင်္ခါရမှာ အနိစ္စလက္ခဏာကို ရှုမှတ်ခြင်း”

ရူပက္ခန္ဓာမှာ အမာဆုံးဖြစ်သည့် အရိုးကလာပ်စည်းသည် ရူပက္ခန္ဓာထဲမှာ အရိုးကလာပ်စည်း ဖြစ်လာပြီးရင် အရိုး၏တာဝန်ကို ဆောင်ရွက်ရပါတယ်။ ဆောင်ရွက်ရာမှာ သဘာဝတရားတို့၏ နိယာမ (ဓမ္မနိယာမ) အတိုင်းဖြစ်ပေါ်လာတယ်၊ အိုမင်းတယ်၊ ပျက်စီးတယ်ဆိုတဲ့ သဘာဝတရားကို မလွန်ဆန် နိုင်ဘဲ အလွန်သေးငယ်သော ကလာပ်စည်းလေး တစ်ခုချင်းက အိုခြင်း၊ နာခြင်း၊ ပျက်စီးခြင်းနှင့် သွားနေ တာပါ။ အလုပ်လုပ်ရင်း သွားနေတာပါ။ အရိုးကလာပ်စည်းလေးက အရိုး၏တာဝန်ကို ထမ်းဆောင်ရသောအလုပ်ကို လုပ်ရင်း သွားနေတာဖြစ်ပါတယ်။ သူ့အလုပ် သူလုပ်တဲ့အခါ ဖြစ်လာတယ်၊ တည်တယ်၊ ပျက်တယ်ဆိုတဲ့ သဘာဝပါတာကို နှလုံးသွင်းပါ။ အရိုးကလာပ်စည်းဟာ ဖြစ်၊ တည်၊ ပျက် သဘာဝအလုပ်ကို လုပ်နေတဲ့သဘောကို ဉာဏ်က ဆင်ခြင်မှ ပေါ်လာတာပါ။ အရိုးက သူ့ဟာသူ ဖြစ်ပေါ်လာတဲ့ သဘောရှိတယ်၊ အိုတဲ့ သဘောရှိတယ်၊ နာတဲ့သဘောရှိတယ်၊ ပျက်တဲ့သဘောရှိတယ်။ သူ့ဟာသူ သွားနေတာပါ။

“သွေးကလာပ်စည်းအဖွဲ့အလုပ်- သင်္ခါရမှာ အနိစ္စလက္ခဏာကို ရှုမှတ်ခြင်း”

သွေးထဲမှာရှိနေတဲ့ သွေးနီဥခေါ်တဲ့ ကလာပ်စည်းလေးတွေကလည်း ဖြစ်လာတယ်၊ အိုတယ်၊ နာတယ်၊ နောက်ဆုံး ပျက်စီးတယ်။ ဒါဟာ သဘာဝတရားက သူ့ဟာသူသွားနေတာပါ။ ဒါကို ဉာဏ်ပညာရှိသောသူက ရှုဆင်ခြင်မှ ရုပ်တရားတို့သည် အလုပ်တွေလုပ်နေရတာ မမြဲတဲ့သဘောနဲ့ လုပ်ရပါလားလို့ သိသွားပါတယ်။ ကောက်ချက်ချရပါတယ်။ မမြဲသောသဘောနဲ့ ရှင်ရေးသင်္ခါရအလုပ်ကို လုပ်နေရတာလို့ သိရပါတယ်။ ဒါ စိန္တာမယပညာက သိတာ၊ ဒီဉာဏ်ဟာ ဝိပဿနာဉာဏ်၊ ဒီ ဝိပဿနာဉာဏ်က အနိစ္စလက္ခဏာကို ရုပ်သင်္ခါရထဲက ထုတ်ဖော်ပေးတာပါ။ ရုပ်သင်္ခါရဆိုတာ ရုပ်အဖွဲ့ အစည်းများလုပ်နေရတဲ့ အဖွဲ့ အစည်းဟာ မမြဲဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဉာဏ်က ထုတ်ပြတာပါ။ ရုပ်က ဘာမျှမပြောပါ။ ရုပ်က သူ့အလုပ်သူလုပ်နေတာ၊ ဖြစ်လာတယ်၊ အိုတယ်၊ နာတယ်၊ ပြီးတော့ သူပျက်ရတယ်လို့ တွေ့ရတယ်။ ဒါ သူ့ဟာသူ လုပ်သွားနေတာပါ။ သို့သော် နာမ်တရားက ကမ္မဋ္ဌာန်းအာရုံအဖြစ် ရုပ်တို့၏ လုပ်ငန်းကို ရှုတာပါ။ ဒီလိုရှုနေတော့မှ ရုပ်တွေဟာ အလုပ်လုပ်နေရတာပါလား၊ လုပ်နေတဲ့အလုပ်သဘောထဲမှာ အိုပြီးရင် နာတယ်၊ နာပြီးရင် သေတယ်ဆိုတဲ့ သဘောဟာ မမြဲသောသဘောပါလားလို့ ဝိပဿနာဉာဏ်ကမှ ထုတ်ဖော်ပြောတာပါ။ ဒီအကြောင်းအရာတွေဟာ လုပ်ငန်းသဘောအားဖြင့် ဝိပဿနာ ဝိပဿနာဟု ပြောနေသော ဝိပဿနာဉာဏ်၏ အဓိပ္ပါယ်ကို သေသေချာချာ ပေါက်ရောက်အောင် ဆင်ခြင်တတ်ဖို့ ဒီပညာတွေကို သင်ပါတယ်။

