
ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်အောင် လေးသေင်္ချနဲ့ ကမ္ဘာတစ်သိန်းပါရမီတော်များ ဖြည့်ကျင့်ရပါတယ်။ ဖြည့်ရတဲ့ ပါရမီတွေက လောကတ္ထစရိယ = လောကသုံးပါးအကြောင်းကို ပိုင်းပိုင်းခြားခြားသိရဖို့ ပါရမီတွေ ဖြည့်ကျင့်ရပါတယ်။ ဉာတတ္ထ စရိယ၊ ဒီဉာတတ္ထစရိယကို အစဉ်အလာအရ မြန်မာတို့နားလည်ထားတာက ဆွေမျိုးဉာတိများ၏အကျိုးအတွက် ပါရမီဖြည့်ခြင်းပါ။ ဓမ္မသဘာဝများကို နှလုံးသွင်းတဲ့အခါ ပါရမီဖြည့်တယ်ဆိုတာ ပုဂ္ဂိုလ်၊ သတ္တဝါ၏ အကျိုးစီးပွားကို ဆောင်ရွက်တာထက် ဓမ္မသဘာဝများသိအောင်၊ တိုးတက်အောင် မိမိကိုယ်တိုင် နားလည်အောင် သင်ယူရ၊ ပွားများရတာပါ။ ဒါသည်လည်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါ။ သတ္တဝါတို့၏ နာမ်ခန္ဓာမှာရှိနေတဲ့ သိခြင်းသဘောဆိုတဲ့ ဝိညာဏဓာတ်၏ အဓိပ္ပါယ်ကိုသိဖို့ အလွန်ခဲယဉ်းပါတယ်။ ဒီခဲယဉ်းတဲ့ ဝိညာဏဓာတ်အကြောင်းကို သိဖို့ ပါရမီတွေ ဖြည့်ရတာပါ။
လောကတ္ထစရိယ၊ ဉာတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ (၃)ပါးစလုံးဟာ ဆက်နေပါတယ်။ စရိယ (၃)ပါးမှာ လောကတို့၏ အကြောင်းကို ပိုင်ပိုင်နိုင်နိုင် သိရပါမည်။ ပြီးတော့ ဗြဟ္မာတွေ၊ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၏ နာမ်ခန္ဓာမှာဖြစ်နေတဲ့ သတ္တဝါတို့၏ အသိဓာတ်ဖြစ်သော ဝိညာဏဓာတ်တွေအကြောင်းကို သိဖို့လည်း ပါရမီတွေဖြည့်ရပါတယ်။ ဝိညာဏဆိုတဲ့ သဘာဝတရားမှာမှ ထူးသောဓာတ်က ဗုဒ္ဓတ္ထစရိယပါ။ ဗုဒ္ဓတ္ထဆိုတာ ဒီလိုသိနေသော အသိမျိုး၊ ဉာတတ္ထခေါ်တဲ့ ဝိညာဏဓာတ်၏ အကြောင်းကို ပိုင်းပိုင်းခြားခြား၊ ပြတ်ပြတ်သားသား သိမြင်တော်မူပြီးမှ တဆင့်တက်၍ ဗုဒ္ဓတ္ထကို ဖြည့်ရပါတယ်။
ဗုဒ္ဓဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ၊ ဗုဒ္ဓဖြစ်အောင် ဘာတွေလုပ်ရမလဲ ဆိုတာတွေကို ကြိုးစားပြီးတော့ ပါရမီဖြည့်ရပါတယ်။ ပါရမီတော် (၃) ပါးဖြည့်လို့ သမ္ဗညုတဉာဏ်တော်တွေကိုရပြီးတော့မှ အာသဝက္ခယဉာဏ်တော်တွေကိုရ၊ ဘုရားကိုယ်တိုင် သံသရာအကြောင်း၊ ဘဝအကြောင်း မိမိကိုယ်တိုင်သိ၍ သံသရာဝဋ်ဆင်းရဲမှ ကိုယ်တိုင် လွတ်မြောက်ပြီးတော့မှ တပည့်သားတွေကို ဟောကြားတာပါ။
အခုရှိနေတဲ့ ပုဂ္ဂိုလ်တွေအားလုံး အသက်အရွယ် မတူကြပါ။ တစ်ဦးနှင့်တစ်ဦး ပစ္စုပ္ပန်ဘဝကိုရတာ ရှေ့နောက်မတူလို့ ဒီဘဝကိုရ၍ လူအဖြစ်နှင့်နေတဲ့နှစ် တစ်ဦးနဲ့တစ်ဦး ကွာပါတယ်။ ဓမ္မသဘာဝနှင့် ဘုရားပေးထားတဲ့ ဉာဏ်ကိုသုံးလျှင် အခုရှိနေတဲ့ လူအားလုံးဟာ သံသရာခရီးကို လျှောက်နေကြတဲ့ သံသရာခရီးသည်တွေပါ။ ဒီပစ္စုပ္ပန်ဘဝကို မရခင် အတိတ်ဘဝပေါင်းများစွာ နေခဲ့တာပါ။ အသက်ကြီးတယ် ငယ်တယ်ဆိုတာ သံသရာခရီးသည်အတွက် ပစ္စုပ္ပန်မှာ တပြေးညီပါ။ ပစ္စုပ္ပန်မှာနေနေရတဲ့ သံသရာခရီးသည်ချင်း အတူတူပါ။ သံသရာခရီးသက်ချင်း အတူတူပါ။ ဒါဟာ ဉာဏ်နှင့်ယှဉ်၍ စဉ်းစားနိုင်အောင် ဘုရားရှင် သင်ပေးထားတာပါ။
သတ္တဝါဟူသမျှဟာ ပစ္စုပ္ပန်ရောက်အောင် လာခဲ့ကြတယ်၊ နေနေကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သတ္တဝါတိုင်းသည် ပုဂ္ဂိုလ်၊ ငါအသိနဲ့နေတာပါ။ ဒီလိုနေတဲ့ သဘာဝကို ဘုရားရှင် ပွင့်လာမှ သဘာဝအမှန်သိအောင် သင်ကြားပေးတဲ့ ပညာကိုရတာပါ။ ငါ့ဘဝ၊ ငါ့အဖြစ်၊ ငါ့အကြောင်းကို သဘာဝကျကျ ဉာဏ်ပညာနှင့် စဉ်းစားနိုင်၊ ဆင်ခြင်နိုင်ဖို့ နည်းပညာဟာ သမ္မာသမ္ဗုဒ္ဓ ပွင့်လာမှ ရတာပါ။
ဘဝဆိုတာ တစ်ခုထဲမဟုတ်၊ ဘဝပေါင်းများစွာ ဆက်စပ်နေတဲ့ ဘဝအဆက် ဆက်ကို သံသရာခေါ်တယ်။ အားလုံးဟာ သံသရာခရီးကို “ငါ” နှင့်လျှောက်နေကြတာပါ။ ဒီအချက်ကို ပိုင်းပိုင်းခြားခြား သိအောင်မှတ်ထားပါ။ ဘုရားက ပထမအဆင့် ဘဝအဓိပ္ပါယ်၊ နောက်ပြီးတော့ သံသရာ၏အဓိပ္ပါယ်ကို ရှင်းပြပါတယ်။ သံသရာမှာ တစ်ဘဝပြီးတစ်ဘဝ နေရတယ်ဆိုတာ ပျော်ရွှင်စရာလား၊ နှစ်သက်ဖွယ်ကောင်းတာလား၊ သဘာဝဓာတ်တွေ အလုပ်လုပ်နေတဲ့ ဘဝလားဆိုတာ ပိုင်းခြားသိမြင်နိုင်အောင် ဘုရားက ပညာများ ပေးခဲ့ပါတယ်။
ငါဆိုတဲ့ ငါဟာ လူ့လောကကြီးမှာ ငါဟာ ဗဟိုချက်မှာနေတာ၊ သတ္တလောကကြီး အားလုံးမှာလည်း ငါက ဗဟို၊ ဩကာသလောကကြီး အားလုံးမှာလည်း ငါက ဗဟိုကပဲ၊ ငါ မျက်စိနဲ့ ကြည့်လိုက်ရင် ပတ်ဝန်းကျင်အားလုံးက ငါ့ကို ဝန်းရံနေတာပါ။ ဒါဟာ လူတိုင်း၏ ဖြစ်နေကျ၊ မြင်နေကျ အမြင်ပါ၊ အရေးအကြီးဆုံးက ငါက ဘာနဲ့တည်ဆောက်တာတုန်း၊ ငါဘယ်က လာတာတုန်း၊ ငါဘယ်လိုဖြစ်တာတုန်း။ ငါဆိုသော ငါသည် အစွဲဥပါဒါန်ကြောင့် ရှိလာပါတယ်။ ငါရှိလာလျှင် ငါသည် ဗဟိုချက်မှာပါ။
သဘာဝတရားတွေမှာ ဗဟိုချက်ရှိပါတယ်။ လူသားတွေ သိတတ်တဲ့ အချိန်ကစပြီး ကမ္ဘာသည် မြင်မြင်သမျှ နေတွေ၊ ကြယ်တွေ၊ နက္ခတ်တာရာတွေ၏ အလယ်ကနေတာပါ။ ဩကာသလောကကြီးမှာ ကမ္ဘာမြေကြီးသည် အလယ်ဗဟိုပါ။ ဒီလို ကမ္ဘာကြီးကို အလယ်ဗဟိုထားပြီး တွက်တဲ့ပညာကို geo-centric universe ခေါ်တယ်။ သိပ္ပံပညာ၊ သိပ္ပံဆရာတွေ ပေါ်လာတော့ သဘာဝအကြောင်းတွေ လေ့လာတဲ့အခါ ကမ္ဘာမြေဟာ တကယ်တော့ ဗဟိုချက် မဟုတ်ပါ။ စကြဝဠာ၏ ဗဟိုချက်က “နေ”ပါ။ နေကို ဗဟိုချက်ပြုတဲ့ စကြဝဠာကို helio-centric universe ခေါ်တယ်။ ဗဟိုချက်ဆိုတဲ့ အသိခံယူချက်က “ကမ္ဘာ” က “နေ” ကို ပြောင်းသွားပါတယ်။ နေကို ဗဟိုပြုတဲ့ စနစ်နှင့် တစ်နေရာနှင့် တစ်နေရာ စကားတွေပြော၊ ဆက်သွယ်ရေးတွေ၊ ဂြိုလ်တုတွေ လုပ်နေတာပါ။ နေကို ဗဟိုချက်ထား၍ တွက်သောပညာက ပို၍အသုံးဝင်လာပါတယ်။
ဒီလိုပါပဲ၊ ငါက ဗဟိုချက်သည် ကမ္ဘာဗဟိုချက်နှင့် တူပါတယ်။ မြင်မြင်သမျှ ဩကာသလောက တစ်ခုလုံးအလယ်မှာ ငါက နေလို့ပါ။ ဒါကို ဘုရားရှင်က တိတိကျကျ ရှင်းပြပါတယ်။ ယနေ့ခေတ် သိပ္ပံဆရာတွေ ရှင်းတာက ကမ္ဘာသည် ဗဟိုချက်မဟုတ်၊ နေသည် ဗဟိုချက်ပါ။ ဒီလိုပါပဲ၊ အတ္တက ဗဟိုချက်လို့ လူတိုင်းက ယူနေတာပါ။ ဒီအယူ၊ ဗဟိုချက် အဖြစ်စွဲနေတဲ့ အစွဲသည် သဘာဝမကျပါ။ ဗဟိုချက်က ဂျီဩမေတြီနှင့် ပြောနေတာပါ။ ဘယ်စက်ဝိုင်းဆွဲဆွဲ ဗဟို (center) ရှိပါတယ်။ အမှန်ကတော့ သဘာဝတရားတွေဟာ စက်ဝိုင်းတွေ ဆွဲနေတာပါ။ ဆွဲနေတဲ့ စက်ဝိုင်းတွေဟာ ငါဗဟိုချက်ပြု၍ တွက်သော ပညာနှင့် ငါမပါဘဲ သဘာဝတရားကို အခြေခံ၍ တွက်သောပညာ (၂)ခုပါ၊ ဗဟိုချက်မတူပါ။ ငါဗဟိုချက်ကနေ သဘာဝတရား၏ ဗဟိုချက်ကို ပြောင်းသွားတာပါ။ သဘာဝတရား၏ ဗဟိုချက်က လည်အောင်လှည့်နေတာပါ။ ဆွဲနေတာပါ။ ဒီသဘာဝတွေကို ဘုရားက သင်ပေးလို့ စဉ်းစားရတာပါ။
သဘာဝတရားက ဗဟိုချက်နှင့် ငါဗဟိုချက်၊ ဘဝနှစ်ခု တည်ဆောက်ပုံချင်း မတူပါ။ နှလုံးသွင်းဆင်ခြင်ဖို့က တကယ်အလုပ်လုပ်နေတာသည် သဘာဝ တရားများ၊ သဘာဝစွမ်းအားများ၏ ဗဟိုချက်က ငါဆိုသော ငါ၏ဗဟိုချက်နှင့် မတူပါ။ မတူတဲ့ ၂-ခုကို ပိုင်းပိုင်းခြားခြား ခွဲခြမ်းကြည့်တော့ သဘာဝတရားက ဘဝစက်လည်အောင်၊ ဘဝအဆက်ဆက် သံသရာစက် လည်အောင် လှည့်နေတယ်။ ဒီလိုလှည့်နေတဲ့ သဘောကို ဉာဏ်နှင့်ယှဉ်ပြီး ဆင်ခြင်နိုင်အောင် သမ္မာသမ္ဗုဒ္ဓက သင်ပေးတာပါ။ လူတို့ နားလည်အောင် ဘုရားရှင်က သင်တဲ့အခါ အလွန်ခက်ခဲပါတယ်။ လူတို့၏ အသိဉာဏ်အား နည်းပါတယ်။ ကမ္ဘာအကြောင်း၊ စကြဝဠာအကြောင်း၊ အနန္တစကြဝဠာအကြောင်းလည်း အလွန်ခက်တယ်။ ပစ္စုပ္ပန်ဘဝအကြောင်း သိဖို့လည်း အလွန်ခက်ပါတယ်။ ဒီလို ခက်ခဲတဲ့အထဲက လူတို့ နားလည်နိုင်လောက်အောင် သိထားတဲ့ ပညာနှင့် ဆင်ခြင်ပြီးပြောရပါတယ်။ ဒါဟာ “ကမ္ဘာ”ကို ဗဟိုချက်ပြုတဲ့ စနစ်က “နေ” ကို ဗဟိုချက်ပြုတဲ့ စနစ်ကို ပြောင်းဖို့အတွက် အလွန်ခက်ခဲတဲ့ သဘာဝပညာကိုသိမှ ဒီအယူက ပြောင်းလို့ဖြစ်တာပါ။