“အခြေခံရုပ်တို့၏ ဓမ္မနိယာမအပေါ် တဆင့်တက်၍

အနိစ္စ လက္ခဏာကို ထုတ်ယူခြင်း”

ဝိပဿနာပညာက မမြဲဘူးလို့ပြောတော့ အခြေခံကိုက အမှန်ဖြစ်သော ရုပ်တို့၏ ဓမ္မနိယာမ အပေါ်က တဆင့်တက်၍ အနိစ္စလက္ခဏာကို ထုတ်နှုတ်ဖော်ပြခြင်းပါ။ ဓမ္မနိယာမက ဖြစ်လာတယ်၊ အိုတယ်၊ နာတယ်၊ ပျက်တယ်။ ကလာပဆိုတဲ့ကလာပ်စည်းတိုင်း ဒီလမ်းကို သွားရတာပါ။ ကလာပဆိုတာ ခန္ဓာကိုယ်မှာ အသေးငယ်ဆုံး အဖွဲ့အစည်းလေးတွေပါ။ အလျားတစ်မီလီမီတာ၊ အနံတစ်မီလီ မီတာ၊ ထုတစ်မီလီမီတာဆိုတဲ့ ထုထည်တစ်မီလီမီတာထဲမှာ ပျမ်းမျှခြင်း ကလာပပေါင်း ၅ သန်းဆန့်ပါ တယ်။ ဒါကို ကြည့်ရင် ကလာပအရွယ် ဘယ်လောက်သေးတယ်ဆိုတာ ဉာဏ်က ဆင်ခြင်နိုင်မယ်။ ဒီလောက်သေးတဲ့ ကလာပတွေကို ဇီဝိတကလာပလို့ခေါ်ပါတယ်။ ဒီကလာပတွေကို cell လို့ ခေါ်ပြီး ဇီဝိတကလာပဆိုတာ living cell ခေါ်တယ်။ ဒီရှင်နေတဲ့ ကလာပလေးမှာမှ ဖြစ်ပေါ်လာခြင်း ဇာတိ၊ ဇရာရှိတယ်၊ မရဏ‌ခေါ်တဲ့ အနိစ္စရှိတယ်ဆိုတာ သေသေချာချာ ဉာဏ်က ရောက်အောင် ဆင်ခြင်တတ်ရမယ်။ ဒီသဘာဝတရားတွေဟာ အခြေခံဓမ္မနိယာမတွေပါ။ ဓမ္မနိယာမဆိုတဲ့ သဘာဝတရားတို့၏ ဖြစ်စဉ်တွေကို မြင်တော့မှ စိန္တာမယပညာနှင့် တွေးတဲ့အခါ မမြဲသော သဘောနှင့် ရှင်ရေးခေါ်တဲ့ ဇီဝိတိန္ဒြိယအလုပ်ကို လုပ်ရပါတယ်။ living to be alive, working to be alive. ဒီသဘောတွေကိုမြင်မှ ဝိပဿနာဉာဏ်ဆိုသည်မှာ ဆင်ခြင်စဉ်းစားတဲ့ ဉာဏ်ပညာဆိုတာကို သိတာပါ။ ဆင်ခြင်စဉ်းစားတဲ့ ဉာဏ်ပညာကိုသုံးမှ ကလာပ်စည်းတွေရဲ့ ဖြစ်စဉ် ဓမ္မနိယာမပေါ်က ထွက်ပေါ်လာတဲ့ အဓိပ္ပါယ်အသစ် မမြဲခြင်းဆိုတဲ့ အနိစ္စလက္ခဏာကို ဉာဏ်နဲ့ဆင်ခြင်တတ်တာပါ။

အနိစ္စလက္ခဏာဟာ living cell ခေါ်တဲ့ ကလာပ်စည်းတို့၏ လုပ်ငန်းသဘာဝထဲမှာ ရှိတယ်။ ကလာပ်စည်းတို့၏ လုပ်ငန်းသဘာဝဟာ သူ့ဟာသူ လုပ်နေတာပါ။ သူ့ဟာသူ လုပ်နေတာကို နာမ်ဖြစ်သော စိတ်ကရှုတော့ ရှုတဲ့အထဲမှ မမြဲသော သဘောရှိတယ်လို့ စိတ်က ထုတ်ပေးတာပါ။ ဒီဉာဏ်ကို ဝိပဿနာဉာဏ်လို့ခေါ်တယ်။ ဒီဉာဏ် အလွန်အရေးကြီးပါတယ်။ ဒီသဘောနဲ့ သေသေချာချာ ဆုပ်ဆုပ်ကိုင်ကိုင် သဘာဝတရားကို အသုံးပြုရမယ်။ ဘာကို အသုံးပြုရမလဲ၊ မမြဲသောသဘောဆိုတာကို သေသေချာချာ နားလည်အောင်လုပ်၊ မမြဲသောသဘောဆိုတာ အဟုတ်တကယ်ရှိတယ်။ ဘယ်မှာ ရှိတာတုံး၊ ကလာပ်စည်းတို့၏ လုပ်ငန်းသဘောမှာရှိတယ်။