ဒီလိုပါပဲ၊ အတ္တဗဟိုချက်ပြု၍နေနေကြသော လူသားတို့ အတ္တမပါ၊ စွမ်းအားမပါ အလုပ်လုပ်နေတာ၊ အလုပ်လုပ်နေတဲ့ စနစ်ကြီးတစ်ခုလုံးကို လည်ပတ်ခြင်း။ စနစ်အားလုံးက လည်နေတာပါ။ ကမ္ဘာ၊ နေ၊ စကြဝဠာ၊ မဟာစကြဝဠာတွေက လည်နေတာပါ။ ဖြစ်တည်မှု ရှိလာလျှင် လည်မှုနှင့်တွဲပါတယ်။ ဒီလည်နေတဲ့ သဘောကို သိဖို့အလွန်ခက်ပါတယ်။
ကမ္ဘာမြေပေါ်မှာ အခုထိုင်နေတာ နာရီဝက်လောက်ကြာပါပြီ။ တည်တည်ငြိမ်ငြိမ်နှင့် နေ-နေတယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာက ရန်ကုန်မြို့လိုနေရာမျိုးက အနောက်က အရှေ့ကို တစ်နာရီအတွင်း မိုင် (၁၀၀၀) ကျော် သွားပြီးပါပြီ။ နာရီဝက်ဆိုလျှင် မိုင် (၅၀၀)ပါ။ ဒီလို အမှန်တကယ် သွားနေပေမယ့် လူတွေမသိပါ။ မိမိရပ်တည်နေတဲ့ မြေကြီးက အဟုတ်သွားနေသော်လည်း သွားမှန်းမသိလို့ ဘဝခရီးနှင့် သံသရာခရီးကို မသိပါ။ ဘယ်လောက်အားတွေနဲ့ သွားနေမှန်းလည်းမသိပါ။ ဒီလောက်ခက်ခဲတဲ့ပညာကို လူတွေသိဖို့ လူတို့၏ ဉာဏ်ရည်အဆင့်အတန်း အနိမ့်အမြင့်လိုက်၍ သိနိုင်လောက်သော အကြောင်း အရာကို အခြေခံပြီးမှ ဘဝအဓိပ္ပါယ်ကို မှန်ကန်စွာသိအောင်ကြိုးစားပြီး သင်ပေးခဲ့ရတာပါ။ လူအမျိုးမျိုး၊ ပုဂ္ဂိုလ်အမျိုးမျိုးအလိုက် သင်ပေးထားတော့ ဒီပညာတွေဟာ မြောက်များစွာပါ။
မြောက်မြားစွာသော ဘုရားရှင်ပေးခဲ့တဲ့ ပညာတွေကို ရိုရိုသေသေနှင့် သယ်ဆောင်လာကြလို့ ယနေ့အထိ ဒီပညာတွေ အထင်အရှားရှိတာပါ။ သိပ္ပံပညာရှင်က သူတို့နယ်ထဲမှာ geo-centric ဆိုတာ ပြောလို့လွယ်တယ်၊ helio-centric ဆိုတာ ပြောလို့လွယ်ပါတယ်။ သိပ္ပံပညာအခြေခံနှင့် ပြောနေလို့ပါ။ သိပ္ပံပညာအပြင်ဘက် လူက ဘာတွေပြောပြော ဒီအဓိပ္ပါယ်တွေ ဘာမှမထင်ရှားပါ။ သဘာဝအကြောင်းကို စိတ်မဝင်စားလို့ပါ။
ဘုရားရှင်ပြောနေတဲ့ ဘဝအကြောင်းမှာ လူတွေက ဘဝကို တပ်မက်နေပေမယ့် ဘဝအကြောင်းကို အဟုတ်မသိချင်ပါ။ စွဲလမ်းတပ်မက်မှုနဲ့ နေရတာပဲ ရှိပါတယ်။ ဘဝအကြောင်း သိအောင်လုပ်ဖို့ ဆန္ဒလည်းမရှိ၊ သိအောင်လည်းမကြိုးစားပါ။ လူတွေဟာ ဘဝ၏အဓိပ္ပါယ်၊ သံသရာ၏အဓိပ္ပါယ်ကို သိဖို့လည်းခက်ပါတယ်။ သို့သော် ဘုရားသာသနာနှင့် ကြုံကြိုက်လို့ သာသနာအတွင်းမှာ ဘုရားရှင်ပေးခဲ့တဲ့ နည်းပညာကို အခြေခံပြီး ကိုယ့်ဉာဏ်ကိုသုံး၍ ဘဝအဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားရပါတယ်။ ဒီတော့ ဘဝဆိုတာ နက်နဲတဲ့သဘော၊ သိမ်မွေ့တဲ့သဘောပါလားလို့ ဉာဏ်နှင့်ထောက်ဆကြည့်တော့ ဒီပညာကို သင်ယူလိုတဲ့ စိတ်ဆန္ဒတွေပေါ်လာပါတယ်။ ဒီတော့ ဗဟုသုတဖြစ်အောင် ဒေသနာမှာပါသော ပညာကို ကြိုးကြိုးစားစား လေ့လာသင်ယူရပါတယ်။ ဒေသနာမယပညာ ကို သင်ယူမှတ်သားပြီးတော့ အဓိပ္ပါယ် ဘယ်လောက်ရှိလဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားရ ပါတယ်။ ဒါ စိန္တာမယပညာခေါ်တယ်။ ဒေသနာမယနှင့် စိန္တာမယ နှစ်ခုပေါင်းရုံနှင့် အဟုတ်မသိသေး၊ အဟုတ်သိအောင် ဘာဝနာမယပညာနှင့် ပွားများရပါတယ်။ ဒီလို အဆင့်ဆင့် တက်လှမ်းမှ ဘုရားရှင်ဖော်ပြထားသော ဘဝ၏အကြောင်း၊ သံသရာ၏အကြောင်းကို သိရ၊ နားလည်ရတာပါ။
ဘဝနှင့်ပတ်သက်တဲ့ အကြောင်းအရာကို စိတ်ဝင်စားလာတယ်။ သံသရာကို တွေးတောကြည့်တယ်။ သံသရာခရီးအကြောင်းကို နားလည်အောင် လုပ်ရမယ်။ ဒါတွေဟာ ပညာဝါသနာပါတဲ့ သူတွေရဲ့ အလုပ်ပါ။ ဘဝအကြောင်း နားလည်အောင်လုပ်ရတဲ့ အလုပ် ဘယ်လောက်ခက်တယ်ဆိုတာ မသိပါ။ ဘဝအကြောင်း ပိုင်းပိုင်းခြားခြားသိဖို့၊ သံသရာအကြောင်းကို ပိုင်းပိုင်းခြားခြားသိဖို့ ပါရမီဖြည့်ရပါတယ်။ ဗဟုသုတတွေရအောင် စုဆောင်းတာသည်လည်း ပါရမီဖြည့်တာပါ။ ဘုရားဟောတဲ့ ဓမ္မကို သင်ယူပြီးတော့ ကိုယ်ပိုင်ဉာဏ်နှင့် အဓိပ္ပါယ်ပေါက်အောင် စဉ်းစားဆင်ခြင်ခြင်းလုပ်ရတာလည်း ပါရမီဖြည့်တာပါ။ မိမိမှာရှိသော နာမ်ဓာတ်နှင့် ဓမ္မသဘာဝဓာတ်တို့ အဟုတ်ထိအောင် ကြိုးစားတာပါ။ ဒါသည် ဘုရားသင်ပေးတဲ့ ဘာဝနာပညာ အလုပ်ပါ။ ဒီပညာရပ်မျိုးနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လို့ ပညာတွေရပါတယ်ဆိုတာ အလွန်ကံကောင်းတာပါ။
လောကုတ္တရာနှင့် ပတ်သက်သော တရားတော်တွေကို သိဖို့ကြုံကြိုက်တဲ့ ကံမျိုးကျတော့ အလွန်ရှားပါတယ်။ ဒါဟာ ပစ္စုပ္ပန်ဘဝမှာ ဖြည့်ဆည်းတဲ့ အားမဟုတ်ပါ။ အတိတ်ဘဝတုန်းကလည်း ဘဝအဓိပ္ပါယ်၊ သံသရာအဓိပ္ပါယ်တွေကို သိနားလည်ချင်လို့ ဆည်းပူးခဲ့သော ပါရမီပါလာလို့ ဒီပညာအနီးအနားရောက်လာပြီး ဒီပညာကို သင်ရတာပါ။ မိမိတို့မှာ ဘဝအဓိပ္ပါယ်၊ သံသရာအဓိပ္ပါယ်ကို သင်ယူချင်သော ပါရမီပါ-ပါတယ်။ ဒါဟာ ဘဝအဆက်ဆက်က ဖြည့်လာလို့ပါ၊ ပါရမီနည်းတဲ့ ပုဂ္ဂိုလ်များကတော့ ဒီသဘာဝတရားတွေ မသင်ချင်ပါ၊ ဒီပညာတွေ ခက်တယ်၊ ဘာမှမလုပ်တတ်ပါ၊ ကိုယ့်ဘဝ ကိုယ့်ကိစ္စပဲ လုပ်မယ်ဆိုပြီး လောကီကိစ္စကိုသာ အာသီသတွေများပြီး နေကြတာပါ။ ဒီပုဂ္ဂိုလ်တွေဟာ ဘဝအဓိပ္ပါယ်၊ သံသရာ အဓိပ္ပါယ်များကို မသိတဲ့ ပုထုဇဉ်တွေ ဖြစ်ပါတယ်။
ဗုဒ္ဓ၏ တပည့်သားမြေးများဖြစ်လာလျှင် နေ့စဉ်နှင့်အမျှ ဒီဘဝ၊ ဒီခန္ဓာအရေးဖြစ်တဲ့ စားဝတ်နေရေး၊ စီးပွားရေးတို့အပြင် ဘဝအဓိပ္ပါယ်၊ သံသရာအဓိပ္ပါယ်သိဖို့ ပညာသင်ယူရန် လိုအပ်လာပါတယ်။ လောကကြီးပွားရေးကို “လောကီပညာ”၊။ သံသရာနှင့် ဘဝအဓိပ္ပါယ် နားလည်အောင်လုပ်တဲ့ နည်းပညာကို “လောကုတ္တရာပညာ”၊ ဒီနှစ်ပိုင်းကို မိမိတို့ စွမ်းအား အလိုက် ဖြည့်ဆည်းရပါမည်။ ပါရမီများပြည့်အောင် လောကုတ္တရာပညာကိုလည်း ဖြည့်ဆည်းရပါမည်။
ဘာမှမသိဘဲ ဒီဘဝ၊ ဒီခန္ဓာနှင့် ချမ်းသာဖို့လောက်သာ သိနေတဲ့ သူတွေက အန္ဓပုထုဇဉ်တွေပါ။ ဘဝဆိုတာ ထင်ရှားရှိတယ်။ ဘဝတွေဆက်နေတဲ့ သံသရာဆိုတာ ထင်ရှားရှိတယ်။ ဘဝအဓိပ္ပါယ်ကို သိအောင်၊ နားလည်အောင်ကြိုးစားနေတဲ့ ပုဂ္ဂိုလ်က တစ်ပိုင်း၊ ကိုယ့်အစွဲနှင့် လောကီကြီးပွားရေး လုပ်နေတဲ့သူက တစ်ပိုင်း (ဒါဟာ အန္ဓပုထုဇဉ်)၊ ဘဝအဓိပ္ပါယ်ကို သိအောင် နားလည်အောင် ဘုရားပေးတဲ့ ပညာများကို ကြိုးစားသင်ယူသည့် ပုဂ္ဂိုလ် (ဒါဟာ ကလျာဏပုထုဇဉ်)။ အန္ဓပုထုဇဉ်မှ ကလျာဏပုထုဇဉ်အဆင့်ထိ ပြောင်းလာပါပြီ။ တန်ဖိုးကြီးတဲ့ ပညာမှန်းသိလျှင် သိထားတဲ့ ပညာကို မိမိမှာ လက်ဆုပ်လက်ကိုင်ရသည့်တိုင်အောင် ကြိုးစားရှာဖွေ သင်ယူလေ့လာရပါမည်။ ဒါဟာ မိမိသည် ဘုရားရှင်၏ တပည့်သားမြေးအစစ်ဖြစ်လာခြင်းကြောင့် အန္ဓပုထုဇဉ်ဘဝမှသည် ကလျာဏပုထုဇဉ်ဘဝကို ပြောင်းလာတာပါ။
ကလျာဏပုထုဇဉ်သည် ဘုရားပေးထားတဲ့ ပညာတွေကို တတ်အောင်သင်ယူပြီး ဘဝအဓိပ္ပါယ်၊ သံသရာအဓိပ္ပါယ်ကို သိအောင် လုပ်ပါမည်။ ဘဝမှာ နေရေးအတွက်ရော သံသရာရေးအတွက်ပါ အလုပ်လုပ်ရပါတယ်။ သံသရာအကျိုး ဘဝအကျိုး မိမိတို့ အကျိုးအစစ်အမှန်ကို ရအောင်ကြိုးစားရမည့်လို့ ခွဲခြားသိတဲ့ ပုဂ္ဂိုလ်သည် ကလျာဏပုထုဇဉ် ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် အချိန်ရသလောက် ဒေသနာက ညွှန်ပြထားတဲ့ ဓမ္မသဘာဝ၊ ဘဝအဓိပ္ပါယ် သံသရာအဓိပ္ပါယ် သိနိုင်မြင်နိုင်တဲ့ လက်လှမ်းမှီတဲ့ ပညာတွေကို စုစည်းရမည်၊ ထိန်းသိမ်းရပါမည်။
မိမိသည် သံသရာခရီးသည်၊ သံသရာခရီးသွားနေမှန်း သိတာသည် ပထမအဆင့်ပါ။ မြေကြီးပေါ်နေတဲ့သူက မြေကြီးပေါ်လမ်းလျှောက်သွားလျှင် လိုရာခရီး ရောက်ပါတယ်။ မြေလုံးအပြင်ဘက်မှာရှိတဲ့ ဩကာသဆိုတဲ့ space ကြီးက မြေကြီးလိုမဟုတ်၊ ဟင်းလင်းပြင်ကြီးပါ။ မြေကြီးက အခိုင်အမာနှင့် ရပ်တည်လို့ရပြီး ကောင်းကင်ကျတော့ ဘာမှမရှိပါ။ ဒါကို အာရုံယူပါ။ သံသရာမှာနေတဲ့ သူဟာ ကမ္ဘာပေါ်မှာ အမြဲတမ်းနေရတာ မဟုတ်ပါ။ space ထဲမှာ သွားနေတဲ့ သတ္တဝါနှင့် တူပါတယ်။ မြေကြီးမရှိတဲ့ ဩကာသလောက ခေါ်တဲ့ space ထဲမှာ သွားနေကြည့်ရင် အဲဒီမှာ ရပ်တည်စရာမရှိပါ၊ ဆွဲကိုင်စရာလည်း မရှိပါ၊ ဘယ်ခရီးသွားနေတယ်ဆိုတဲ့ ဦးတည်ချက်လည်း မရှိပါ၊ မသိပါ။