ခန္ဓာကိုယ်ကြီး တစ်ခုလုံးဖြစ်အောင် ကလာပ်စည်းတွေ အရေအတွက်အားဖြင့် ကုဋေတစ်သိန်း ကျော် (trillion of cell)ရှိတယ်။ သူတို့ဟာ မမြဲသောသဘောနဲ့ အလုပ်တွေ လုပ်နေရတယ်။ မမြဲဆိုတဲ့စကားကို သေသေချာချာနားလည်အောင် စဉ်းစားရမယ်။ မိမိ၏ ပညာဉာဏ်မှာ အမြဲပေါ်နေရ မယ်။ ကုဋေတစ်သိန်းကျော်သော ကလာပ်စည်းတွေထဲမှာ အရိုးကလာပ်စည်းဟာ အချိန်ကာလ အကြာမြင့်ဆုံး ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်ပါတယ်။ ဒီသဘောလေးကို သေသေချာချာ ကြည့်တတ်၊ မြင်တတ်၊ သုံးသပ်တတ်ရမယ်။ အခြား ကလာပ်စည်းတွေက အရိုးကလာပ်စည်းတွေလောက် ကြာကြာ မခံပါ၊ ရက်ပိုင်းအတွင်း ပျက်စီးသွားပါတယ်။ အရိုးကလာပ်စည်းကျတော့ နှစ်နဲ့ချီပြီး အလုပ်လုပ်နိုင်တယ်။ ဒီသဘောကို သေသေချာချာစဉ်းစားပါ။ သုတေသီ ပညာရှင်တွေ တွက်ပြတာမှာ သက်တမ်းအတိုဆုံး ကလာပ်စည်းဟာ ဩဇဓာတ်ကို ဖန်တီးပေးသော အူသိမ်ကလာပ်စည်းဖြစ်ပြီး သူက ဖြစ်လာပြီးရင် ၃၆ နာရီကြာရင် ပျက်သွားပါတယ်။

အစာစားတဲ့အခါ အရသာပေါ်အောင် ထုတ်လုပ်ပေးနေတဲ့ လျှာမှာတည်ရှိနေသော အကြည်ရုပ် ( taste bud) ဟာ သူတို့ရှင်သန်ကောင်းမွန်နေတုန်း အရသာဓာတ်ကို ဖော်ပြတာပါ။ ဒီဇိဝှါပသာဒကို တည်ဆောက်ထားတဲ့ ကလာပလေးတွေရဲ့ သက်တမ်းဟာ (၁၀)ရက်ပဲ ရှိပါတယ်။ အခုစားလို့ အခု အရသာပေါ်နေတဲ့ ကိစ္စကို ဆောင်ရွက်ပေးတဲ့ လျှာအကြည်ရုပ်ဟာ လွန်ခဲ့သော (၁၀)ရက်က ကလာပ မဟုတ်တော့ပါ။ လွန်ခဲ့သော (၁၀)ရက်က အရသာထုတ်ပေးသော ကလာပ်စည်းဟာ ပျက်သွားပြီ။ ဒီသဘောက အနိစ္စတာတဲ့၊ မမြဲသည့် သဘာဝ အနိစ္စလက္ခဏာပါ။ အနိစ္စတာဆိုတဲ့ စကားဟာ အခုလို ခြုံငုံသုံးသပ်ကြည့်လိုက်တော့ (သိပ္ပံဆရာတွေလည်း ပြောပါတယ်) ရုပ်တရားတွေမှာ အသေးဆုံး ဖြစ်တဲ့ဟာကို အနုမြူ (atom) ခေါ်ပါတယ်။ အနုမြူတွေနဲ့ ပေါင်းစပ်မှ Compound ဆိုတဲ့ မော်လီကျုး (molecule) လေးဖြစ်၊ မော်လီကျုးလေးတွေနဲ့ ပေါင်းစပ်မှ ကလာပ်စည်း(cell)တွေဖြစ်၊ ကလာပ်စည်းတွေနှင့်ပေါင်းမှ Organ တွေဖြစ်တာပါ။ ဒီမှာ သိပ္ပံဆရာတွေက တွက်ပြတာ၊ အနုမြူတွေဟာ ခန္ဓာကိုယ်ထဲကို ဝင်လာကြတယ်။ အလုပ်အလွေးဖြစ်သော ထမင်းအစရှိတဲ့ အစာအာဟာရတွေကိုလည်း အနုမြူ တွေနဲ့ လုပ်ထားတယ်။ သောက်ရေ၊ ကော်ဖီ၊ လက်ဖက်ရည်တွေလည်း အနုမြူအဖြစ်နဲ့၊ အသက်ရှူတဲ့ လေတွေကလည်း အနုမြူတွေ၊ အောက်စီဂျင်မော်လီကျူးတွေနဲ့ နိုက်ထရိုဂျင်မော်လီကျူးတွေ ဝင်လာတယ်။ သူတို့ ဝင်လာပြီးအတွင်းမှာ သူ့တာဝန်နဲ့သူ၊ ထမင်းက ထမင်းတာဝန်နှင့် အာဟာရ ဓာတ်တွေပေး၊ ဩဇဓာတ်တွေထုတ်ပေး၊ အညစ်အကြေးအဖြစ်နဲ့ ပြန်ထွက်တယ်။ သောက်လိုက်တဲ့ ရေတွေလည်း သူဟာနဲ့သူ သက်ဆိုင်ရာကိစ္စဆောင်ရွက်ပြီး သူ့ဟာနဲ့သူ ပြန်ထွက်တယ်။ ရှူလိုက်တဲ့ လေတွေဟာလည်း ရှူပြီး ချက်ချင်းပြန်ထွက်တယ်။ ဒီတော့ ဒီအထဲမှာ ဘယ်ဟာမှ မြဲတယ်မရှိပါ။ အကုန်လုံးဝင်လာပြီးရင် ထွက်ကြတယ်။