သံသရာခရီးသည်ဟာ ရပ်တည်စရာလည်းမရှိ၊ ဆွဲကိုင်စရာလည်းမရှိ၊ ဦးတည်ချက်ကလည်းမရှိပါ။ ဒါဟာ သဘာဝတရားပါ။ အခု မိမိတို့ လူဘဝရောက်လာတော့ ဒီအကြောင်းတွေကို နှိုင်းယှဉ်နိုင်တယ်၊ စဉ်းစားနိုင်ပါတယ်။ အာကာသခရီးသည်လိုပဲ သံသရာခရီးသည်ဟာ ထောက်တည်စရာလည်းမရှိ၊ ဆွဲကိုင်စရာလည်းမရှိ၊ ဘယ်ကိုဦးတည်ရမှန်းလည်း မသိပါ။ ဒီအချက် (၃)ချက်က အလွန်အရေးကြီးနေပါတယ်။ ဘုရားရှင်က ထောက်တည်စရာကို မိမိကိုယ်တိုင် ဖန်တီး၊ ဆွဲကိုင်စရာကိုလည်း မိမိကိုယ်တိုင်ဖန်တီး၊ ဦးတည်ချက်ကို မိမိကိုယ်တိုင် မြင်အောင်ကြည့်လို့ ညွှန်ကြားပါတယ်။ သံသရာဟာ ဘယ်လိုဦးတည်ရမယ်ဆိုတာ မြင်ဖို့ပါ။ ဒီသုံးခုအရေးကြီးမှန်း အန္ဓပုထုဇဉ်က မသိသော်လည်း ကလျာဏပုထုဇဉ် ဖြစ်လာတော့ အလွန်အရေးကြီးတယ်ဆိုတာ သိလာပါတယ်။ မိမိမှာ ထောက်တည်ရာ၊ ဆွဲကိုင်စရာမရှိသေး၊ ဘယ်ကိုဦးတည်ရမှန်းလည်း မသိသေးပါ။ ဘုရားပေးတဲ့ နည်းပညာက ထောက်တည်ရာရှိအောင်၊ ဆွဲကိုင်စရာရှိအောင်၊ ဦးတည်ချက်ရှိအောင် လုပ်ရပါမည်။
ထောက်တည်တယ်ဆိုတဲ့ မိမိရပ်တည်ရာဟာ ခန္ဓာကိုယ်ကြီး ရပ်တည်ရာ မဟုတ်၊ မိမိမှာရှိသော အသိပညာ၊ “ပညာ၏ ရပ်တည်ရာ” မိမိ၏ဉာဏ်နှင့် ရပ်တည်ရာကို ဘာလဲဆိုတာ သိရပါမည်။ ထောက်တည်ရာဖြစ်သော ပညာသည် ဘယ်မှာတည်ဆောက်ရမှာတုန်း။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ (၂) ပါးတို့သည် သဘာဝကိုပြနေသော ခန္ဓာ(၂)ပါး၊ ရုပ်ခန္ဓာ၏ အဓိပ္ပါယ်၊ နာမ်ခန္ဓာ၏ အဓိပ္ပါယ်ကို သိတာသည် “ဝိပဿနာပညာ” ပါ။ ဝိပဿနာပညာသည် မိမိဉာဏ်၏ ထောက်တည်ရာ၊ ရပ်တည်ရာပါ။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ၏ သဘာဝကို သိခြင်းသည် မိမိဉာဏ်၏ ရပ်တည်ရာ” ဖြစ်ပါတယ်။ ဒါသည် ဘုရားပေးသော နည်းဖြစ်ပါတယ်။ ကိုယ်ခန္ဓာအကြောင်း၊ စိတ်အကြောင်း အဟုတ်သိရပါမည်။ ဝိပဿနာပညာသည်သာ သံသရာခရီးအတွက် ထောက်တည်ရာဖြစ်ပါတယ်။
ဒီခန္ဓာနှင့် သံသရာခရီးသွားနေသူဟာ ဆွဲကိုင်စရာ အခိုင်အမာ ဘာမှမရှိပါ။ လေလို အမြဲတမ်းလွင့်ပါးနေတာကို ဆွဲလို့မရပါ။ အရည်ဓာတ်ကျတော့ ပို၍ခိုင်လာပါတယ်။ အစိုင်အခဲဖြစ်တော့ ပိုပြီးခိုင်မာလာပါတယ်။ ပိုပြီးခိုင်မာလာတဲ့ ပစ္စည်းဟာ ဆွဲကိုင်လို့ ရပါတယ်။ အငွေ့ဖြစ်သောလေကို အရည်ဖြစ်အောင်လုပ်၊ အရည်ကို အခဲဖြစ်အောင်လုပ်။ သိပ္ပံဆရာတွေက အခု ရှူနေတဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို အရည်အောက်ဆီဂျင်ဖြစ်အောင်လုပ်၊ ခဲသွားအောင် အခဲအောက်ဆီဂျင်ဖြစ်အောင်လုပ်တဲ့ နည်းအဆင့်ဆင့် ရှိပါတယ်။ နာမ်ခန္ဓာဖြစ်တဲ့ စိတ်က လေထက်ပိုပြီး လွင့်ပါးပါတယ်။ လေထက်ပိုပြီးလွင့်ပါးတဲ့စိတ်ကို လေအဖြစ်က အရည်ဖြစ်အောင်လုပ်၊ အရည်က အခဲဖြစ်အောင်လုပ်၊ အခဲဖြစ်လျှင် ဆုပ်ကိုင်စရာဖြစ်လာပါတယ်။ ဒါသည် သမထဘာဝနာ အလုပ်ပါ။ စိတ်တည်ငြိမ်အောင် လုပ်ဖို့ပြောတာပါ။ စိတ်တည်ငြိမ်ဖို့ဆိုတာ လေက အရည်၊ အရည်က အခဲဖြစ်အောင်လုပ်တာထက် ပိုခက်ပါတယ်။ မိမိ၏ စိတ်-နာမ်ခန္ဓာ၊ မိမိ၏ ဉာဏ်ပညာ၊ ဆွဲကိုင်စရာရှိအောင် မိမိစိတ်ကို လေ့ကျင့်ရပါမည်။ ဒီပညာကို သမထပညာခေါ်တယ်။ သမထပညာနှင့် ထပ်တလဲလဲ ကြိုးစားအားထုတ်တော့ “ဈာန်” ရပါတယ်။ ဒါသည် ဆွဲကိုင်စရာရှိလာတာပါ။ မိမိစိတ်ကို လေ့ကျင့်ထားခြင်းဖြင့် ဘာဝနာပညာက မိမိဉာဏ်ကို ဆွဲကိုင်စရာပေးပါတယ်။ ဒါကြောင့် သမထဘာဝနာသည် ဆွဲကိုင်စရာ အလုပ်ဖြစ်ပါတယ်။
ဘယ်လို ဦးတည်ရမှာတုန်း၊ အာကာသကြီးထဲမှာ နေနေပေမယ့် အာကာသသည် အဆုံးအစမရှိ boundless ပါ။ သံသရာကြီးဟာလည်း အဆုံးအစမရှိ boundless ပါ။ သူ့ကို ပညာနှင့် ဘောင်ခတ်၊ ပညာနှင့် နံရံခတ်၊ သံသရာကို အပိုင်းအခြားနှင့် နံရံခတ်၊ ယခုနေခဲ့တာသည် အနန္တဘဝ၊ နောက်လည်း အနန္တဘဝနှင့် နေရဦးမည်။ ဒီမှာ boundary မရှိပါ။ ဘုရားပေးတဲ့ ပညာက ပထမဆုံး Boundary လုပ်။ အလွန်ကျယ်ဝန်းရှည်လျားသော ဘဝခရီးကို ဘုရားပေးတဲ့နည်းပညာအရ ကြိုးစားလျှင် ဝိပဿနာပညာ၊ သမထဘာဝနာ (၂)ပါးနှင့် ကြိုးစားလျှင် သမာဓိအား၊ ပညာအား (၂)ခုနှင့် ကြိုးစားလျှင် အဆုံးသတ်တဲ့ boundary ပေါ်လာပါတယ်။ Boundless က bounded ပေါ်လာပါတယ်။ bounded ဆိုတာ boundary ရှိလာတာပါ။
သောတာပတ္တိမဂ်၊ သောတပတ္တိဖိုလ်ရပြီဆိုလျှင် boundary ဆိုတဲ့ နံရံက (၇)ဘဝပဲရှိတော့တာပါ။ ဟိုဘက်မှာ ဆက်ပြီး ဘဝမရှိတော့ပါ။ ဘာမှမရှိတဲ့ space ထဲမှာ ဘောင်ခတ်ရတာပါ။ ဝိပဿနာပညာ၊ သမထပညာ (၂)ပါးနဲ့ ဘောင်ခတ်ပါ။ ဦးတည်ချက်က ဘောင်ခတ်တာပါ။ ဘဝအဆက်ဆက် သံသရာ မရေမတွက်နိုင်သော ဘဝတွေကို သွားရမည့်အစား (၇)ဘဝနှင့် ဘောင်ခတ် အဆုံးသတ်ရမည်။ ဒါဦးတည်ချက်ပါ။ သံသရာဝဋ်မှာလည်ပတ်နေတဲ့ စက်ကြီးကို ရပ်ဖို့အဆုံးသတ်ရပါမည်။ ဒါဟာ သမ္မာသမ္ဗုဒ္ဓကမှ သင်ပေးနိုင်တဲ့ ပညာတွေပါ။
ကလျာဏပုထုဇဉ်ဖြစ်လာတော့ ဘဝအဓိပ္ပါယ်ကို ဆင်ခြင်တတ်၊ စဉ်းစားတတ် ပါတယ်။ ထောက်တည်ရာရအောင်၊ ဆွဲကိုင်စရာရအောင်လုပ်ရမည်။ ဦးတည်ချက်ရှိရပါမည်။ သမ္မာသဗ္ဗုဒ္ဓ၏ တပည့်သားမြေးများသာ ရတဲ့ ပညာအမွေကို မပျောက်မပျက်အောင် ထိန်းသိမ်းရပါမည်။ ဒီပညာအမွေဟာ လောကီရတနာတို့ထက် အဆပေါင်းများစွာ အကျိုးပေးပါတယ်။ လောကီရတနာသည် ဒီတစ်ဘဝ၊ ဒီတစ်သက်သာ သုံးရတာပါ။ ဒါက ဘဝသံသရာအတွက်ပါ ပေးတဲ့ပညာပါ။ ဒါကြောင့် ရတနာ-ဓမ္မရတနာ၊ ဒါကို ပညာနဲ့ပေးတာပါ။ ဒီပညာက ဝိပဿနာပညာ၊ သမထပညာ။ သမာဓိရအောင်လုပ်၊ ဝိပဿနာပညာရအောင်လုပ်၊ ဒါနှင့် ဘောင်ခတ်ပါ။ ရည်ရွယ်ချက်က (၇)ဘဝပဲ နေမည်။ သံသရာက ထွက်မြောက်နိုင်အောင် ကြိုးစားရပါမည်။ ဒါသည် ဦးတည်ချက်ပါ။
သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် အဆင့်ဆင့်တက်လှမ်းရပါမည်။ ဒါလမ်းစဉ်။ မဂ္ဂပါ၊ မဂ္ဂနှင့် ဦးတည်ချက်ကို ပုံဖော်ရတာပါ။ အလွန်ကံကောင်းလို့ ဒီပညာတွေ သင်ခွင့်ရတာ၊ အဓိပ္ပါယ်တွေ ဆင်ခြင်ဖို့ ရတာပါ။ ဘဝရထားလျှင် ထောက်တည်ရာရှိရမည်။ ဆွဲကိုင်စရာရှိရမည်။ ဦးတည်ချက်ရှိရပါမည်။
မိမိကိုယ်တိုင် လောကီအလုပ်ဖြစ်ဖြစ်၊ လောကုတ္တရာအလုပ်ဖြစ်ဖြစ်၊ လုပ်နေတဲ့ အလုပ်တွေဟာ ပုထုဇဉ်တို့စရိုက်အရ ပေါ့ပေါ့တန်တန်၊ မေ့မေ့လျော့လျော့နှင့် ဘဝခရီးကို လျှောက်နေတာပါ။ အရေးကြီးဆုံးက သတိအား၊ ဝီရိယအားနဲ့ ဘဝခရီးကို လျှောက်ရပါမည်။ ဒါဟာ ပုထုဇဉ်နှင့် ကလျာဏပုထုဇဉ် ကွဲပြားတာပါ။ သတိအားနှင့် ဝီရိယအားကိုယူ၊ ဝိပဿနာပညာကိုရှာဖွေ၊ သမာဓိအားဖြစ်တဲ့ သမထဘာဝနာကို ပွားများရမည်။ ပြီးတော့ သံသရာမှ ထွက်ကြောင်းတရားကို ဦးတည်ရပါမည်။ မိမိကိုယ်တိုင် သိနားလည်ပြီး သေသေချာချာ ဦးတည်မှ တည့်တည့်မတ်မတ် သွားနိုင်မှာပါ။ သွားနိုင်မည့်လမ်းကို “မဂ္ဂ” ခေါ်ပါတယ်။ ဗုဒ္ဓဘာသာများဖြစ်လို့ ဒီစကားတွေ ထပ်တလဲလဲ ကြားဖူးသော်လည်း တစ်ခုစီ၏ အဓိပ္ပါယ်ကို ပိုင်းပိုင်းခြားခြား မသိပါ။ အခုသိပါပြီ။ သတိအား၊ ဝီရိယအားနှင့် ပညာတွေတိုးအောင် ကြိုးပမ်းရပါမည်။ ဒီလို သင်ပေးနေတာသည် နားလည်ဖို့ အလွန်ခက်သော ဓမ္မသဘာဝများကို နားလည်နိုင်အောင် လောကီ၊ လောကုတ္တရာပညာ အခြေခံ(၂)ခုကို သုံး၍ “ပညာကို စနစ်သစ်နှင့် သင်နေတာပါ” ။
အာကာသအကြောင်း၊ နေအကြောင်း၊ လအကြောင်းသင်နေတာသည် အလဟဿ မဟုတ်ပါ။ ဩကာသအကြောင်း နားလည်ဖို့၊ ဩကာသလောကသည် တည်ရာ မြေကြီးနှင့် တူပါတယ်။ သူ့ကို ခိုင်တယ်၊ မာတယ်၊ မြဲတယ်လို့ သိပ္ပံဆရာတွေ ပြောပေမယ့် ဘယ်ပစ္စည်းမှ မမြဲပါ။ ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာ သူ (၂၄) နာရီ တစ်ပတ်လည်နေတယ်။ ကမ္ဘာသည် နေကို ဗဟိုချက်ပြု၍ အာကာသထဲမှာ ပြေးနေတာပါ။ တစ်နာရီကို မိုင်ပေါင်း (၆၆၀၀၀)ဖြင့် မိမိနင်းထားသော မြေကြီးသည် အာကာသထဲ ပြေးနေတာပါ။ ပြေးနေမှန်း ပုထုဇဉ်တို့ မသိပါ။ ပညာရှိမှ သိတာပါ။