ခန္ဓာကိုယ်ထဲမှာ အကြာဆုံးနေနိုင်တဲ့ အရိုးအနုမြူက ၇ နှစ်သာ သက်တမ်းရှိတယ်။ ၇ နှစ်ကြာတဲ့ အခါ အထဲမှာ ဟိုတုန်းက အနုမြူတစ်ခုမှ မရှိတော့ပါ။ ဒီနေ့ရှိနေသော အနုမြူတွေ မော်လီကျူးတွေ၊ ကွန်ပေါင်း (Compound)တွေ၊ ကလာပ်စည်းတွေက လွန်ခဲ့သော ၇ နှစ်ကဟာတွေ မဟုတ်တော့ပါ။ အခုအသစ်ဖြစ်သော ပစ္စည်းတွေပါ။ ဒါဟာ အနိစ္စ၏လက္ခဏာကို သိပ္ပံဆရာများက ခြုံငုံပြီးတော့ တင်ပြထားတာပါ။

“မြဲတယ်ဆိုတဲ့အစွဲကို သဘာဝက ဖော်ပြသော

မမြဲမှုနှင့် ထပ်တလဲလဲ တိုက်ဖျက်ခြင်း”

မမြဲဘူးဆိုတာကို အကြောင်းအကျိုးဆက်စပ်ပြလို့ လက်ခံထားပြီးသော်လည်း မြဲတယ်၊ ခိုင်တယ်လို့ စိတ်က စွဲယူထားတာပါ။ စိတ်က စွဲနေလို့ မြဲတယ်၊ ခိုင်တယ်လို့ မှတ်နေတာပါ။ ရုပ်တရားက တကယ်မမြဲဘူးဆိုတာ အမှန်ပါ။ ဒီမမြဲဘူးဆိုတဲ့ သဘောကိုသိမှ စိတ်ကစွဲနေတဲ့ မြဲတယ်ဆိုသောအစွဲကို လျှော့နိုင်မှာပါ။ စိတ်ကစွဲနေတဲ့ မြဲတယ်ဆိုတဲ့အစွဲကို သဘာဝကျကျ စိစစ်ကြည့်သော ပညာက မမြဲပါဘူး လို့ ပြောတာကို သဘာဝကျလို့ လက်ခံတော့ အစွဲက ဒီသဘာဝကျတဲ့ အနိစ္စကို လက်ခံရုံ လက်ခံတာ၊ မြဲတယ်ဆိုတဲ့အစွဲက ဖယ်မပေးပါ။ မြဲတယ်လို့ စွဲမြဲပြီး စွဲနေတာပါပဲ။ သူ့ကိုဖယ်ချင်ရင် မမြဲဘူးဆိုတဲ့ သဘာဝက ဖော်ပြနေတဲ့ အဓိပ္ပါယ်ကို ထပ်ခါထပ်ခါ ရှုမှတ်ပါ၊ ပွားများပါ။ ရှုမှတ်ပွားများတယ်ဆိုတဲ့ သဘောက မမြဲဘူးဆိုတဲ့ အဓိပ္ပါယ်ကို အမြဲတမ်း သုံးသပ်ဆင်ခြင်နေရမှာ ဖြစ်ပါတယ်။

ဒီသုံးသပ်ဆင်ခြင်ခြင်းသည် ဘာကိုတိုက်ဖျက်နေတာတုံး၊ မြဲတယ်လို့ စိတ်မှာစွဲစွဲမြဲမြဲ စွဲနေတဲ့ ဥပါဒါန်ကို တိုက်ဖျက်တာပါ။ လွယ်လွယ်နဲ့တော့ မပျက်ပါ။ ကြိမ်ဖန်များစွာ တိုက်ဖျက်မှ မြဲတယ်ဆိုတဲ့ အစွဲက ကုန်မှာပါ။ ထပ်တလဲလဲ တိုက်ဖျက်ရမည်ဆိုတဲ့ အလုပ်ကို သဘောပေါက်ရမယ်။ အနိစ္စလက္ခဏာကို ထပ်တလဲလဲရှုမှတ်ပွားများခြင်း မလုပ်ရင် အခုသိထားတဲ့ သုတမယပညာနှင့်သိသော မမြဲခြင်းအနိစ္စ၊ စိန္တာမယဉာဏ်နှင့် သိသောမမြဲခြင်း အနိစ္စက ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားသော ဥပါဒါန်ရဲ့ နိစ္စကို မဖယ်ပါ။ ဥပါဒါန်ခေါ်တဲ့ စွဲနေတဲ့အစွဲကို အဟုတ်ပျောက်အောင်ကျတော့ သုတမယ၊ စိန္တာမယနှင့်သာ မဖြစ်ပါ။ ဘာဝနာပါမှ တိုက်ဖျက်လို့ရတာပါ။ ဘာဝနာဆိုတာ ထပ်တလဲလဲ မမြဲတာ အမှန်ကို နှလုံးသွင်းရမယ်၊ ဆင်ခြင်ရမယ်။ ဒီလိုဆင်ခြင်မှ ကပ်နေတဲ့အစွဲက လျော့လာမှာပါ။ ဒါဟာ ဘုရားပေးတဲ့ နည်းပညာပါ။

တကယ့်ဉာဏ်ကပေးထားတဲ့ သုတမယဉာဏ်၊ စိန္တာမယဉာဏ်ကပေးထားတဲ့ ဝိပဿနာအမြင်၊ ဒါကို ဝိပဿနာသမ္မာဒိဋ္ဌိလို့ပြောနေတာပါ။ ဒီဝိပဿနာသမ္မာဒိဋ္ဌိကို ထပ်တလဲလဲ ဆင်ခြင်၊ မမြဲတာ အမှန်ဆိုတာကို သိရုံလေးနဲ့ မရပါဘူး။ ထပ်တလဲလဲ မမြဲတဲ့သဘောကို မမြဲမှန်းသိအောင် ပွားများပါ။ ပွားများပါဆိုတာ မမြဲတဲ့သဘောကို ရှုမှတ်နေပါ၊ ရှုမှတ်နေပါ၊ ဆင်ခြင်နေပါ၊ ဆင်ခြင်နေပါ။ အဟုတ် မမြဲမှန်းသိလာပြီးတော့မှ စိတ်ကကို မမြဲတဲ့ သဘောမှန်းသိပြီး တွဲ၍နေတတ်လာရမယ်။

“ဒိဋ္ဌိဥပါဒါန်ကို ဖယ်ရန်”

ဒီလိုနေတတ်လာမှ မြဲတယ်လို့စွဲနေတဲ့ ဥပါဒါန်က မဝင်နိုင်ပါ။ မဝင်နိုင်ဘူးဆိုတာ ဘာပြောတာတုံး၊ ကိလေသာမဝင်ဘူးလို့ ပြောတာ၊ ကိလေသာက ဥပါဒါန်နဲ့တွဲလာတာပါ၊ ကိလေသာမဝင်ရင် စိတ်စင်ကြယ်တယ်၊ ဒီ စင်ကြယ်တဲ့သဘော၊ ဘုရားရှင်ပေးသော ဘာဝနာအလုပ်ကို သတိနဲ့၊ ဝီရိယနဲ့ ပညာနဲ့ပွားနေတာ၊ ဒီလိုပွားနေလို့ အဟုတ်တကယ် ခိုင်ခိုင်မြဲမြဲ ကိလေသာများ လုံးဝမဝင်နိုင်အောင် အားထုတ်ရင် မနက်အားထုတ်ရင် ညနေ တရားထူးရတယ်လို့ ပြောတာပါ။ ကိလေသာဝင်နေသေးရင် တရားထူးမရပါ။ ကိလေသာ လုံးဝမဝင်ရင် တရားထူးရတယ်။ ဒါကို အထူးသိရမယ်။ ကိလေသာဆိုတာ ခုပြောနေတဲ့ သဘာဝ၊ မြဲတယ်ဆိုတာလေးက မြဲတယ်လို့ ယုံနေတာလေးက ဒိဋ္ဌိဥပါဒါန်၊ ဒီ ဒိဋ္ဌိဥပါဒါန်ကို ဖယ်ဖို့ ဝိပဿနာအလုပ်ကို အဟုတ်လုပ်ရပါတယ်။ ဒီလိုလုပ်တဲ့ ဝိပဿနာကိုပဲ မဟာဝိပဿနာလို့ ခေါ်တယ်၊ အဓိပညာဝိပဿနာလို့လည်း ခေါ်ပါတယ်။