ဒီလို နေကို ဗဟိုပြုပြီး ကမ္ဘာက သွားနေတာ တစ်နာရီကို မိုင်ပေါင်း (၆၆၀၀၀) ရောက်ပြီး တစ်နှစ်ကို တစ်ပတ် ပတ်ပါတယ်။ နေနှင့် ဂြိုလ်အဖွဲ့ကို စကြဝဠာခေါ်တယ်၊ စကြဝဠာ လည်တာက ပိုမြန်ပါတယ်။ ကမ္ဘာက စက်ဝိုင်းပတ် ပတ်နေသလို စကြဝဠာကလည်း လှည့်နေ၊ ပတ်နေတာပါ။ စကြဝဠာပြေးနှုန်းက တစ်နာရီကို မိုင်ပေါင်း လေးကုဋေ – ငါးကုဋေ နှုန်းနှင့် ပြေးနေတာပါ။ စကြဝဠာတွေစုဝေးနေတဲ့ မဟာစကြဝဠာ (Galaxy) လှည့်တာသည် ပိုမြန်ပါတယ်။ ဩကာသကြီးတစ်ခုလုံးက အလွန်ပြင်းစွာ လျှင်မြန်သော အရှိန်နှင့် သွားနေတာပါ။
ကမ္ဘာမြေပြင်ပေါ်မှာ လူတွေ၊ နတ်တွေ၊ တိရစ္ဆာန်တွေ၊ သတ္တဝါတွေ တင်ပြီးတော့ ကမ္ဘာကြီးက ပြေးနေတာပါ။ မိမိရပ်တည်နေသော ကမ္ဘာက မမျှော်မှန်းနိုင်လောက်အောင် လျှင်မြန်သောနှုန်းနှင့် သွားနေတာပါ။ သွားနေတယ်ဆိုတာကိုက “ခရီးသည်”ပါ။ ခရီးသည်ဟာ မိမိခရီးသွားနေမှန်းကို မသိပါ။ သံသရာခရီးဟာ ဒီလိုကို မြန်ပါတယ်။ အားအလွန်ကြီးပါတယ်။ မြေကြီး လည်နေသလို သံသရာစက် လည်နေတာကို မသိပါ။ သံသရာစက်ကြီး အရှိန်လည်းမြန်တယ်၊ အလွန်လည်း လည်တယ်ဆိုတာ သိအောင် ဘုရားရှင်က ပညာပေးတာပါ။
ကမ္ဘာကြီးက နေကိုပတ်တာ တစ်နှစ်ကြာပါတယ်။ ဒီလိုပတ်ခဲ့တာ နှစ်သန်းပေါင်း (၄၅၀၀) ရှိပါပြီ။ သတ္တဝါတွေနေခဲ့တဲ့ သံသရာကလည်း ဒီစကြာဝဠာနှင့် နှိုင်းစာလျှင် ဒီထက်ရှည်ပါတယ်။ ဒါတွေဟာ ပညာနှင့်ဆင်ခြင်ရတာပါ။ ပညာတွေ တတ်ထားတော့ ဒီခန္ဓာဟာ နှစ်(၁၀၀)အတွင်း ဒီမြေပေါ်မှာနေပြီး မြေကြီးသယ်ရာနောက်ကို လိုက်ပါနေတာလည်း မသိပါ။
သံသရာလည်တဲ့ ခရီးမှာ ကိုယ်နှင့်စိတ်နှင့် သွားနေရတာပါ။ ကိုယ်ဆိုတဲ့ ကိုယ်က အလုပ်တွေ လုပ်နေရပါတယ်။ ကိုယ်ခန္ဓာလုပ်နေတဲ့ အလုပ်ကို ကိုယ်မသိပါ။ မိမိရင်ဘတ်ကို လက်နှင့်ဖိထားလျှင် နှလုံးခုန်သံ ကြားပါတယ်။ ကြားတာပဲရှိပြီး ပညာမပါတော့ ဘယ်လောက်ခုန်နေမှန်း မသိပါ။ တစ်မိနစ်မှာ အကြိမ် (၇၀)၊ ၂၄နာရီမှာ အကြိမ်ပေါင်း (၁၀၀၈၀၀)၊ တစ်ခါညှစ်ရင် သွေး ၂အောင်စခွဲ၊ အကြိမ် (၁၀၀၈၀၀) ညှစ်ထုတ်လိုက်လျှင် ဂါလံ(၂၀၀၀)။ ရင်ဘတ်ထဲကနေ နှလုံး ဒီလို အလုပ်လုပ်နေလို့ သွေးတွေက လှည့်ပတ်နေတာ၊ လှည့်ပတ်နေလို့ ခန္ဓာကိုယ် ရှင်တာပါ။ ဒါသည် အမှန်တရား။ သို့သော် အမှန်တရားကို မသိပါ။
ဒီလိုသွားနေတဲ့ ရူပက္ခန္ဓာကြီး၊ ကလာပ်စည်းတွေနှင့် တည်ဆောက်ထားတာပါ။ ကလာပ်စည်းတွေဟာ ကုဋေတစ်သိန်းကျော် ရှိပါတယ်။ ကုဋေတစ်သိန်းကျော်သော ကလာပ်စည်းတို့သည် စက္ကန့်တိုင်း (၅)ကုဋေ ပျက်နေပါတယ်။ ပျက်နေတဲ့ (၅)ကုဋေကို ကလာပ်စည်းအသစ် (၅)ကုဋေနဲ့ အစားထိုးရပါတယ်။ ဒီလို အစားထိုးနိုင်လို့ ရှင်နေတာပါ။ မိမိပိုင်ထားတယ်လို့ ထင်နေတဲ့ ငါ့ကိုယ်၊ ငါ့ခန္ဓာကြီးဟာ သူ့ဟာသူ အလုပ်လုပ်နေရတာပါ။ ဒီအလုပ်တွေ လုပ်နေမှန်း “ငါ” က မသိပါ။ သို့သော် ဘာမှမသိတဲ့ “ငါ”က ဆရာလုပ်နေတာပါ။ ကိုယ်ခန္ဓာအကြောင်းလည်းမသိ၊ စိတ်အကြောင်းလည်း မသိပါ။ စိတ်ကလေးတွေ ဖြစ်တယ်၊ ပျက်တယ်။ စိတ်တစ်ခု၏ ဖြစ်၊ တည်၊ ပျက်၊ ခဏ (၃) ချက်။ စကားနားထောင်နေလို့ စကားတစ်ခွန်း နားလည်တယ်ဆိုတာ မြောက်များစွာသော အလုပ်တွေ လုပ်တာပါ။
လူတို့အသိနှင့် ဒေသနာက ပြောတာက မျက်စိတမှိတ်မှာ ကုဋေတစ်သိန်း၊ ခဏငယ်ပေါင်း ကုဋေတစ်သိန်း။ ဝိညာဏ ဇာတ်တစ်ခုဖြစ်ချိန်=၁/ကုဋေတစ်သိန်း ဝိညာဏဓာတ် ဖြစ်တဲ့ ကုဋေတစ်သိန်းထဲက (၁) ဟာ နာမ်ဓာတ်ဖြစ်တာပါ။ နာမ်ဓာတ်ကလေးတွေ တွက်တော့ 4 Femtosecond ကြာပါတယ်။ ဒီလောက်ထိအောင် သဘာဝတရားတွေကို ပြောနိုင်တာပါ။ ဖြစ်၊ တည်၊ ပျက်နှုန်း ဘယ်လောက်မြန်တယ်ဆို 4 Femtosecond =၁/ကုဋေပေါင်း ၁၀ကုဋေ ၊ အနိစ္စ မမြဲတာသည် Femtosecond ။ ဒါသည် ကိန်းဂဏန်းက ပြောတာပါ။ ကိန်းဂဏန်းက ပြောတော့ တိတိကျကျ အာရုံယူတတ်လာပါတယ်။ ဒါသည် မိမိဘဝ၏ သံသရာလည်နေတဲ့နှုန်းကို ပြောတာပါ။ တစ်ချက်ကို Femtosecond နှင့် သံသရာခရီးကို သွားနေတာပါ။ ပညာနှင့်ပြောမှ ဘယ်လောက်မြန်မှန်း သိရပါတယ်။ အနိစ္စလို့ရွတ်နေတဲ့ အနိစ္စ ဘယ်လောက်မြန်လဲဆိုတာ တွက်တတ်ဖို့ မိမိစိတ်ကလေးတစ်ချက် ဖြစ်၊ တည်၊ ပျက် တစ်ချက်သည် 4 Femtosecond ပါ။ ဒါတွေဟာ ကိန်းဂဏန်းနှင့် ပြောနိုင်သောခေတ် ရောက်လာသောအခါ အဓိပ္ပါယ်ကို တိတိကျကျ ပိုင်းပိုင်းခြားခြား သိလာတာပါ။