တစ်သံသရာလုံး နာမ်ခန္ဓာမှာကပ်၍ လိုက်လာတဲ့ ကိလေသာထဲက ဒိဋ္ဌုပါဒါန်ခေါ်သော ကိလေသာကို ဖယ်တယ်။ ဘာနည်းနဲ့ဖယ်လဲ၊ အနိစ္စလက္ခဏာကို ပိုင်းပိုင်းခြားခြား မိမိရဲ့ နာမ်ခန္ဓာထဲမှာ အနိစ္စသဘော စိမ့်ဝင်ပြီး စိတ်ထဲမှာကို အနိစ္စက အဟုတ်တကယ် ရှိနေမှပါ။ အနိစ္စ အဟုတ်တကယ် ရှိနေရင် မြင်မြင်သမျှဟာ အနိစ္စပဲ။ မိမိ၏ ရူပက္ခန္ဓာလည်း အနိစ္စ၊ မြင်သမျှ လူတွေရဲ့ ခန္ဓာကိုယ်လည်း အနိစ္စ၊ တိရစ္ဆာန်ကိုယ်မှာလည်း အနိစ္စ၊ ဒီ အနိစ္စလက္ခဏာကို မိမိ၏ အတွင်းသဏ္ဌာန်တွေမှာလည်းပဲ အနိစ္စမြင်အောင် ရှု။ ပြီးတော့ သူတစ်ပါး၏ ခန္ဓာသဏ္ဌာန်တွေမှာလည်းပဲ လူမှမဟုတ် တိရစ္ဆာန်မှာလည်း အနိစ္စ၊ လူနှင့်တိရစ္ဆာန်တွင် မက၊ သစ်ပင်တွေမှာလည်း အနိစ္စ၊ ဒီသဘာဝတွေကို ထပ်ခါထပ်ခါ ရှုမှတ်ပွားများခြင်း အားဖြင့် သံသရာမှာ ကပ်၍လိုက်ပါလာသော ကိလေသာတွေက ပထမဆုံးဖြစ်သော ဒိဋ္ဌုပါဒါန်ခေါ်တဲ့ မြဲတယ်၊ ခိုင်တယ်လို့ စွဲမြဲယုံကြည်နေသော ဥပါဒါန်အစွဲ ကိလေသာကို ဝိပဿနာ ဘာဝနာနှင့် ဖယ်နေရပါတယ်။

ဝိပဿနာဘာဝနာက သတိကိုသုံးတယ်၊ ဝီရိယကိုသုံးတယ်၊ ပညာကိုသုံးတယ်။ ဘာလက္ခဏာကို ရှုနေတာတုံး၊ အနိစ္စလက္ခဏာကို ရှုနေတာ။ ဘယ်ထဲမှာရှုနေတာတုံး၊ ရူပက္ခန္ဓာ၏ သင်္ခါရထဲမှာ အနိစ္စလက္ခဏာ အဟုတ်တကယ်ရှိပါတယ်ဆိုတာကို ရှုမှတ်တာ၊ ပွားများတာဖြစ်ပါတယ်။ ဒီသဘော သဘာဝတွေဟာ သမ္မာသမ္ဗုဒ္ဓပွင့်ပေါ်လာမှ ဒီလိုသွား၊ ဒီလိုကြည့်၊ ဒီလိုမြင်လိမ့်မယ်၊ မြင်တဲ့သဘောတရားဟာ အမှန်တကယ်ဖြစ်သော ဓမ္မသဘာဝကိုမြင်တာပါ။ ဓမ္မ သဘာဝထဲမှာ အနိစ္စလက္ခဏာ ပါနေတယ်။ အနိစ္စလက္ခဏာဟာ သိရုံ၊ ကြံရုံနဲ့ မပြီးဘူး၊ အနိစ္စ၏ သဘောတွေ နာမ်ခန္ဓာမှာ စိမ့်ဝင်စွဲမြဲနေ ရမယ်။ ဒီကျမှ ရူပက္ခန္ဓာကြီး၊ မြဲတယ် ခိုင်တယ်ထင်နေလို့ တွယ်ဖက်နေတဲ့ မြဲတယ် ခိုင်တယ်လို့ စွဲမြဲယုံကြည်နေတဲ့ အစွဲက ရူပက္ခန္ဓာကြီးမမြဲတာကို အဟုတ်မြင်နေရင် တဖြည်းဖြည်း တွယ်ချင်၊ ဖက်ချင်တဲ့ အာသာပြယ်သွားမယ်။ အာသာပျောက်သွားမယ်။

ရူပက္ခန္ဓာပေါ်မှာ ငါကိုယ် ငါ့ခန္ဓာလို့ တွယ်နေတဲ့ အစွဲအာသာက ပုထုဇဉ်တိုင်းမှာ အလွန်ခိုင်မာစွာ ရှိနေပါတယ်။ ရှိရုံတင်မက ခိုင်ခိုင်မာမာ အမြစ်တွယ်နေတာပါ။ ဒီလို အမြစ်တွယ်နေမှန်းကို သိရမယ်။ သိမှ သူ့ကိုဖယ်တဲ့အလုပ်ဟာ သာမန်နဲ့တော့ သူ မထွက်ဘူး၊ အမြစ်မပြုတ်ဘူးဆိုတာ သိရမယ်။ သူ့ကိုဖယ်ရင် သတိအား၊ ဝီရိယအား၊ ပညာအားပါမှ၊ ဘာပညာလဲ၊ ဝိပဿနာပညာပါ။ ဝိပဿနာပညာက ဘာပြောတုံး၊ အနိစ္စလက္ခဏာကို ပညာဉာဏ်က ပြောနေတယ်။ ဒါတွေဟာ အလွန်တန်ဖိုးကြီးလို့ သူတို့ကို မဟာဝိပဿနာလို့ ခေါ်တယ်။ အဘိညာဏ်ရဖို့၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတလောက်ရတဲ့ ဝိပဿနာမျိုးကို မဟာ ဝိပဿနာလို့ မခေါ်ပါ။ အဘိညာဏ်ငါးပါးဆိုတာ သမ္မာသမ္ဗုဒ္ဓများ မပွင့်သော်လည်း ဝီရိယရှိသူ၊ အားထုတ်သူ ပညာရှိသူများ အဘိညာဏ်တွေရကြတယ်။ ရနိုင်တယ်။ သို့သော် အာသဝများ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ အာသဝက္ခယဉာဏ်ဆိုတာ သမ္မာသမ္ဗုဒ္ဓကပေးတဲ့ နည်းပညာကိုရပြီး စနစ်တကျသုံး၍ လေ့ကျင့်မှ ငါ့ကိုယ်၊ ငါ့ခန္ဓာလို့ယုံတဲ့၊ ငါ့ကိုယ် ငါ့ခန္ဓာဟာ မြဲတယ်ခိုင်တယ်လို့ ယုံနေတဲ့သဘော အတ္တဒိဋ္ဌိဥပါဒါန်ကို ဖယ်ရမှာပါ။

ဒီအလုပ်ဟာ အလွန်ခဲယဉ်းတယ်၊ သိမ်မွေ့တယ်။ ဒီအနိစ္စလက္ခဏာကို သိဖို့ဆိုတာ မဟာဝိပဿနာပညာ၊ ဒါကို သမ္မာသမ္ဗုဒ္ဓကမှ ပေးနိုင်တာပါ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရား မပွင့်မှီ ဘုရားအလောင်းဘဝနှင့် ပါရမီတွေဖြည့်တဲ့အခါ ဘုရားအလောင်းကိုယ်တိုင် လောကီ အဘိဉာဏ်ငါးမျိုးကို ရတယ်။ သို့သော် ဗြဟ္မာပြည်ကိုရောက်ရုံဆိုသော နည်းပညာဟာ လောကီပညာပါ။ လောကီ အဘိညာဏ်က လောကီဝိပဿနာ (၅)ပါးက ထုတ်ပေးတာပါ။ ဒါကြောင့် ဘုရားရှင်က ဒီ လောကီအဘိညာဏ် (၅)ပါးလောက်ကို တန်ဖိုးထားပြီး မွေ့လျော်မနေနဲ့တဲ့။ သမ္မာသမ္ဗုဒ္ဓဖြစ်လာပြီး ပေးတဲ့ နည်းပညာဟာ အခက်ခဲဆုံး၊ အသိမ်မွေ့ဆုံးဖြစ်သော နည်းပညာ၊ ဒီနည်းပညာကို မြင်အောင်ရှုနိုင်တဲ့ ဉာဏ်ကို ဝိပဿနာဉာဏ်ခေါ်တယ်။ ဒီ ဝိပဿနာဉာဏ်ဟာ လောကီအဘိဉာဏ်များကို ရအောင်လုပ်နိုင်တဲ့ ဝိပဿနာဉာဏ်ထက် ထူးသော ဝိပဿနာဉာဏ်ဖြစ်လို့ မဟာဝိပဿနာခေါ်တယ်။ သူ့ကိုပဲ ထက်မြက်တဲ့ပညာနှင့် ရှုမှတ်ရလို့ “အဓိပညာဝိပဿနာ”လို့လည်း ခေါ်ပါတယ်။ ဒါတွေ ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြားသိမှ ဝိပဿနာ သမ္မာဒိဋ္ဌိဆိုသော စကားလုံး၏အဓိပ္ပါယ်ကို ပိုင်းခြားသိလာတယ်။ အဓိပညာဝိပဿနာတန်ဖိုး အလွန်ကြီးမှန်း သိမှာပါ။ ဒီသဘာဝတွေ ထပ်တလဲလဲ ကြားဖူးတာတော့ အမှန်ပါ။

အခုပြောတာက စနစ်နှင့် ပိုင်းခြား၍ ဝေဖန်ပြီးသိဖို့ ပညာကိုပေးတာပါ။ စနစ်မပါဘဲ ပိုင်းပိုင်း ခြားခြားမရှိရင် စကားလုံးများကို ထပ်ခါတလဲလဲ ကြားနေသော်လည်း မိမိကိုယ်တိုင် အသုံးပြုဖို့ကျတော့ အသုံးမပြုတတ်ကြပါ။ မလေ့ကျင့်တတ်ကြပါ။

“အဓိဝိပဿနာပညာကို ဗုဒ္ဓ၏ နည်းစနစ်နှင့် ပိုင်းခြားဆန်းစစ်ခြင်း”