ကိန်းဂဏန်း ဘယ်လောက်အရေးကြီးလဲဆိုတာ ကလေး နေမကောင်းလို့ ရှေးတုန်းက နဖူးစမ်း၊ ခြစ်ခြစ်တောက် ပူနေတယ်လို့ပြောတယ်။ သာမိုမီတာပေါ်လာတော့ 98.CႚF ထက်ပိုလျှင် ကိုယ်ပူပြီ။ 100ႚF ဆိုလျှင် ပို၍ပူနေပြီ၊ ဒါဟာကိန်းဂဏန်းပါလို့ တိတိကျကျ ခန့်မှန်းနိုင်တာပါ။ နေ့အပူချိန် 41 ဆိုတာတွေဟာလည်း ပူပုံအရှိန်ကို ကိန်းဂဏန်းနှင့် ပြောတာ၊ ဒါသည် ပညာပါ။
ဒီလို စိတ္တက္ခဏ တစ်ခုဟာ 4 Femtosecond ထိအောင် မြန်ပါတယ်။ အနိစ္စ၏ လက္ခဏာကို တွက်ပြတဲ့ ကိန်းဂဏန်းပါ။ နာမ်ဓာတ်အလုပ်လုပ်နေတဲ့ အနိစ္စပါ။ 4 Femtosecond, second ဆိုတာ ဖြစ်၊ တည်၊ ပျက် ခယဝယသာမဂ္ဂီ၏ ကြာမြင့်မှု အချိန်ကိုတွက် တတ်ပါတယ်။ ဒါသည် ဒေသနာမယပညာ၏ နက်နဲမှု၊ သိမ်မွေ့မှုကို ကိန်းဂဏန်းနှင့်တကွ ပြောနေတာပါ။ ဒီလိုပြောတော့ နာသူ၊ ကြားသူတို့ အဓိပ္ပါယ်ကို တိတိကျကျ ပိုင်းပိုင်းခြားခြား ဖော်ပြနိုင်ပါတယ်။ အနိစ္စလို့ရွတ်၊ ဒုက္ခလို့ရွတ်၊ အနတ္တလို့ရွတ်ပေမယ့် ကိန်းဂဏန်းနှင့်တကွ၊ မပြောနိုင်လျှင် ရွတ်တာသာရှိမည်။ ရူပက္ခန္ဓာ၏ အနိစ္စကိုလည်း ကိန်းဂဏန်းနှင့် ပြောတဲ့ခေတ်၊ နာမက္ခန္ဓာ၏ အနိစ္စကိုလည်း ကိန်းဂဏန်းနှင့် ပြောတဲ့ခေတ်ပါ။ ဖြစ်၊ တည်၊ ပျက်ကို နိစ္စလို့ပြောနေတာပါ။ အနိစ္စလို့ပြောတာသည် ခန္ဓာကိုယ်ကြီး ၂၄ နာရီမှာ နှလုံးလေးက အကြိမ်ပေါင်း တစ်သိန်းရှစ်ရာ သွေးညှစ်ထုတ်နေရတာ၊ တခါထွက်လျှင် တခါအနိစ္စ၊ ဒါသည် ရပ်လို့လည်းမရ၊ နားလို့မရ အမိဝမ်းတိုက်မှာ ပဋိသန္ဓေတည်ကတည်းက ဒီနှလုံးက အလုပ်လုပ်လာတာပါ။ အခုအထိလည်း လုပ်နေရဆဲပါ။ အနိစ္စကိုလည်း ကိန်းဂဏန်းနဲ့သိ၊ ဒုက္ခဆိုတဲ့ သဘောကလည်း ရပ်လို့မရတဲ့ သဘောကို သိစေချင်လို့ပါ။ ဒါဟာ ဘဝအဓိပ္ပါယ်ကို ပြောနေတာပါ။ ရှင်မှု ရှင်ရေးအတွက် အလုပ်လုပ်နေရတာ ဘယ်လောက်များတယ်ဆိုတာ ပြောတာပါ။ သံသရာဆိုတာ ဒီလို လျှောက်နေရတာပါ။ သတ္တဝါတိုင်း “ငါ” လျှောက်တယ်လို့ ထင်ပေမယ်လို့ ဓာတ်တွေ လျှောက်နေတာပါ။ ရုပ်ဓာတ် နာမ်ဓာတ်တွေ အလုပ်လုပ်ရင်း လျှောက်တာပါ။ အလုပ် = သင်္ခါရသည် အနိစ္စနှင့် အလုပ်လုပ်တာပါ။ အနိစ္စဘယ်လောက်မြန်တယ်ဆိုတာ Femtosecond နှင့် တွက်ကြည့်ပါ။
ဒီပညာတွေဟာ သင်လို့ရှိရင် အလွန့်အလွန် ကျယ်ဝန်းနက်နဲပါတယ်။ ဒါတွေကို သင်ပေးတာသည် ဒေသနာမှာပါသော ဓမ္မသည် အနိစ္စလို့ ရွတ်တတ်ရုံ၊ ဒုက္ခလို့ရွတ်တတ်ရုံ၊ အနတ္တလို့ရွတ်တတ်ရုံ သင်တာမဟုတ်ပါ။ သဘာဝတရားတွေ အလုပ်လုပ်ပုံကို သိအောင်၊ မြင်အောင် သင်ပေးတာပါ။ သိဖို့မြင်ဖို့အတွက် ယခုခေတ် ကိန်းဂဏန်းနှင့် ပြောတဲ့အခါ ပို၍ ပြတ်ပြတ်သားသား ထင်မြင်လာတယ်။ သိလာပါတယ်။ ဒီအဖြစ်မျိုးကိုရတာ အလွန် ကံကောင်းပါတယ်။ ဆက်၍ဆက်၍ ဒီပညာမျိုး မိမိသဏ္ဍာန်မှာ စွဲမြဲနေအောင် သတိအား၊ ဝီရိယအား၊ ပညာအားနှင့် ကြိုးစားရပါမည်။ ထောက်တည်ရာရအောင် ကြိုးစား၊ ဆွဲကိုင်စရာရအောင် ကြိုးစား၊ ဦးတည်ချက်ကို သေသေချာချာ မြင်အောင်ကြည့်ပါ။ ဒါဟာ ကလျာဏပုထုဇဉ်တို့၏ အလုပ်ပါ။
အားလုံးသော ဓမ္မမိတ်ဆွေတွေ အခုလို သမ္မာသမ္ဗုဒ္ဓဟောကြားခဲ့တဲ့ ဓမ္မ၏ အနှစ်သာရဟာ ဒါပါပဲ။ ရတနာကို ရတနာမှန်းသိပြီး လိုလိုလားလား၊ မြတ်မြတ်နိုးနိုး သိမ်းပိုက်နိုင်သော သူတော်ကောင်းများ ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
သာဓု သာဓု သာဓု