အရေးကြီးနေတာက systematic analysis တဲ့ ၊ အခုခေတ်လူတွေ အင်္ဂလိပ်စာ တတ်တော့ သိပါတယ်။ ဒါကို ပါဠိစကားက “ဝိဘဇ္ဇဉာဏ်”လို့ခေါ်ပါတယ်။ အလွန်အရေးကြီးတဲ့ ဉာဏ်ဖြစ်တယ်။ systematic analysis ဆိုတာ အခုခေတ်အင်္ဂလိပ် စကားများပြောလာလို့ logic တို့သင်လာမှ သိတာပါ။ ဝိဘဇ္ဇဉာဏ်က လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်ကတည်းက သမ္မာသမ္ဗုဒ္ဓက ချပေးထားတဲ့ logical analysis ပါ။ ဘာကို analysis လုပ်တာတုံး၊ ရူပက္ခန္ဓာကို လုပ်နေတာပါ။ ရူပက္ခန္ဓာဆိုတာ မိမိမှာ အခုရှိနေသော ရူပကာယကြီး၊ ဒီကာယကြီးထဲမှာ ရှိနေတဲ့ ကောဋ္ဌာသပေါင်းများစွာ ၄၂မျိုး၊ ဒီ ၄၂မျိုးဖြစ်အောင် တည်ဆောက်ထားတဲ့ ကလာပတွေ၊ ကလာပ်စည်းဆိုတဲ့ (cell) အရေအတွက်အားဖြင့် ကုဋေတစ်သိန်းကျော်၊ အမျိုးအမည်အားဖြင့် ကလာပ အမျိုးကွဲ ၂၀၀ ကျော် ပါဝင်တယ်။ တစ်ကုဗ မီလီမီတာ လေးထောင့်အတုံးလေးထဲမှာ ကလာပပေါင်း ၅ သန်းဆန့်ပါတယ်။ ဒီလောက် သေးငယ်တဲ့ပစ္စည်းတွေဟာ ကုဋေတစ်သိန်းထဲက စက္ကန့်တိုင်း ၅ ကုဋေပျက်နေတာပါ။ ၅ ကုဋေ ပျက်နေတဲ့နေရာကို ၅ ကုဋေ အစားထိုးနေရပါတယ်။ ဒီအလုပ်တွေ အဟုတ်တကယ်ရှိတယ်ဆိုတဲ့ အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က သမ္မာသမ္ဗုဒ္ဓက ရှင်းပြခဲ့တာပါ။ ဒါတွေ မှန်ကန်ကြောင်း အခုခေတ်မှာ psychology နှင့် physiology တို့က အတည်ပြုပါတယ်။

ဗုဒ္ဓသင်ပြထားသော သီအိုရီမှန်ကန်တယ်လို့ ယနေ့ခေတ်သိပ္ပံက အတည်ပြုပါတယ်။ ဒီ သဘာဝတွေ သိလာတဲ့အခါ မိမိအားထုတ်သော တရားသည် အလွတ်စပယ်ပြောတာမဟုတ်၊ တကယ့်ကို concrete knowledge ဒါကို သေသေချာချာ သိလာတော့ အားထုတ်ရကျိုးလည်း နပ်မယ်။ ကိုယ့်တရားကို ကိုယ် အားကိုးချင်လာတယ်။ ဒီလို အားကိုးနိုင်လောက်သော တရားများ အမှန်ပဲလို့ သိတဲ့ဉာဏ်ဟာ ဝိပဿနာဉာဏ်ပါ။ ဒီဉာဏ်ဟာ အလွန်တန်ဖိုးကြီးပါတယ်။ ဒီတော့ မိမိတို့တတွေ ယခုလူ့ဘဝရတဲ့ အချိန်ကာလမှာ အခုလို သိမ်မွေ့သောအဓိပ္ပါယ်၊ နူးညံ့သော အဓိပ္ပါယ်များကို သိနိုင် နားလည်နိုင်တယ်ဆိုတာ ခုခေတ်ပညာတွေဖြစ်တဲ့ ဓာတုဗေဒသင်သင်၊ ရူပဗေဒသင်သင်၊ ရုက္ခဗေဒသင်သင်၊ သတ္တဗေဒသင်သင် ဒီလို သိမ်မွေ့တဲ့အဆင့်တော့၊ မရောက်ပါ။ အလွန်သိမ်မွေ့သော ရုပ်နာမ်တို့၏ ဖြစ်စဉ်၊ ရုပ်နာမ်တို့၏ သဘာဝကို ဒီဓမ္မဒေသနာကသာလျှင် ဖော်ပြနိုင်တာပါ။

ဝိပဿနာပညာကို မိမိကိုယ်တိုင် နှလုံးသွင်းနိုင်၊ ဆင်ခြင်နိုင်ပြီဆိုရင် ဒီဘဝဒီခန္ဓာ ရတုန်းရခိုက်မှာ ဒီလို အဖိုးတန်သော ဘုရားပေးသည့် ဓမ္မအမွေအစစ်၊ သံသရာ တလျှောက်လုံး အသုံးဝင်သောပညာကို ဆုပ်ဆုပ်ကိုင်ကိုင် ရယူနိုင်အောင် ကြိုးစားကြရမယ်။ ဒါမှ လူဖြစ်ကျိုးနပ်မှာပါ။ ဒီတော့ ဓမ္မမိတ်ဆွေများ အခုရရှိထားတဲ့ သုတပညာတွေကို သုံးပြီးတော့ နေ့စဉ်နှင့်အမျှ ရှိသမျှသော အချိန်မှာ သင်္ခါရဒုက္ခ အကြောင်းကို နှလုံးသွင်းနိုင်ဖို့ ဝိပဿနာပညာနှင့် ဆင်ခြင်၍ နေနိုင်ဖို့လိုပါတယ်။

(ဝိပဿနာသမ္မာဒိဋ္ဌိအခန်းပြီး၏)

သာဓု_________သာဓု_________သာဓု